ရခိုင်တွင် နှစ်ဘက်အပစ်ရပ်ထားသည်မှာ တစ်လကျော်ကြာနေပြီဖြစ်သော်လည်း ဆေးဝါးသယ်ယူခွင့်များကို စစ်ကောင်စီက ကန့်သတ်တားမြစ်ထားဆဲဖြစ်သည်ဟု ရခိုင်ပြည်သူများက ဆိုကြသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်တပ်တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က နှစ်ဘက်အပစ်ရပ်လိုက်ကြပြီးနောက် စစ်ကောင်စီ ပိတ်ဆို့တားမြစ်ထားသည့် လမ်းများကို ပြန်ဖွင့်ပေးသော်လည်း ဆေးဝါးသယ်ယူခွင့်များကို တားဆီးထားခြင်းဖြစ်သည်။
အဆိုပါ ဆေးဝါးသယ်ယူခွင့်များကို အေအေနှင့် တိုက်ပွဲများ ပြင်းထန်နေချိန် သြဂုတ်လမှစတင်ကာ ယနေ့အချိန်ထိ တားမြစ်ကန့်သတ်ထားသဖြင့် ရခိုင်ပြည်သူများ ဆေးဝါးကုသခွင့်၊ ဆေးဝါးဝယ်ယူ သောက်သုံးခွင့်များ ဆုံးရှုံးနစ်နာနေကြကြောင်းလည်း ပြောသည်။
” အစကပင် ဆေးဝါးဝယ်ယူဖို့ အခက်အခဲဖြစ်နေတာပါ။ အခုဆိုရင် လိုချင်တဲ့ ဆေးဝါးတွေကို ရှာမရတော့ဘူး။ အရင်လို INGOs တွေကိုလည်း အားကိုးလို့ မရတော့ဘူး” ဟု ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဆေးဝါးသယ်ယူခွင့်များကို ရခိုင်ပြည်တွင်း တစ်မြို့နယ်မှတစ်မြို့ နယ်တွင်သာမက ရန်ကုန်မှ ရခိုင်သို့လည်း သယ်ယူခွင့်မပေးသည့်အပြင် စစ်ကောင်စီကျန်းမာရေးဌာနက တရားဝင်ထုတ်ပေးသည့် ဆေးဝါးများကို သယ်ယူရန်အတွက် အဆင့်ဆင့်ခွင့်ပြုချက်တင်ရသည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းက အတည်ပြုပြောကြားသည်။
ထို ကန့်သတ်တားမြစ်ထားသည်မှာ ရခိုင်လုံနယ်ဝန်ကြီး၏ အမိန့်ဖြစ်ပြီး သူ့အား ငွေကြေးလက်ဆောင်ပေးပါက ခွင့်ပြုချက်အချို့ကို ပေးနေကြောင်းလည်း ဆိုကြသည်။
” ဆေးရုံအတွက် ဆေးတွေကို ဆေးရုံသို့ သယ်မှာကိုတောင် စာရင်းအတိအကျနဲ့ ခွင့်ပြုချက်တင်ထားတာ ကြာနေပါပြီ။ ပြည်မက ဆေးကုမ္ပဏီကြီးတချို့ကိုတော့ လုံနယ်က ခွင့်ပြုပေးတာတော့ရှိတယ်” ဟု ပြည်နယ်ကျန်းမာရေးဌာနမှ အရာရှိတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင် နိုင်ငံတကာလူသားချင်စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့များက ဆေးဝါးကုသခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပေးနေခဲ့သည်ကိုလည်း စစ်ကောင်စီက တားမြစ်ထားသဖြင့် ယနေ့အထိ ရပ်တန့်ထားရကြောင်း ထိုအဖွဲ့များက ဆိုသည်။
ရခိုင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဆေးဝါးကုသမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် စစ်ဘေးရှောင်တစ်သိန်းကျော်နှင့် ရိုဟင်ဂျာဒုက္ခသည်တစ်သိန်းကျော်အထိ ရှိနေသေးသည်။
ထိုကဲ့သို့ သိန်းနှင့်ချီသည့် ဒုက္ခသည်များအပြင် မောင်တောခရိုင်အပါအဝင် ရခိုင်ပြည်နယ်ရှိ ပိတ်လောင်ခံရိုဟင်ဂျာအားလုံးနီးပါးမှာ နိုင်ငံတကာ လူသားချင်စာနာထောက်ထားမှု အကူအညီများဖြင့်သာ ရပ်တည်နေကြရသူများ ဖြစ်သည်ဟု ဆိုကြသည်။
ထိုကြောင့် စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်ကန့်သတ်တားမြစ်ထားသဖြင့် ကူးစပ်ရောဂါ ဖြစ်ပွားမှုများ ပိုမိုများပြားလာနိုင်ကြောင်းလည်း နိုင်ငံတကာ လူသားချင်စာနာထောက်ထားမှု အဖွဲ့များက ထုတ်ပြန်ထားသည်။