MPA / လင်းနွေ
အခုဆို အာဏာသိမ်းတာ၂နှစ်ပြည့်ပြီ။ အာဏာသိမ်းစက လူထုပါဝင်မှု အင်အားကောင်းခဲ့ပေမယ့် အခုဆို တော်လှန်ရေးကို ထဲထဲဝင်ဝင်ပါဝင်တဲ့လူက အတော်နည်းပြီး တော်လှန်ရေးက အရင်လို အင်အားမကောင်းတော့ဘူး။ ကျွန်တော်တို့က တော်လှန်ရေးလုပ်နေတာဖြစ်တဲ့အတွက် စည်းရုံးရေးဆန်ဖို့ လိုတယ်။ ကျွန်တော်တို့က “ တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက် ” ဆိုတဲ့ပုံစံနဲ့ သွားဖို့လိုမယ်။
တကယ်က NUGကို သူတို့ရဲ့ပကဖ၊ ပအဖ ယန္တရား အဓိကလည်ပတ်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအထက်ပိုင်းကို အရင်ဆုံး ပြင်ဆင်စေချင်တယ်။ ဒါကြောင့် အနောက်မြောက်ဒေသကို ဦးစားပေး ရင်းနှီးမြှုပ်နှံသင့်တယ်။ အဲ့ဒီအတွက် မူဝါဒတစ်ခု အရင်ချဖို့လိုမယ်။ အဲ့ဒီတိုင်းဒေသတွေနဲ့ ထိစပ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေး ကောင်းကောင်းထူထောင်ပြီး လက်တွဲတိုက်နိုင်ရင် ဒီနှစ်ထဲမှာ အဲ့ဒီဒေသတွေကို စစ်ရေးထိန်းချုပ်နိုင်ဖို့ များတယ်။ ယောဒေသလောက် စစ်ရေးလှုပ်ရှားလို့ ကောင်းတာမရှိဘူး။ ဒါကိုတောင် စစ်ရေးထိန်းချုပ်နယ်မြေဖြစ်အောင် မလုပ်နိုင်သေးဘူး။ မြေပြန့်အတွက် စနိုက်ပါတပ်ရင်းနဲ့ လက်နက်ကြီးတပ်ရင်း ဖော်ဆောင်နိုင်ရင် စစ်ရေးအသာရလိမ့်မယ်။
NUG သာ ဖက်ဒရယ်နိုင်ငံတော် တကယ်ထူထောင်ချင်တယ်ဆိုရင် ၁၉၈၈ တုန်းက တည်ထောင်ခဲ့တဲ့ DAB (Democratic Alliance Burma) လို တိုင်းရင်းသားအဖွဲ့တွေနဲ့ တပ်ပေါင်းစုကို မူဝါဒခိုင်ခိုင်မာမာနဲ့ တွေ့ဆုံဖွဲ့စည်းနိုင်ဖို့လိုတယ်။ မာနယ်ပလောတုန်းကမူကို ပြင်ဆင်ဖြည့်စွက်ပြီး ပြန်သုံးလို့ ရနိုင်တယ်။ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးပွဲမှာ တစ်ဖွဲ့ကို ဘယ်နှစ်ချက်တင်ပြလို့ သတ်မှတ်ပြီး ဆွေးနွေးရေးဆွဲလို့ရတယ်။ ဒီလိုဆို တော်လှန်ရေးက မြန်မြန်ပြီးလိမ့်မယ်။
NUG မှာ လက်ရှိတာဝန်ယူထားတဲ့ အကြီးပိုင်းအများစုသည် အခုယူထားတဲ့နေရာတွေဟာ အရင်က သူတို့ အဲ့ဒီ နယ်ပယ်တွေကမဟုတ်လို့ မကျွမ်းတာကိုလုပ်နေရလို့ တော်လှန်ရေးခရီး ပိုမတွင်တာလည်း ပါတယ်။ ကဗျာဆရာကို ကာဝန်ခန့်ပြီး ခွန်ဘီထူးလိုလူကိုကျတော့ စစ်ရေးထဲမထည့်ဘဲ သယံဇာတတဲ့၊ အဲ့လိုအလွဲတွေ အများကြီး ရှိတယ်။ ဆေးဘက်က CDM ဝင်လာတဲ့ ဆရာဝန်တွေ အများကြီးကို အသုံးမချတတ်တော့ CDM ဆရာဝန် အများစု လွတ်မြောက်နယ်မြေမှာ တိုင်ပတ်နေရတယ်။ မီးရထား CDM တွေတုန်းကလည်း အဲ့လိုပဲ၊ သုံးတတ်ရင် အလယ်ပိုင်းဒေသကိုပို့နေတဲ့ စစ်တပ်ရဲ့ ရိက္ခာနဲ့ စစ်သည်အပြောင်းရွှေ့လမ်းကြောင်းက မီးရထားလမ်းပဲ၊ ဒါကို ထိန်းလို့ရတယ်။အခုတော့ မီးရထား CDM အများစုက ငတ်နေပြီး တစ်ချို့ အဆုံးပါစီရင်နေကြပြီ။ လူ့အရင်းအမြစ်တွေကို အလဟသဖြုန်းတီးနေသလိုပဲ။
NUG မှာ အထက်အောက်ဆက်ဆံရေး အရမ်းအားနည်းတယ်။ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှု၊ ဆွေးနွေးတိုင်ပင်မှု အားနည်းတယ်။ မြေပြင်နဲ့ ကင်းကွာတာကလည်း ပြဿနာတစ်ခုပဲ။ မြေပြင်မှာက နယ်မြေရှုပ်ထွေးမှုတွေ၊ Local အဖွဲ့တွေနဲ့ ပကဖ၊ ပအဖ ကြားက ပြဿနာတွေကို သူတို့အများစုက အောက်ခြေနဲ့ ကောင်းကောင်း အချိတ်အဆက်မမိ အောက်ခြေမှာမရှိဘဲ ခေါင်းဆောင်အများစုက အဝေးရောက်ဖြစ်နေတဲ့အတွက် သေချာမသိ ဖြစ်နေတယ်။ သူတို့နဲ့ ချိတ်မိတဲ့သူတွေပြောတာကို နားယောင်နေတယ်။ အမှန်အမှားကို ပြန်လှန် ထောက်လှမ်းနိုင်တဲ့ ကွင်းဆက်မရှိဘူး။ မြေပြင်မှာ တပ်ရင်းတစ်ရင်း တပ်စောင့် လက်နက် ၅ လက်လောက်နဲ့သာ ရုန်းကန်နေကြတယ်။ တစ်လက်မှ တပ်ဆင်ပေးထားခြင်းမရှိတဲ့ တပ်ရင်းတွေလည်း များတယ်။ တစ်ခြားကဝယ်တာဆိုရင် တစ်လက် သိန်း (၂၀၀) ပေးနေရတယ်။ ကျည်တစ်တောင့် (၁) သောင်း ပေးနေရတယ်။
ပြည်သူလူထုကလဲ စီးပွားရေးအဆင်မပြေမှုတွေကြောင့် အရင်လို ထောက်ပံ့ဖို့ ခက်ခဲလာကြတယ်။ လက်ရှိအခြေအနေမှာ ကျေးလက်လူထုက စစ်ဒဏ်ပိုခံရပြီး ပိုခက်ခဲတယ်။ အဲ့လို ခက်ခဲနေတဲ့ကြားက ကျေးလက်လူထုက တော်လှန်ရေးကို ထဲထဲဝင်ဝင် ပါဝင်နေဆဲ အားကောင်းနေဆဲပါ။
သူတို့က သူတို့ရဲ့ စားဝတ်နေရေးအတွက် ပေါက်တူးတချက်ပေါက်ရတယ်၊ စကစအတွက် (လက်ရှိကာလ စကစကို အပြုတ်မတိုက်နိုင်သေးသ၍) ပေါက်တူးတချက်ပေါက်ရတယ်၊ နောက် တော်လှန်ရေးသမားတွေကို ထောက်ပံ့ဖို့အတွက် ပေါက်တူးတချက် ပေါက်ရတယ်။ တော်လှန်ရေးသမားတွေကို သူတို့က လိုလိုလားလား ထောက်ပံ့တာမျိုး အခုအချိန်ထိ ရှိနေသေးတယ်။ အတင်းအကျပ်ခိုင်းလို့မဟုတ်ဘဲ တော်လှန်ရေး အသိစိတ်ကြောင့်ပေါ့။ အဲဒီ ပေါက်တူးသုံးချက်ကို နေ့စဉ်ပေါက်နေရတဲ့ အခြေခံလူထုကို အားနာမိပါတယ်။
NUG က မြေပြင်မှာရှိတဲ့ ပကဖ၊ ပအဖတွေကို စစ်ရေးကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ဘဲ အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ၊ ပညာရေးကိစ္စတွေကို သေချာလုပ်ဖို့ ညွှန်ကြားဖို့လိုမယ်။ ကျွန်တော်တို့ မြေပြင်မှာကတော့ online ပေါ်ကလို အခြေအနေနဲ့ တခြားစီပါပဲ။ အဖွဲ့တွေများပြီး ပြန့်ကျဲနေမှု၊ အမိန့်နာခံမှုမရှိခြင်း၊ စစ်သင်တန်းသေချာမပေးထားလို့ စစ်ကိုစစ်နဲ့တူအောင် မတိုက်တတ်မှုတွေ အများကြီး ပြုပြင်ဖို့ လိုဦးမယ်။
လက်ရှိ အခြေအနေမှာတော့ မြေပြန့်ဒေသက ဖက်ဆစ်စစ်တပ်အတွက် Easy ground ပဲ။ တပ်ရင်းတစ်ရင်းလောက်နဲ့ လိုချင်တာတွေယူပြီး လှည့်မီးရှို့သွားလို့ ရနေတယ်။ ရခိုင်ဘက်မှာလို တပ်မဟာတစ်ခုလောက်နဲ့ ထိုးစစ်ဆင်ရင် ကျွန်တော်တို့ကျတာကြာပြီ။ NUCC အလုပ်သိပ်မဖြစ်တာကတော့ ခေါင်းဆောင်တွေများနေလို့ လို့မြင်မိတယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့ကို တိုင်တွေပတ်နေတယ်။
ဒီရက်ပိုင်း ဂယက်ထနေတဲ့ ကျောင်းတက်တဲ့ကိစ္စမှာဆိုရင် တကယ်ကတော့ တော်လှန်ရေးလုပ်နေတာ အနစ်နာခံပြိုင်နေတာမှ မဟုတ်တာ။ ကျောင်းတက်နေရုံလောက်နဲ့တော့ ရန်သူလို့ သတ်မှတ်လို့ မရဘူး။ အခုအခြေအနေမှာတော့ ကျောင်းမတက်ရုံလောက်နဲ့ တော်လှန်ရေးလုပ်နေတာလို့လဲ ပြောလို့မရဘူး။ ဓနရှင်ပေါက်စတွေကတော့ အပြင်ကျောင်းတွေတက် အိမ်မှာနေ၊ bar သွား၊ club တက်နေသူတွေ အများကြီး၊ online ပေါ်မှာတော့ တော်လှန်ရေးမိခင်၊ ဖခင်ကြီးတွေပါပဲ။ သူတို့ သောက်စားနေတဲ့ အသုံးစရိတ်ကို တော်လှန်ရေးထဲစုထည့်ကြည့်ရင် တစ်လကို တိုက်ပွဲ ၅ ပွဲထက်မနည်း ကောင်းကောင်းတိုက်လို့ရတယ်။
တော်လှန်ရေးမှာ မိတ်ဆွေတိုးပြီး ရန်သူနည်းအောင်လုပ်ရမှာ။ လူထုကို တော်လှန်ရေးထဲပါဝင်လာဖို့ နည်းမျိုးစုံနဲ့ ဆွဲခေါ်ရမှာ။ ရန်ငါစည်းပြတ်တာက သေချာစဉ်းစားပြီး ရန်ငါစည်းပြတ်ဖို့လို့တယ် (မှတ်ချက် -အရင်က လက်ယာသမားတွေက အဲ့စကား ထထသုံးတာ ရယ်ရတယ်)။ ကျွန်တော်တို့စစ်ကိုင်းမှာ စစ်ကြောင်းထိုးတာတွေ၊ ရွာတွေမီးရှို့ခံရတာတွေ၊ လေယာဉ်နဲ့ စာသင်ကျောင်းကို လာပစ်တာတွေ စတဲ့အခက်အခဲတွေကြားက အခြေခံကျောင်းတွေ ခက်ခက်ခဲခဲ ဖွင့်ပေးနိုင်တော့ စကစကဖွင့်တဲ့ကျောင်းတွေ တက်တဲ့လူမရှိဘူး။ အဲ့လိုပဲ ကျွန်တော်တို့ ပညာရေးအတွက် ဘာမှလုပ်မပေးနိုင်သေးဘဲ စကစကျောင်းတက်ရုံနဲ့တော့ ရန်သူလို့ မသတ်မှတ်ချင်ဘူး။ ငါတို့ကျတိုက်နေရတယ်။ သူတို့ကျ ကျောင်းတက်နေတယ်ဆိုပြီး စိတ်ခံစားချက်နဲ့ လိုက်ပြောမနေကြနဲ့ဗျ။ ကိုယ်ယုံကြည်ရာ လမ်းလျှောက်ခဲ့ကြတာပဲ၊ ဘယ်လိုတိုက်မယ်။ ဘယ်ပုံစံ တည်ဆောက်မယ်။ ဘာတွေဆက်လုပ်မယ်ပဲ ပြောကြ တွေးကြပေါ့။ ဒီမိုကရေစီကိုတော့ ပါးစပ်ကတဖွဖွပြောပြီး လုပ်နေတာက တလွဲပဲ။ ဒီပုံစံအတိုင်းဆို ခင်ညွန့်ပြောသလိုပြောရရင် အမေရိကန်လို ဒီမိုကရေစီ မရနိုင်ပေမယ့် မင်းတို့နဲ့တန်တဲ့ ဒီမိုကရေစီတော့ ရမှာပေါ့။
ဒီကာလမှာ CDM တွေကို တကယ်အားနာတယ်။ ကျွန်တော်တို့တွေ သူတို့ကို CDM လုပ်ခိုင်းပြီး ဘာမှလုပ်မပေးနိုင်ကြဘူး။ အလုပ်လက်မဲ့နဲ့ အခက်အခဲဖြစ်နေတဲ့ CDM တွေ အများကြီး။ Non-CDM တွေလည်း ရန်သူလို့ မသတ်မှတ်ချင်ဘူး။ သူတို့မှာလည်း အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့်၊ စားဝတ်နေရေးကြောင့် CDM မလုပ်နိုင်ကြတာတွေ ရှိတယ်။ အန်တီစုကြည်တောင် စကစရဲ့ တရားစီရင်ရေးကို သပိတ်မမှောက်ဘဲ တရားရင်ဆိုင်နေသေးတာပဲ။ Non-CDM တွေက စကစနဲ့ပေါင်းပြီး တော်လှန်ရေးအတွက် ဆူးငြှောင့်ခလုတ် ဖြစ်နေရင်တော့ တစ်မျိုးပေါ့။
တော်လှန်ရေးက လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးလမ်းစဉ် ဟန်ချက်ညီစွာသွားပြီး လူထုပါဝင်မှု ဆက်လက်အားကောင်းနေမှ အောင်မြင်မယ်။ တော်လှန်ရေးလုပ်နေသ၍ကတော့ လူထုကို စည်းရုံးရေးဆန်ဆန် ထိတွေ့ဖို့လိုလိမ့်မယ်။ အခုဆို စီးပွားရေးအကျပ်အတည်းတွေ၊ မြို့နေလူထုအများစုရဲ့ နေသားကျမှုတွေနဲ့ တော်လှန်ရေးက အီသလိုဖြစ်နေပြီ။ လက်ရှိမြေပြင်မှာ တိုက်နေရတဲ့ Local pdf အများစုမှာ လက်နက်ကိုင်လမ်းစဉ်အတွက် အလှူခံရတာ တော်တော် မလွယ်တော့ဘူး။
ကျွန်တော်တို့တိုင်းပြည်က ချမ်းသာတဲ့ နိုင်ငံမဟုတ်ဘူး။ အဲ့ဒီတော့ ယန္တရားတစ်ခုလုံး ဖြိုတာထက် ယန္တရားမှာပါတဲ့ ခွေးသွားစိပ်တွေလောက်ပဲ ရိုက်ချိုးရမယ်။ မဟုတ်ရင် ပြန်လည်ထူထောင်ရေးမှာ တော်တော်ခက်ခဲလိမ့်မယ်။ CDM ဆရာဝန်တွေနဲ့ပူးပေါင်း ဆေးသင်တန်းသေချာပေးပြီး ဆေးတပ်တွေ ဖော်ဆောင်နိုင်ရင် ကောင်းမယ်။ တကယ် တုံးတိုက်တိုက် ကျားကိုက်ကိုက် တိုက်ကြတဲ့အချိန်ကျ တော်လှန်ရေးရဲဘော်တွေအတွက်ရော လူထုအတွက်ရော တကယ် လိုအပ်တယ်။
အခုအတိုင်းကတော့ တော်လှန်ရေးကြီးက ၂၀၂၃ မပြောနဲ့ ၂၀၂၅ ရောက်လို့ မပြီးဘူး။ နွေဦးတော်လှန်ရေးက ဘယ်တော့ပြီးမလဲဆိုတော့ ဆောင်းဦးပေါက်မှပြီးမယ်။ အခုမှ နွေဦးက အစပျိုးတုန်း။ ကြားထဲ မိုးရာသီတစ်ခုလုံး ကျန်သေးတယ်။ မိုးထဲလေထဲ ဖြတ်ရဦးမှာ၊ နောက်ဆုံးမှ ဆောင်းဝင်စပြုမယ်။ အဲ့ဒီကာလတွေမှာ လူသားအရင်းအမြစ်တွေ အများကြီး စတေးရဦးမယ်။
တိုင်းရင်းသားဒေသက နိုင်ငံရေးသမားအိုကြီး တစ်ယောက်ကတော့ပြောတယ် “ မင်းတို့နွေဦးတော်လှန်ရေးကကြာမှာပဲ ခေါင်းဆောင်တွေများတာကို ” လို့တော့ ပြောဖူးတယ်။
-ရဲဘော်လင်းနွေ