တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း Dawei Watchက ယနေ့ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက် ( ဒီဇင်ဘာ ၁၁ ရက် ) ညနက်ပိုင်း၌ Dawei Watch သတင်းဌာန၏ သတင်းထောက်များဖြစ်သော ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့၏ နေအိမ်များသို့ စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
” ဖမ်းတာက စစ်တပ်ရဲနဲ့ အဖွဲ့စုံပါတယ်။ ဘာသတင်းကြောင့်ဖမ်းတယ်ဆိုတာ မသိရဘူး။ အင်အားများတယ်လို့ မိသား စုဝင်တွေက ပြောတယ်။ သတင်းသမားတွေ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ သတင်းရေးသားတာက ပြစ်မှု မဟုတ်ပါဘူး။ အဲ့ဒါကိုတရားလက်မဲ့ ဖမ်းဆီးတာမျိုး မလုပ်ဖို့ပြောချင်ပါတယ် “ ” ဟု Dawei Watch အယ်ဒီတာချုပ်က ပြောသည်။
ဖမ်းဆီးခံရချိန်တွင် သတင်းဌာနပိုင် Laptopနှစ်လုံး အပါအဝင် သတင်းထောက်များနှင့် မိသားစုဝင်များ၏ လက်ကိုင် ဖုန်းများကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။
သတင်းရေးသားခြင်းသည် ပြစ်မှုကျူးလွန်ခြင်းမဟုတ်သည့်အတွက် ဖမ်းဆီးပိုင်ခွင့်မရှိကြောင်း၊သတင်းထောက်များ ကို ညသန်းခေါင်အချိန်တွင် ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးသွားကာ မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့်အတွက် သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် Dawei Watch ဌာန၏ အယ်ဒီတာအဖွဲ့က တောင်းဆိုထားသည်။
” အာဏာသိမ်းပြီးကတည်းက ကျတော်တို့လို့ သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါဟာ လုံး၀ မဖြစ်သင့်တဲ့ အမှားကြီးပါ၊ သတင်းထောက်က ရာဇဝတ်မှုကျူးလွန်နေသူ မဟုတ်ပါဘူး။ စစ်ကောင်စီက သူတို့ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်တာတွေနဲ့ ပတ်သက်ပြီးကမ္ဘာကို ကွယ်ဝှက်ထားချင်တဲ့ အချိန်မှာ သတင်းထောက်တွေက သတင်းရေးသားဖော်ပြနေတာတွေဟာ သူတို့အတွက် အန္တရာယ်ကြီးဖြစ်နေတော့ အရင်ကထက်ပိုပြီး ပစ်မှတ်ထား ဖမ်းဆီးနေတာကိုလည်း တွေ့ရပါတယ်” ဟု လွတ်လပ်သော မြန်မာသတင်းစာ ဆရာများ အစည်းအရုံး (IMJA)မှ ဒုဥက္ကဌ ကိုနိုင်က ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင်းဦးတို့ တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက စစ်ကောင်စီ တွင် တာဝန်ရှိပြီး၊ တစ်ချိန်တွင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်ဖို့လိုအပ်ကာ၊ လက်ရှိ IMJA အနေဖြင့် ဖမ်းဆီးခံထားရသည့် သတင်းထောက်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၌ မြန်မာနိုင်ငံ၌ ဖမ်းဆီးထောင်ချခံရသည့် သတင်းသမား ၃၀ ဦးရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် မြန်မာသတင်းထောက် ၄၂ ဦးထက်မနည်း ထောင်ချခံခဲ့ရသည်ဟု နယူးယောက်အခြေစိုက် သတင်းသမား များ ကာကွယ်ရေးကော်မတီ (CPJ) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာသတင်းသမားများ မှတ်တမ်းပြုလုပ်ထားသည့် စာရင်းများအရ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီး ခံရသည့် သတင်းသမား ၁၅၁ ယောက်ရှိခဲ့သည့်အပြင် သုံးဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကာ၊ သတင်းမီဒီယာ ၁၃ ခုအား ထုတ်ဝေခွင့်ရပ်နားခဲ့ကြောင်း သိရသည်။