ကရင်နီပြည်အတွင်း ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေးကျောင်းများတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် သင်ခန်းစာများကို ချန်လှပ်ပြီး မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသုံး ပညာရေးစနစ်ကို အသုံးပြုသွားမည်ဟု ကရင်နီပြည်အစိုးရ ပညာရေးဝန်ကြီးမှ ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ကြားကာလပညာရေးတွင် ကျောင်းသားလူငယ်များ၏ စိတ်ကူး ဉာဏ်ရည်ဉာဏ်သွေးနှင့် စွမ်းရည်မြင့်မားစေမှုကို ဦးစားပေး သင်ကြားပေးမှာဖြစ်ပြီး သမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်ကာ ပြင်ဆင်သင့်သည်များကို ဖြည့်စွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အခုကြားဖြတ်ကာလပညာရေးမှာဆိုရင် ဖက်ဒရယ်ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့စာတွေဆို ကျောင်းသားတွေကို သင်ကြားပေးတော့မှာ မဟုတ်ပါဘူး။ အရင်က ကျွန်တော်တို့သိထားတဲ့ ကျောင်းသုံးစာအုပ်တွေထဲမှာ အထူးသဖြင့် သမိုင်းဘာသာရပ်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ သူတို့စာအုပ်ထဲမှာ ရေးသားထားတာတွေဟာ ဒေသခံတိုင်းရင်းသားတွေအတွက် လုံးဝကိုက်ညီမှုမရှိဘူးလေ။ အဲဒီအတွက် သမိုင်းဘာသာရပ်တခုကိုတော့ ကျွန်တော်တို့ချန်လှပ်ထားမယ်။ အဲ့နေရာမှာ အခြား လူမှုရေးအကြောင်းအရာတွေကို ပြန်လည်သင်ပြပေးမှာပါ။ မြန်မာ့သမိုင်းမှာဆိုရင်လည်း မြန်မာ့ခေါင်းဆောင်တွေ အကြောင်းမဟုတ်ဘဲနဲ့ တိုင်းရင်းသားဒေသမှာရှိတဲ့ ကိုယ့်ရဲ့သမိုင်းနဲ့ ကိုယ်ရဲ့လူမှုရေးတွေကို အစားထိုးပြီး သင်ပြပေးသွားမဲ့ပုံစံမျိုးပါ ’’ ဟု ကရင်နီပြည်အစိုးရ ပညာရေးဝန်ကြီး ခူးပလူးရယ်ကပြောသည်။
ကရင်နီပြည်နယ်အတွင်းရှိ ကြားကာလပြည်သူ့အခြေပြု အခြေခံပညာရေးအတွက် မိခင်ဘာသာစကားနှင့် အခြေပြုဘာသာစကားစုံသုံးပညာရေး (MTB-MLE) စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ယခုလို ကြားကာလ ပြည်သူ့အခြေပြုအခြေခံကျောင်းအား စာသင်ကြားပေးနေသော ကျောင်းဆရာ၊မများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။
“ ကျွန်တော်တို့က အခု KG ကနေစပြီး Grade 10 အထိပေါ့ မိခင်ဘာသာစကားတွေကို အခြေပြုသင်ပြပေးသွားဖို့ရှိပါတယ်။ စစ်ကောင်စီတွေဘက်ကလည်း ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာ ၊ ဆရာမတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်မှုတွေလုပ်တယ်။ ဆရာမတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ စာတွေသင်နေရတယ် ” ဟု ပညာရေးဝန်ကြီး ခူးပလူးရယ်က ပြောသည်။
ကရင်နီပြည်အတွင်း ကျောင်းသား ၊ ကျောင်းသူ ၉၀ရာခိုင်နှုန်းကျော်မှာ အကြမ်းဖက်စစ်ကောင်စီမှ ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် စာရင်းသွင်း တက်ရောက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ကရင်နီပြည်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။