ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို အတင်းအဓမ္မနေရပ်ပြန်ပို့ရန် ပြည်နယ်စစ်ကောင်စီက စီစဥ်နေသည်ဟု စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်းများနှင့် စစ်ဘေးရှောင်များက ဆိုကြသည်။
အဆိုပါ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် ပြည်နယ်စစ်ကောင်စီက စစ်ဘေးရှောင် စခန်းတာဝန်ခံများကို ဖိအားပေး စာရင်းကောက်ခိုင်းခြင်းနှင့် ထွေအုပ်ဝန်ထမ်းများကိုပါ ဖိအားပေးစာရင်းကောက် စည်းရုံးပြောဆိုခိုင်းခြင်းများလည်း ပြုလုပ်ခိုင်းနေသည်ဟု အတည်ပြုပြောကြားသည်။
” ပြည်နယ်ညွှန်ကြားချက်ဆိုပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် နေရပ်ပြန်မယ်ဆိုပြီး အတင်း စာရင်းကောက်ခိုင်းနေတာပါ။ နေရပ်ပြန်ဖို့ စာရင်းပေးတဲ့ အိမ်ထောင်စုအလိုက်၊ လူဦးရေအလိုက်၊ စခန်းအလိုက် စာရင်းကောက်ခိုင်းနေပါတယ်” ဟု မြောက်ဦးမြို့နယ်မှ ထွေအုပ်ဝန်ထမ်းတစ်ဦးက MPA သို့ ပြောသည်။
ထို့ကြောင့် မြောက်ဦးခရိုင်အတွင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု တစ်ထောင်ကျော်ခန့်ကို နေရပ်ပြန်ပို့ရန် စာရင်းပြုစုထားပြီး မကြာခင် အတင်းအဓမ္မပြန်ပို့ရန် ရှိကြောင်းလည်း ထိုထွေအုပ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာအချို့က အတည်ပြုပြောကြသည်။
စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့ရန် ပြည်နယ်စစ်ကောင်စီက စီစဥ်နေပြီး မဖြစ်မနေ နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်စစ်ကောင်စီက အတည်ပြုပြောကြားသည်။
“ဘယ်လမှာ အပြီးရွေ့မယ်ဆိုတာတော့ မရှိသေးဘူး။ သို့သော် ဒီပွင့်လင်းရာသီမှာ ပို့သွားဖို့ရှိတယ်” ဟု ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက MPA သို့ ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA )နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်ရခိုင်တိုက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ၂၆ ရက်နေ့က ရုတ်တရက် ယာယီအပစ်ရပ်လိုက်ကြသော်လည်း စစ်ကောင်စီက စစ်ဘေးရှောင်များအား လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့် မပြုသေးကြောင်း စစ်ဘေးရှောင်များနှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများက ဆိုကြသည်။
ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ရိက္ခာ စစ်သည်အင်အားများကို စစ်ကားကြီးများ၊ နေဗီများ၊ စစ်ရဟတ်ယာဥ်များဖြင့် ပို့ဆောင်ဖြည့်တင်းနေသည့်အပြင် စစ်စခန်းအသစ်များ တည်ဆောက်ခြင်း များလည်း ပြုလုပ်နေသဖြင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံပြည်သူများနှင့်စစ် ဘေးရှောင်များက ဆိုကြသည်။
ထိုကဲ့သို့ နေရပ်ပြန်မည့် ကျေးရွာများနှင့် ကျေးရွာအနီး ပတ်ဝန်းကျင်အတွင်း မြေမြုပ်မိုင်းများနှင့် စစ်လက်နက် အကြွင်းအကျန်များလည်း ရှိနေသေးသဖြင့် ထိုဘေးအန္တရာများကိုလည်း စိုးရိမ်နေကြရသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
ရခိုင်တွင် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ခဲ့သည့် ရခိုင်စစ်ပွဲမှ ယနေ့အထိ စစ်ဘေးရှောင်ပေါင်း နှစ်သိန်းကျော်အထိရှိနေပြီး အချို့ကျေးရွာများမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခြင်း၊ တပ်စခန်းများ တည်ဆောက်ပြုလုပ်ခြင်းများကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် လုံးဝမဖြစ်နိုင်တော့ဟုလည်း ဆိုကြသည်။