မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ဇွန်လ ၂၆ရက်တွင် ပြောဆိုလိုက်သည်။
Jaishankar သည် နယူးဒေလီတွင် မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို လက်ခံ တွေ့ဆုံစဥ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကိုလည်း မြန်မြန်ဆန်ဆန် ပြန်သွားဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့သည် အိန္ဒိယနယ်စပ်တစ်လျှောက်ရှိ အဓိကကုန်သွယ်ရေးစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။
မြဝတီတွင် အလုပ်အကိုင် ရမည်ဟုဆိုကာ လိမ်လည်ခံရသည့် အိန္ဒိယနိုင်ငံသား ရာချီ ရှိနေပြီး ၎င်းတို့ မြန်မြန်ဆန်ဆန် ပြန်လည်လွတ်မြောက်နိုင်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးသန်းဆွေ နယူးဒေလီသို့ လာရောက်ခြင်းသည် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး အိန္ဒိယကို ပထဆုံးအကြိမ် လူသိထင်ရှား လာရောက်ခြင်းလည်း ဖြစ်သည်။