အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ သတင်းပြန်ကြားရေးနှင့် လူထုဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုအားကောင်းစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် တရားဝင် Facebook စာမျက်နှာကို လွှင့်တင်လိုက်ပြီး မကြာမီ တရားဝင်ဝက်ဘ်ဆိုဒ်ကိုလည်း လွှင့်တင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် အတည်ပြုခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီချာတာ အပိုင်း(၁) ၊ (၂) ကိုလည်း ပြည်သူများသိရှိစေရန် တင်ပြထားသည်ကိုတွေ့ရှိရသည်။
NUCC ဦးဆောင်သည့် ပထမအကြိမ် ပြည်သူ့ညီလာခံကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်း အစိတ်အပိုင်း ၁ နှင့် အစိတ်အပိုင်း ၂ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အစီအမံအဖြစ် အတည်ပြုထားကာ NUCC ကို အစုအဖွဲ့ ၅ ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုထားသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် CRPH ၏ အဆိုပြုချက်ဖြင့် NUCC က ဖွဲ့စည်းပေးခဲ့သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ပြည်သူ့ ညီလာခံ ရှေ့မှောက်၌ ထပ်လောင်းအတည်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။
NUCC သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ စုဖွဲ့မှုအသီးသီးမှ ခေါင်းဆောင်များ၊ စုပေါင်းခေါင်းဆောင်မှုကို ဖော်ဆောင်နေသည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ တော်လှန်ရေးအတွက် အရေးကြီးသည့် ရှေ့လုပ်ငန်းစဉ်များကို ပြုလုပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
Visit: https://www.facebook.com/nucc.federal/