စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီစစ်ကြောင်းက နှစ်ရက်အတွင်း ပြည်သူ ၁၀ဦးကို သတ်ဖြတ်ခဲ့ပြီး ရှားတောကျေးရွာနှင့် တောင့်တင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(ဧပြီ ၆ရက်)၊ မနက် ၁၀နာရီခန့်တွင် ရွှေဘိုမြို့ပေါ်က အင်အား ၈၀ခန့်ဖြင့်ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရှားတောကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူ ၄ဦးအားသတ်ပြီး ရွာအားမီးရှို့ခဲ့ကြောင်း WAPF မှ ဦးပေဆူးက MPA ကို ပြောသည်။
” သူတို့ ( စစ်ကောင်စီစစ်ကြောင်း )က ရွာထဲကို မဝင်ခင် ဒရုန်းနဲ့အရင်ချတာ၊ အဲဒီမှာ အမျိုးသမီး ၂ဦးထိပြီး အိမ်ပေါ်မှာတင် ဆုံးသွားတာ၊ ရွာထဲဝင်တော့ အမျိုးသား၂ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ် ” ဟု ဦးပေဆူးကပြောသည်။
ထို့အတူ ယင်းစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၅ရက်နေ့ကလည်း တောင်တင်းကျေးရွာကို ဝင်ရောက်ကာ ပြည်သူ ၆ဦးသတ်ဖြတ်ခဲ့ပြီး သံဃာတော်တစ်ပါးကို ဖမ်းဆီးသွားကာ ကျေးရွာကိုလည်း မီးရှို့ခဲ့ကြောင်း ဦးပေဆူးကပြောသည်။
” တောင့်တင်းရွာ ဘုန်းကြီးက ပြည်သူတွေကို မသတ်ပါနဲ့ဆိုပြီး ဝင်တားတာကို ဖမ်းသွားတာ၊ ဘုန်းကြီးကျောင်းက ကားကိုလည်း စစ်ကြောင်းက ယူသွားတယ်။ အခုထိ ပြန်လွှတ်ပေးတယ်တော့ မကြားမိဘူး” ဟု ၎င်းကပြောသည်။
ရှားတောကျေးရွာသည် အိမ်ခြေ ၄၀၀ခန့်ရှိကာ ယမန်နေ့ ( ဧပြီ ၆ရက် ) ည ၁၀နာရီခန့်အထိ မီးလောင်ကျွမ်းလျက်ရှိကြောင်း အမည်မဖော်လိုသည့် ရွှေဘိုမြို့နယ် စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
” တိုက်ပွဲဘာညာရှိတယ်လို့တော့ ကျတော်တို့မကြားမိပါဘူး။ ဒီတိုင်းကြီး ရည်ရွယ်ချက်ရှိရှိနဲ့ကို ဝင်ရှို့တာ၊ တစ်ရွာလုံးလဲ ကုန်ပြီ၊ အိမ် ၆လုံးလောက်ပဲ ကျန်တော့တယ်။ ညနက်တဲ့အထိ မီးကမငြိမ်းနိုင်သေးဘူး ” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းကြောင့် ရွှေဘိုမြို့နယ် ရှားတောကျေးရွာ ၊ တောင်တင်းကျေးရွာ အပါအဝင် ကျေးရွာ ၅ရွာခန့်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကာ မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများလိုအပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။