နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပေါ် စွဲဆိုထားသည့် အမှုအချို့မှ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ယနေ့ သြဂုတ်လ ၁ ရက်နေ့ (ဒုတိယ ဝါဆိုလပြည့်) မှာ စစ်ကောင်စီ၏ ရုပ်သံမီဒီယာများမှ ကြေညာခဲ့ကြောင်း သိရသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီမှ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ထား သည့် အမှုများအနက် ရာဇဝတ်မှုကြီး အမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီး အမှတ် ၃၇/၂၀၂၁၊ ရာဇဝတ်မှုကြီး အမှတ် ၇၁/၂၀၂၁၊ ရာဇဝတ်မှုကြီး အမှတ် ၃၈/၂၀၂၁၊ ရာဇဝတ်မှုကြီး အမှတ် ၄၅/၂၀၂၁ အမှုများကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ အမိန့်အမှတ်၊ ၄၈/၂၀၂၃ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
သမ္မတ ဦးဝင်းမြင့်အပေါ် စစ်ကောင်စီမှ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ထားသည့် အမှုများအနက် ရာဇဝတ်မှုကြီး အမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီး အမှတ် ၃၆/၂၀၂၁ အမှုနှစ်မှုကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ အမိန့်အမှတ်၊ ၄၉/၂၀၂၃ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယခု ထုတ်ပြန်ချက် မထွက်မီ အချိန်က အသက် ၇၈ နှစ်အရွယ် ရှိခဲ့ပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဘက်မှ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်အထိ ကျမှတ်ထားခြင်း ဖြစ်ပြီး ယခု လွတ်ငြိမ်းသက်သာအရ အမှုပေါင်း ငါးခုမှာ ပြစ်ဒဏ်လျော့ပေါ့ခဲ့သော်လည်း အမှုပေါင်း ၁၄ မှု ကျန်ရှိနေသေး ကြောင်း သိရသည်။
ထို့အပြင် ယခု ထုတ်ပြန်ချက် မထွက်မီ အချိန်က သမ္မတ ဦးဝင်းမြင့်အပေါ် စစ်ကောင်စီဘက်မှ အမှုပေါင်း ၈ မှုဖြင့် ပြစ်ဒဏ်များ မတရား ချမှတ်ထားခဲ့ပြီး ယနေ့ ထုတ်ပြန်ချက်အရ အမှု နှစ်ခုသာ လွတ်ငြိမ်းသက်သာပေးခဲ့သည့်အတွက် ကျန် အမှုများကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။
စစ်ကောင်စီအနေနှင့် အမှုအချို့မှ ပြစ်ဒဏ်လျော့ပေါ့ခဲ့သော်လည်း နှစ်ဦးစလုံးမှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။