By MPA 003-နီသွေး
ကရင်အမျိုးသားအစည်းအရုံး KNUကို သစ္စာဖောက်ခဲ့ကြောင်း နယ်ခြားစောင့်တပ် BGF ရွှေကုက္ကိုဒေသ တပ်နယ်(၃) တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူက ဝန်ခံပြောကြားလိုက်သည်။
ယမန်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်စု ၊ ကမော့ကချူးကျေးရွာအုပ်စု နှင့် ပတ်ကျော့ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် နယ်ခြားစောင့်တပ် တာဝန်ရှိသူများ တွေ့ဆုံပွဲပြုလုပ်စဉ် ဗိုလ်မှူးကြီးစောချစ်သူမှ ကရင်စကားဖြင့် ဝန်ခံပြောကြားခဲ့ခြင်းဖြစ်ကြောင်း MPAမှ လက်ခံရရှိထားသည့် မှတ်တမ်းများအရ သိရသည်။
“ငါ KNU ကိုသစ္စာဖောက်ခဲ့တာမှန်တယ်။ ဝန်ခံတယ်။ ဒါပေမဲ့ ကရင်အချင်းချင်းသစ္စာမဖောက်ခဲ့ဘူး။ အခုချိန်ထိလည်း ငါက စောဘဦးကြီး မူလေးချက်အတိုင်းကို ရပ်တည်နေတာပါ ” ဟု ဗိုလ်မှူးကြီးစောချစ်သူမှ ပြောသည်။
ယင်းအစည်းအဝေးပွဲကို ဒေသခံပြည်သူများအား ကရင်အင်္ကျီများဝတ်ဆင်စေကာ တစ်အိမ်တစ်ယောက် တက်ယောက်တက်ရောက်စေခဲ့ပြီး သံဃာတော်အချို့နှင့် ရပ်ရွာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ကရင်ပြည်သူများ နိုင်ငံမရရှိရခြင်းမှာ အချင်းချင်းညီညွတ်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်မည်ဆိုလျှင် ကျည်တစ်တောင့်၏ စျေးနှုန်းမှာ မည်မျှကြီးမားကြောင်း၊ ကရင့်အလုပ် ကရင်လုပ်ရန် ဗမာ့အလုပ် ဗမာလုပ်ရန်နှင့် လက်ရှိပြသနာများသည် ဗမာများ ပြသနာဖြစ်ပြီး ကရင်များ ပြသနာမဟုတ်ခြင်းကြောင့် ကရင်လူမျိုးများအနေဖြင့် ဖြေရှင်းပေးရန် မလိုအပ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိအခြေအနေတွင် ကရင်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများကို စစ်ကြောင်းများထိုးခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများကို ကျူးလွန်နေလျက်ရှိနေသည်။
ယင်းသို့ အစည်းအဝေး ခေါ်ယူရခြင်းမှာ ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် တစ်အိမ်လျှင်တစ်ယောက် နယ်ခြားစောင့်တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ရန် ခေါ်ယူခြိမ်းခြောက်ခြင်းဖြစ်ပြီး ဝင်ရောက်ခြင်းမရှိသည့် မိသားစုများကို ဒဏ်ငွေ ၆သိန်းပေးဆောင်ရမည်ဟု ဖိအားပေးခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ၎င်း၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာ တစ်ခုတွင် ရေးသားထားသည်။