By မြတ်နိုးသူရ / MPA (ဆောင်းပါး)
မြန်မာနိုင်ငံသည် လူမျိုး၊ ဘာသာရေးနှင့် နောက်ခံသမိုင်း စုံလင်ကွဲပြားမှုများရှိသည့် နိုင်ငံဖြစ်သည်။ ယင်းအခြေအနေကပင် ပဋိပက္ခများစွာကို ဖြစ်ပေါ်စေခဲ့ပြီး မြန်မာစစ်တပ်ကိုယ်တိုင် ဘာသာရေးမှိုင်းကို လက်ကိုင်ထားကာ ကြိုးကိုင်လှုပ်ရှားနေခဲ့သည်။ ခေတ်အဆက်ဆက် ဘာသာရေးမှိုင်းများကို ကောင်းစွာ အသုံးချ ခြယ်လှယ်ခဲ့ကြသည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားသည်ဟု ဆိုခြင်းက ၎င်းတို့အတွက် လက်နက်သဖွယ်သာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် နယ်ချဲ့ဗြိတိသျှတို့၏ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ပြီးနောက် ထိုနေ့တွင်ပင် လွတ်လပ်ရေးကြေညာစာတမ်းကို ကြေညာခဲ့သည်။ အဆိုပါ လွတ်လပ်ရေး ကြေညာစာတမ်းရေးသူများမှာ ဦးသိန်းဟန် (ဆရာဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်)၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ (တက်တိုး)၊ ဦးဝင်းစိန် (တင့်တယ်) တို့ဖြစ်ကြသည်။
ကြေညာစာတမ်း၏ အနှစ်သာရတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတို့အပြင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်များအတွက်ပါ အာမခံပေးထားသည်။ လွတ်လပ်ရေး ကြေညာစာတမ်းထဲတွင် မြန်မာနိုင်ငံအတွက် ခိုင်မာသည့် အာမခံချက်များနှင့် ပြည့်နှက်နေသော်လည်း ထို့အတိုင်း နှစ်ပေါင်း ၇၀ ကျော် မဖြစ်ခဲ့သည်က မြန်မာနိုင်ငံအတွက် ပြောစရာပင် ဖြစ်ခဲ့ရသည်။
“ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ မြစ်ချောင်း သီတာ သမုဒ္ဒရာ တောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော်တစ်ဝှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစိတ်တဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး ဤ ကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ် လက်ကိုင် ငါတို့အပိုင်ရလေပြီ” ဟူသော အချက်များ ကြေညာစာတမ်းတွင် ပါဝင်ပါသည်။
ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလားဆိုသည့်အချက်မှာ လွတ်လပ်ရေး ကြေညာစာတမ်း နံပါတ်လေးအချက်၏ ရှေ့ဆုံး၌ စတင်ဖော်ပြထားသော်လည်း အမှန်တကယ်အားဖြင့် ဖြစ်မလာခဲ့ပေ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုများ သို့မဟုတ် ပဋိပက္ခဆိုင်ရာ ပြဿနာများထဲတွင်မှ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များက ဆိုးရွားသည့် ထင်ရှားမှုဖြစ်ရပ်များအဖြစ်သာ များပြားခဲ့ပြီး အာဏာရှင်များအနေဖြင့်လည်း လက်ရှိ နွေဦးတော်လှန်ရေးကာလအထိ ဘာသာရေးမှိုင်း လက်နက်ကို ဆုပ်ကိုင်ထားခဲ့သည်။
ဘာသာရေးဆိုင်ရာနှင့် အငြင်းပွားမှုအစ
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို အခြားသော ဘာသာများထက် သာလွန်ကောင်းမွန်သော ဘာသာအဖြစ် မြင်စေရန် ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့ကြပြီး အမျိုးသားရေး အယူအဆများနှင့် ဘာသာရေးဆိုင်ရာများသည်လည်း အမြဲတမ်း ရောယှက်နေခဲ့သည်ကိုလည်း တွေ့မြင်ရသည်။ မြန်မာစစ်တပ်သည် လွတ်လပ်ရေး ရပြီးနောက် လူမျိုးနှင့် ဘာသာတို့ကို ကာကွယ်သူအဖြစ် ၎င်းတို့ဘာသာ သတ်မှတ်ခဲ့ကြသည်။
လွတ်လပ်ရေး ရခါနီး ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲချိန်မှာပင် ဘာသာရေးနှင့် သက်ဆိုင်သည့် ပဋိပက္ခများရှိခဲ့သည်။ ဒီးဒုတ် ဦးဘချိုသည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။
၁၉၄၇ ခုနှစ်တွင် ဦးဘချိုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးအတွက် အဆိုတင်ရာတွင် ဗိုလ်ချုပ် အောင်ဆန်းက “နိုင်ငံတော်ဘာသာ ဗုဒ္ဓဘာသာလုပ်ချင်ရင် ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး အမည်ခံပြီး သာသနာ့ ဒါယကာတော်တက်လုပ်၊ ပြီးတော့ စည်ကုံးခရိုင်နဲ့တကွ စိုးမိုးအုပ်ချုပ်တော်မူ သီရိပဝရ ဓမ္မရာဇာဘဝရှင်မင်းတရားကြီး သာသနာ့ ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာ့ဟာ ဆရာ ကြေညာ၊ ကျတော်မပါဘူး”ဟုဆိုကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု (အောင်စွမ်း၏ ဗိုလ်ချုပ်အောင်ဆန်း ဘာသာရေးဆိုင်ရာ သဘောထားအပေါ် ကျောခိုင်းဆောင်ရွက်ခဲ့ကြသူများ) ဆောင်းပါးတွင် တွေ့မြင်နိုင်သည်။
ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အထက်တွင် ဖော်ပြခဲ့သည့် သဘောထားအမြင် ရှိခဲ့သော်လည်း အများနှင့် မဆန့်ကျင်က “ဗုဒ္ဓဘာသာသာသနာရေးမှာ ဆရာသဘောကျစီမံပါ”ဟုဆိုကာ ဗိုလ်ချုပ်က ဦးဘချိုကို လွှဲခဲ့ကြောင်း ပုသိမ် ဦးဝိမလက လုပ်ကြံမှုကြီး ဖြစ်ပြီးစ၊ ဒီးဒုတ်ဂျာနယ်တွင် ရေးသားခဲ့ဖူးသည်ဟု ဆိုသည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးနှင့် ဘာသာရေးကြားတွင် ထမင်းရည်ပူစည်းတားထားသည့် စဉ်းစားချက်ကိုလည်း တစ်နည်းအားဖြင့် တွေ့မြင်ရသည်။
ယင်းနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီးဖြစ်သည် ဖြစ်ကြောင်း ပြည်ထောင်စုနိုင်ငံတော်က အသိအမှတ်ပြုသည်ဟုပါရှိပြီး နိုင်ငံတော်သည် အစ္စလာမ်ဘာသာ သာသနာ၊ ခရစ်ယာန်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေသော ကိုးကွယ်ရာ ဘာသာအချို့ဟူ၍ အသိအမှတ်ပြုသည်ဟု ဖော်ပြခဲ့သည်။
သို့သော် အတိတ်နေ့စွဲဖြစ်ရပ်များကို အခြေပြုပြီး မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်အထိ ဘာသာရေးကိစ္စကို စစ်အစိုးရ အသီးသီးက ၎င်းတို့၏ လက်နက်သဖွယ် အသုံးချလာခဲ့ကြပြီး လွတ်လပ်ရေး ကြေညာစာတမ်းသည်လည်း မူရင်းအနှစ်သာရအတိုင်း မရောက်ရှိဘဲ ဖြစ်ခဲ့ရသည်။
ဘာသာရေးကို ဦးခိုက်သယောင်နှင့် ကြိုးကိုင်သည်ကသာ များခဲ့
ထင်ရှားသည့် သမိုင်းဖြစ်ရပ်များတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၏ အစီအစဉ်ဖြင့် မြန်မာသက္ကရာဇ် ၁၃၄၂ ခု၊ နယုန်လ (ခရစ်နှစ် ၁၉၈၀ ပြည့်နှစ် မေလ) တွင် တစ်နိုင်ငံလုံးရှိ သံဃဂိုဏ်းပေါင်းစုံမှ သံဃာတော် အပါး ၁၂၀၀ ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူတော်အတွင်း၌ စတင်ဖွဲ့စည်းခဲ့သည်လည်း ပါဝင်ခဲ့သည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ( မဟန) ကို သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် အစိုးရက ခန့်အပ်ထားသည့် အဆင့်အမြင့်ဆုံး သံဃအဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ကြသည်။
မြန်မာ စစ်ခေါင်းဆောင်များသည် ၁၉၆၅ ခုနှစ်မှ စတင်ပြီး သံဃာဂိုဏ်းကြီးများကို စုစည်းပြီး အဖွဲ့အစည်းအဆင့်ဆင့်နှင့် အုပ်ချုပ်ရန် ကြံစည်ခဲ့သော်လည်း ၎င်းတို့၏ အကြံသည် ၁၉၈ဝ ခုနှစ်တွင် အောင်မြင်ခဲ့သည်။ ယင်းတို့ကို သာသနာရေးဌာနက ကြိုးကိုင်ခဲ့သည်။
ပဲခူးမြို့မဆရာတော်၊ မြင်းခြံကိုးဆောင်ဆရာတော်၊ မကွေးဆရာတော်နှင့် ဗန်းမော်ဆရာတော်စသည့် သံဃနာယက လေးဆက် ရှိခဲ့သည့် အဖွဲ့သည် မဟနဆိုသည့်အတိုင်း အတိုကောက်အနေဖြင့် ပါးစပ် (မဟနိုင်) သည့်အဖွဲ့ ဖြစ်ခဲ့ကြောင်း တွဲဘက်ရွှေကျင်သာသနာပိုင် မတ္တရာသူဌေးဆရာတော်က မိန့်ခဲ့ဖူးသည်ကို ဘီဘီစီသတင်းဌာန၏ “လက်ဝှေ့သတ်တဲ့ မြေရှင်၊ မင်းဆရာနဲ့ အမြောက်ရတဲ့ သာသနာပိုင်များ” ဆောင်းပါးတွင် တွေ့ရှိနိုင်သည်။
ထိုမှစ၍ မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် ဘာသာရေးကို နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်ခဲ့ကြသည်မှာ မြင်သာလှသည်။ လက်ရှိ နွေဦးတော်လှန်ရေးအတွင်းပင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်သည် ဗုဒ္ဓဘာသာ ဘာသာရေးဆိုင်ရာ ခေါင်ချုပ် ဘုန်းကြီးများကို ကြိုးဆွဲ အသုံးတော်ခံခိုင်းနေသေးသည်။
လူအများမြင်သာနိုင်အောင် ဘုရားကြီးများတည်၊ အလှူအတန်း လက်နှင့်မကွာဆိုသလို ဂိုက်ဖမ်းပြီး လက်အုပ်များ ချီနေသည့် စစ်ခေါင်းဆောင် တစ်ဖွဲ့သည် နွေဦးတော်လှန်ရေးတွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို ဖျက်ဆီးမှုအများဆုံး ပြုလုပ်ခဲ့ကြသည်။
အဆိုးဆုံးအဖြစ် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် နံနက် ၁၀ နာရီခွဲခန့်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် – မြို့သာလမ်းပိုင်းတွင် စစ်ကောင်စီတပ်လှည့်ကင်းများ၏ ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဟောင်း၊ ပဲခူးမြို့ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခဲ့ရသည်။ ကနဦး၊ ယင်းဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ PDF များ ပစ်ခတ်သည်ဟု ၎င်းတို့၏ ထုံးစံအရ ကာကွယ်စွပ်စွဲခဲ့သော်လည်း အမှန်တရားပေါ်လာသည့်အခါတွင် ၎င်းတို့၏ လိမ်လည်မှုများကို မြန်မာတစ်နိုင်ငံလုံး အထင်းသားတွေ့မြင်ခဲ့ရသည်။
ချိန်သားကိုက်ပင် မင်းအောင်လှိုင်ကို သာသာနာပြုမင်းကောင်းမင်းမြတ်အဖြစ် ဟောပြောနေမှုပြုလုပ်ခဲ့သည့် သီတဂူဆရာတော် အရှင်ဉာဏိဿရက ပဲခူးမြို့ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူရခြင်းအပေါ် သည်းခံ ခွင့်လွှတ် မေ့ပျောက်ရန် ပြောင်ပြောင်တင်းတင်းပင် မိန့်ကြားခဲ့သည်။ ယင်းကဲ့သို့ မိန့်ကြားမှုများကြောင့် သီတဂူဆရာတော်အနေဖြင့် ပြည်သူများ၏ ဝေဖန်မှု၊ အပြစ်တင်မှုများနှင့် လက်ရှိအချိန်အထိ ရင်ဆိုင်နေခဲ့ရသည်။ သီတဂူဆရာတော်ကို ခရိုနီဘုန်းတော်ကြီး တစ်ပါးအဖြစ် အများက ရှုမြင်လာကြသည်။ ဇိမ်ခံပစ္စည်းများ ၎င်း၏ နေထိုင်ကျင့်ကြံမှုများသည် တကယ့် ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ကွဲလွဲနေခဲ့ရသည်။ ထိုသို့ ခရိုနီဘုန်းတော်ကြီးများကိုလည်း စစ်တပ်ကပင် မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ စစ်တပ်က ၎င်းတို့ မြေတောင်မြှောက်ပေးခဲ့သည့် ဘုန်းတော်ကြီးများကို အရေးကြုံလျှင် ဆွဲဖဲတစ်ချပ်လို အသုံးပြုလျက်ရှိသည်။
မူလလက်ဟောင်း မှိုင်းနှင့် ဉာဏ်သစ်ပြိုင်ပွဲ
မြန်မာစစ်တပ်သည် ဘာသာရေးမှိုင်းကို အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ကာလအတွင်းတွင် ဆက်လက်အသုံးချခဲ့သော်လည်း ၎င်းတို့ မထင်ထားခဲ့သည့် နွေဦးတော်လှန်ရေး၏ သက်ရောက်မှုသည် အထိနာဆုံးဖြစ်ခဲ့ရသည်။
အကျနာနေသည့် မြန်မာစစ်တပ်သည် လမ်းဟောင်းအတိုင်း ဆက်လက်လျှောက်ရန် ဆုံးဖြတ်ခဲ့ဟန်တူသည်။ အွန်လိုင်းနှင့် ဆိုင်သည့် ပလက်ဖောင်း ပေါင်းစုံတို့မှနေ၍ ဘာသာရေးဆိုင်ရာ ပဋိပက္ခ သို့မဟုတ် အမုန်းစကားများကို သိသိသာသာ ဖြန့်ဝေခဲ့ကြသည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လူသုံးများသည့် Facebook ပလက်ဖောင်းကို အသုံးချရန် ကြိုးပမ်းခဲ့သော်လည်း Facebook ပေါ်လစီများက လွတ်လပ်ခွင့်မပေးခဲ့ပေ။
ထို့နောက် Facebook ပေါ်တွင် တင်မရသည့်အဆုံး တယ်လီဂရမ်သို့ ကစားကွက်ခင်းခဲ့သည်။ စစ်လော်ဘီပေါင်းများစွာက မြန်မာစစ်တပ်အတွက် အခိုင်အမာရှိခဲ့ပြီး တယ်လီဂရမ်တွင် မင်းမူတော့သည်။ သို့သော် မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် ဝါဒမှိုင်းများသည် ယခုတစ်ချီတွင် အုံလိုက်ကျင်းလိုက်ဖြင့် အလုပ်ဖြစ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည်က များကြောင်း သိသာသည်။
အထင်ရှားဆုံးအဖြစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ပျံ့နှံ့ခဲ့သည့် သတင်း “ဘာသာမဲ့ KNU၊ PDF သူပုန်များက လက်ခတ်တောင်ပေါ်ရှိ ဘုရားများမှ ဌာပနာများ ဖောက်ထွင်းနေ” (မူရင်းအရေးအသား) သည် ထိုစဉ်က အွန်လိုင်းတွင် ပျံ့နှံ့မှု များစွာ ဖြစ်ခဲ့သည်။ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၄ မိနစ်တွင် Ko Thet ဆိုသည့် တယ်လီဂရမ်ချန်နယ်မှ စတင်ပျံ့နှံ့ခဲ့သည့် ယင်းသတင်းသည် နောက်ထပ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ် လေးခုသို့ ရောက်ရှိခဲ့ပြီး Ko Thet ချန်နယ်အကောင့်တစ်ခုတည်းပင် တုံ့ပြန်မှု ၇၀၀ နီးပါးရှိခဲ့ပြီး ကြည့်ရှုသူ ၃၅,၀၀၀ ကျော် ရှိခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီးရှိ စေတီတော်တစ်ဆူကို ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ဦးက တူနှင့်ထုရိုက် ဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့တွင် ထွက်ပေါ်လာပြန်သည်။ ဆက်တိုက်ဆိုသလို ထိုလစ်ဟာချက်ချက်အား နင်း၍ ဝါဒမှိုင်းများ ဆက်တိုက်ဆိုသလို မြန်မာစစ်တပ် လော်ဘီချန်နယ်များမှ နေ၍ ရေးသားပြောဆိုမှုများပြုလုပ်ခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် MNDAA က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး စေတီတော်ကို ထုရိုက်ဖျက်ဆီးခဲ့ခြင်းသည် အဖွဲ့အစည်းက အမိန့်ပေး၍ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည့်အတွက် ထိုတပ်ဖွဲ့ဝင်၏ လုပ်ရပ်အတွက် တောင်းပန်ကြောင်း၊ ကျူးလွန်ခဲ့သူကို အပြစ်ပေး အရေးယူရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ခဲ့သည်။
အထက်ပါ ဖြစ်စဉ်နှစ်ရပ်တွင် လက်ခတ်တောင် သတင်းအနေဖြင့် မီဒီယာများ၏ အချက်အလက် စစ်ဆေးခြင်းဆိုင်ရာ တင်ပြချက်များကြောင့် အဖြစ်မှန်နှင့် မြေပြင် အခြေအနေများကို ပြည်သူများအနေဖြင့် နီးကပ်စွာ ချဉ်းကပ်နားလည်နိုင်ခဲ့သလို MNDAA ဖြစ်စဉ်တွင်လည်း ယင်းအဖွဲ့၏ ရှင်းလင်းခြင်းနှင့် အရေးယူခြင်းဆိုင်ရာ အသိပေးချက်များသည် အချိန်နှင့် တပြေးညီ ဖြစ်စေခဲသည့်အတွက် ဒေတာနှင့် ဝေဒနာကို ကောင်းစွာ သိရှိနိုင်ခဲ့ကြသည်။ ယင်းသည် နွေဦးတော်လှန်ရေးအတွင်း နည်းပညာဆိုင်ရာ ချဉ်းကပ်မှု၊ ရှင်းလင်းတင်ပြခြင်း လုပ်ငန်းစဉ်များနှင့် ပြည်သူများ၏ ဉာဏ်သစ်က မှိုင်းအဟောင်းများကို ပြန်ဆန်နိုင်ခဲ့သည့်အတွက် မြန်မာစစ်တပ် မျှော်မှန်းထားသလို မဖြစ်လာခဲ့ပေ။
မြန်မာစစ်တပ်၏ နောက်ဆုံးခြေလှမ်း
မြန်မာစစ်တပ်အနေဖြင့် ရသည့်အပေါက်မှ မှိုင်းများကို ဆက်လက်မွေးနေပြီး လက်ရှိ ရခိုင်ပြည်နယ်တွင်လည်း အစ္စလာမ်ဘာသာဝင်များအတွက် ဘာသာရေးအခွင့်အလမ်းများ ပေးသယောင်နှင့် နည်းဟောင်းများကို အသုံးချရန် ကြိုးပမ်းလာသည်။ ပဋိပက္ခများဖြစ်ပွားစေနိုင်သည့် အခြေအနေများ ဖန်တီးခြင်း၊ ဖိနှိပ်ခြင်းနှင့် အတင်းအကျပ်ခိုင်းစေမှုများ များပြားလာပြီး လူမျိုးရေးပဋိပက္ခကို ဦးတည်စေရန် ကြိုးပမ်းနေသည်။
သို့သော် လွတ်လပ်သော မီဒီယာများ၊ ဂျာနယ်လစ်များ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် Influencer များ၏ ပြည်သူများ သတိချပ်စရာကောင်းသည့် တင်ပြရေးသားမှုများကြောင့် မြန်မာစစ်တပ်၏ နောက်ကွယ်က ရည်မှန်းချက်များသည် စိတ်ထင်တိုင်း မကြဲနိုင်ဘဲ ရှိနေခဲ့ရသည်။
တစ်ဘက်တွင်လည်း ဗုဒ္ဓဘာသာကို အမှန်တကယ်ပင် ပစားပေးသယောင်လုပ်ပြီး ဘုရားဒကာလုပ်နေသည့် မြန်မာစစ်တပ်ခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းအထိ ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံပေါင်း ၉၄ ခုကို ဖျက်ဆီးခဲ့သည်မှာ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်သိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်ချိုးဖောက်မှုများ အနှစ်ချုပ်စာတမ်း (၂၀၂၃ ခုနှစ်) ကို ကြည့်လျှင် အထင်အရှားပင်တွေ့ရမည်ဖြစ်သည်။ ဘာသာရေးကို ခုတုံးလုပ် လမ်းကြောင်းလွှဲနေသော်လည်း မီဒီယာများနှင့် သုတေသနပညာရှင်များ၏ ဒေတာများက စစ်ခေါင်းဆောင်များနောက်သို့ အရိပ်မည်းသဖွယ်အဖြစ် လိုက်နေသည်မှာ မြင်သာလှသည်။
“ ဘာသာရေး၊ လူမျိုးရေး မှိုင်း အမျိုးမျိုးတိုက်ပြီး နိုင်ငံရေး ထွက်ပေါက်ရှာတတ်တာ စစ်တပ်ရဲ့ ခေါက်ရိုးကျိုးနေတဲ့ ဓာတ်ပြားဟောင်း တချပ်ပဲ။ လှည့်ကွက်တွေကို သတိရှိဖို့ လိုအပ်တယ်။ မဖြစ်အောင် ဝိုင်းဝန်းတားဖို့ လိုအပ်တယ်။ ဖန်တီးသူကို တွန်းလှန်ဖို့လည်း လိုအပ်တယ်” ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုဖူးသည်။
ထိုကဲ့သို့ အခြေအနေများတွင် မြန်မာစစ်တပ် ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးထွက်ပေါက် သို့မဟုတ် ၎င်းတို့ အသက်ရှူပေါက်အတွက် မူလလက်ဟောင်းမှိုင်းများက အလုပ်မဖြစ်တော့သည့်နောက် နောက်ထပ် အဆုံးသတ်ခြေလှမ်းကို လှမ်းလာခဲ့ပြန်သည်။ ယင်းသည် မြန်မာနိုင်ငံတွင် VPN ဖြင့် Facebook အသုံးပြုမှုကို ယခုနှစ် မေလ ၃၀ ရက်နေ့မှစ၍ ပိတ်ပင်လိုက်ခြင်းပင်ဖြစ်သည်။
ယင်း စီမံချက်ကို ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ပြီး ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကက (ဆက်) တပ်မတော်ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း လွတ်လပ်သော မီဒီယာများတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
ထိုလုပ်ရပ်များကြောင့် သတင်းများ စီးဆင်းမှု နှေးကွေးသွားခြင်း၊ မြန်မာစစ်တပ်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအစုအဖွဲ့များ အားနည်းစေခြင်းများ ဖြစ်ပေါ်မည်ဟု ၎င်းတို့က နောက်ဆုံးအနေဖြင့် ယုံကြည်ထားသည်။ တစ်နည်းအားဖြင့် သတင်းသိခွင့်ကိုလည်း အမှောင်ချလိုက်ခြင်းပင်ဖြစ်သည်။
နွေဦးတော်လှန်ရေးအတွင်း အင်တာနက်ကို တွင်ကျယ်စွာ အသုံးပြုလာနိုင်မှုနှင့် အများပြည်သူ၏ အင်တာနက် အသုံးပြုခြင်းဆိုင်ရာ သိရှိနားလည်မှု ပိုမိုများလာခြင်းသည် မြန်မာစစ်တပ်အတွက် အကျိုးမရှိဖြစ်နေသည်မှာ သေချာလှသည်။ ဘာသာရေး ဝါဒမှိုင်းများလည်း ယခင်လို အလုပ်မဖြစ်၊ တန်ပြန်ရှင်းလင်းမှုများကလည်း ၎င်းတို့အတွက် အကျပ်ရိုက်စေသည်။ ထို့အတွက်ကြောင့်ပင် မစားရသည့် အမဲများကို သဲဖြင့် ပက်၍ ရနိုင်သည်အထိ ဆက်လက်ပက်သွားနေဦးမည့် အခြေဟုသာ မျှော်မှန်းရပါသည်။
ကိုးကား
- အာဇာနည် ဒီးဒုတ် ဦးဘချို နဲ့ နိုင်ငံတော်ဘာသာ (ဘီဘီစီ)
- လက်ဝှေ့သတ်တဲ့ မြေရှင်၊ မင်းဆရာနဲ့ အမြောက်ရတဲ့ သာသနာပိုင်များ (ဘီဘီစီ)
- သရဖူမဆောင်းတဲ့မင်းနဲ့ ဦးနေဝင်းချန်ခဲ့တဲ့ နိုင်ငံ (ဘီဘီစီ)
- ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
- လွတ်လပ်ရေး ကြေညာစာတမ်း
- မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်သိမ်းပြီးနောက်ပိုင်း လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်ချိုးဖောက်မှုများ အနှစ်ချုပ်စာတမ်း
- လွပ်လပ်သော မီဒီယာများ