ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဒေသ လူငယ်သပိတ်ခေါင်းဆောင် ကိုဝင်းမိုးဇော် (ခ) အဝင်းလေးသည် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု ကနဦးသိရှိသည်။
ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ လူငယ်သပိတ်ခေါင်းဆောင် ကိုဝင်းမိုးဇော်(ခ)အဝင်းလေးသည် ဇူလိုင်လ (၂) ရက်နေ့တွင် ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာအနီး၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ကိုဝင်းမိုးဇော်(ခ)အဝင်းလေးသည် ဖမ်းဆီးခံလိုက်ရသည့် အချိန်မှစ၍ လက်ရှိအချိန်ထိ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် လုံးဝအဆက်အသွယ်မရဘဲ ရှိနေသည်ဟု ဆိုသည်။
ထုတ်ပြန်ချက်တွင် ၎င်းကို ကူတော်ရဲစခန်းက စစ်ဆေးမှုများပြုလုပ်နေသည်ဟူသော သတင်းများ ရရှိထားသည်ဟု အသိပေးထားသည်။
၎င်း၏ အသက်အန္တရာယ်အတွက် အခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အမြန်ဆုံး အဆက်အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများအပါအဝင် တတ်စွမ်းနိုင်သူများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးပါရန် တောင်းဆိုထားသည်။