By MPA
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအား ခိုင်မာစွာ ဆန့်ကျင်နေမည့်အပြင် ၎င်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့တွင် အသိပေးလိုက်သည်။
စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို အဓမ္မလုယူသိမ်းပိုက်ထားသည့် ကာလအတွင်း တိုင်းပြည်၏ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့သည် ဆိုးဝါးစွာကျဆင်းလျက်ရှိနေပြီး ပြည်သူလူထုအနေဖြင့် အတိဒုက္ခရောက်လျက်ရရှိနေသည်ကို လျစ်လျူရှုကာ ၎င်းတို့ အာဏာ ဆက်လက် ချုပ်ကိုင်နိုင်ရေး အတွက် အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးအရတရားဝင်မှုကို ရယူရန် ကြိုးပမ်းအားထုတ်လျက်ရှိနေသည်ဟု ထုတ်ပြန်အသိပေးချက်တွင် ဖော်ပြထားသည်။
ထိုသို့ တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသော စစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိသဖြင့် ၎င်းတို့ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခိုင်မာစွာဆန့်ကျင်ကန့်ကွက်နေမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေး ကူညီသူများအဖြစ် သတ်မှတ်မည်ဖြစ်သည်ဟု ထုတ်ပြန်အသိပေးထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပြည်သူလူထု၏ ရည်မှန်းချက်များ ပြည့်ဝစေရန် တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိရာတွင် ရည်ရွယ်ချက်တူ အင်အားစုများအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးလမ်းစဉ်နှင့် စစ်ကောင်စီက ကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူနိုင်မည့် လုပ်ငန်းစဉ်များကို ယခုထက် ပိုမိုထိရောက်စွာ ကူညီပေးရန် တိုက်တွန်းထားသည်။