By Sayar Ngaat / MPA (ဆောင်းပါး)
မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းအကျဉ်းထောင်များတွင် အကျဉ်းကျနေသူများ၏ ဘဝနှင့် လုံခြုံရေးသည် ဆိုးရွားစွာ တွေ့ကြုံခံစားနေကြရသည်။ ၎င်းတို့၏ အခြေအနေသည် သေမည့်ရက်ကို ထိုင်စောင့်နေရသကဲ့သို့ ဖြစ်နေပြီး ထောင်အာဏာပိုင်များက အကျဉ်းကျနေသူများကို မည်သည့်အချိန်တွင် အကြောင်းပြချက်မရှိ ဆွဲထုတ်ပြီး သတ်ဖြတ်မည်ကို မသိရှိနိုင်ဖြစ်နေရသလို အန္တရာယ်ရှိနိုင်သည့် အလုပ်များကိုလည်း မည်သည့် အချိန်တွင် လုပ်ရမည်ကို စိုးရိမ်ထိတ်လန့်စွာဖြင့် စောင့်စားနေရသည်။
မွန်ပြည်နယ်၊ ကျိုက်မရော အကျဥ်းထောင်တွင် ပြီးခဲ့သည့် ဇွန်လ (၁၂) ရက်၊ ညနေ ၅ နာရီဝန်းကျင်က အမျိုးသမီးအဆောင်နှင့် အမျိုးသားအဆောင်ကြားရှိ အုတ်ရိုးအထက်၌ အကျဉ်းသားတစ်ဦးကို ထောင်အာဏာပိုင်များက သွပ်ကာပြား ကာခိုင်းခဲ့သည်။ အလုပ်လုပ်ကိုင်ရမည့် ထိုအကျဉ်းသားအား အန္တရာယ်ကင်းစေသည့် အသုံးအဆောင်ပစ္စည်းများ စီမံပေးခဲ့ခြင်းမရှိဘဲ ခိုင်းစေခဲ့သည်။ ထိုသူမှာ အာဏာပိုင်တို့ ခိုင်းစေမှုကို လုပ်ကိုင်နေစဉ်အတွင်း အမြင့်ပေ ၂၀ ကျော် အုတ်ရိုးအထက်တွင် ဓာတ်လိုက်၍ ပြုတ်ကျခဲ့သည်။
ထိုသို့ဖြစ်ပွားသောအခါ ထောင်အာဏာပိုင်များသည် ၎င်းအကျဉ်းသားကို ဆေးကုသခွင့် မပေးခဲ့ပေ။ ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ကျိုက်မရောအကျဉ်းထောင်အတွင်းရှိ အမျိုးသမီးဆောင်မှ နိုင်ငံရေးအကျဉ်းသူများက ထိုအကျဉ်းသားအား အရေးပေါ်ဆေးကုသခွင့်ပေးရန်အတွက် ၂ နာရီကျော်ကြာ တောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။
ထိုစဉ် ကျိုက်မရောအကျဉ်းထောင်မှ ထောင်အာဏာပိုင်များ ရောက်ရှိလာပြီး နိုင်ငံရေး အကျဉ်းသူများကို တောင်းဆိုမှုများ ဆက်လက် မပြုကြရန်နှင့် ဓာတ်လိုက်ခဲ့သည့် အကျဉ်းသားအား ဆေးကုသခွင့်ပေးမည်ဖြစ်ကြောင်းကို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
ယခုလက်ရှိတွင် ထိုအကျဉ်းသားသည် အမြင့်ပေ ၂၀ ကျော်မှ ပြုတ်ကျခဲ့သည့်ဒဏ်ကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေကို ရင်ဆိုင်နေရသည်။
“ ဖြစ်ဖြစ်ချင်း ဆေးရုံကို တန်းပို့မပေးဘူး။ နိုင်ငံရေးအကျဉ်းသူတွေက ၂ နာရီကျော်ကြာ တောင်းဆိုမှုလုပ်ပြီးမှ ပို့တာ၊ စုစုပေါင်း ၃ နာရီကျော်ကျော်လောက် ကြာသွားတာပေါ့။ အခု လက်ရှိကတော့ အမြင့်ကနေ ပြုတ်ကျတာဆိုတော့ ဦးခေါင်းကတော့ ပြင်းပြင်းထန်ထန် ထိသွားတယ်။ မော်လမြိုင် ဆေးရုံကြီးမှာပါ” ဟု ကျိုက်မရော အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ကျိုက်မရော အကျဉ်းထောင်ရှိ အမျိုးသမီးဆောင်နှင့် ဆေးရုံဆောင်ကြား၌ ခြားရိုးကို အမိုးသွပ်နှင့် ကာရံခိုင်းခြင်းများ မရှိခဲ့ဘဲ ခြားရိုးကာရံသည့် လုပ်ငန်းများ သိမ်းဆည်းချိန် ငြမ်းဖြုတ်ရန် သံကိုင်းကို အပေါ်မြှောက်စဥ် လျှပ်စစ်ကြိုးနှင့် ထိမိပြီး အမြင့်ကနေ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ပြုတ်ကျလာသည့် အကျဉ်းသားကို ချက်ချင်းဆေးကုသပေးကာ ဆေးရုံကို ပို့ခဲ့သည်ဟု ဖော်ပြထားသည်။
အရေးပေါ်ဆေးကုသခွင့်အတွက် တောင်းဆိုခဲ့သည့် နိုင်ငံရေးအကျဉ်းသူ ၆၀ ကျော်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ကျိုက်မရော အကျဉ်းထောင်မှ ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်အာဏာပိုင်များက ထောင်ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသူများ ဒိုက်ဦးအကျဉ်းထောင်သို့ ရောက်ရှိသည်နေ့၌ပင် ထောင်အာဏာပိုင်များက တရားမဝင် ပစ္စည်းများ၊ မူးယစ်ဆေးများ ယူဆောင်လာသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကာ နိုင်ငံရေးအကျဉ်းသူများ၏ ထောင်ဝင်စာပါဆယ်မှ စားစရာများ၊ အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းသွားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကို ပြောင်းမည့်ထောင်သို့ ပြောင်းရွှေ့ခြင်းများ မပြုလုပ်မီ ယင်းထောင်မှ ထောင်အာဏာပိုင်များက စစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ပြီးမှသာ ပြောင်းရွှေ့ခြင်းရဖြစ်သည်။ တရားမဝင်ပစ္စည်းများကို ယူဆောင်လာသည်ဆိုသော အကြောင်းပြချက်မှာ နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်ချင်သော ရည်ရွယ်ချက်ဖြင့်သာ ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ထောင်တစ်ထောင်ကနေ နောက်တစ်ထောင်ကို ထောင်ပြောင်း မပို့ခင် ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေကို သူတို့ စိတ်ကြိုက်စစ်ဆေးမှုတွေ လုပ်တယ်။ အိတ်တွေထဲမှာရော၊ ခန္ဓာကိုယ်နေရာအနှံ့ကို စစ်တာ၊ အဲဒီလိုမျိုး စစ်ပြီးမှ ထောင်ပြောင်းကို ပို့တာပါ” ဟု ၎င်းက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ပြီးနောက် ထောင်ဝန်ထမ်းများကို ပြန်လည်ပြောခြင်းများ မပြုလုပ်ရဲအောင် အပြစ်မရှိ၊ အပြစ်ရှာ၍ ရိုက်နှက်ခြင်းများ၊ တိုက်ပိတ်ခြင်းများ ပြုလုပ်တတ်ကြကြောင်းလည်း မြင်းခြံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
“ကျတော်တို့ ထောင်ပြောင်းပါပြီး ထောင်သစ်ကိုရောက်တဲ့အခါ ရောက်တဲ့နေ့မှာပဲ အပိုးကျိုးအောင်လို့ဆိုပြီး အပြစ်မရှိအပြစ်ရှာ ရိုက်နှက်ပြီး တိုက်ပိတ်ခံထားရတာမျိုးတွေရှိတယ်။ တိုက်ပိတ်ထားတဲ့ အချိန်ဆို မိသားစုနဲ့လည်း တွေ့ခွင့် မရဘူး။ တချို့ဆို ဒေါက်ခတ်တာတွေအထိပါ ရှိတယ်” ဟု ၎င်းက ပြောသည်။
ဒိုက်ဦးအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသူများကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းသွားသည့်အပြင် မူးယစ်ဆေးဝါးများတွေ့ရှိသည်ဟု စွပ်စွဲကာ မူးယစ်ဆေးပုဒ်မများဖြင့် ထပ်တိုးတရားစွဲဆိုရန် စီစဉ်ခဲ့ကြသေးသည်။
သို့အတွက်ကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက် ညနေတန်းပိတ်ချိန်တွင် နိုင်ငံရေးအကျဉ်းသူများက တန်းပိတ်ခြင်းမပြုဘဲ ထောင်အာဏာပိုင်များ သိမ်းဆည့်ထားသည့် ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်အတွက် တောင်းဆိုခဲ့ကြသည်။
ထိုကဲ့သို့ တောင်းဆိုမှုကို ထောင်အာဏာပိုင်များဘက်မှ ကောင်းမွန်စွာမဖြေရှင်းပေးခြင်း မပြုလုပ်ခဲ့ဘဲ အမျိုးသားထောင်ဝန်ထမ်းများကို ခေါ်ယူကာ နိုင်ငံရေးအကျဉ်းသူများကို ကြမ်းတမ်းသည့် စကားလုံးများဖြင့် အော်ဟစ်ဆဲခြင်း၊ သေနတ်များဖြင့် ပစ်ဖောက်ခြင်း ရာဘာတုတ်များ၊ သစ်သားတုတ်များ၊ ကျစ်ကြိုးများဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လေးခွများဖြင့် ပစ်ခြင်း စသည့် အကြမ်းဖက်မှုများသာ ပြုလုပ်ခဲ့ကြသည်။
“ မိုက်တဲ့ကောင်မ ထွက်ခဲ့စမ်း၊ နင်တို့ကို ဟိုဟာပြုပေးမယ်ဆိုပြီး နှမချင်းမစာမနာနဲ့ မကြားဝံ့မနာသာတဲ့ စကားလုံးတွေနဲ့ မိုက်မိုက်ရိုင်းရိုင်း ဆဲတယ်။ ပြီးတော့ လေးခွတွေနဲ့ ပစ်တယ်။ တုတ်ကိုမှ ရာဘာတုတ်၊ သစ်သားတုတ်၊ ရှိတဲ့တုတ်နဲ့ အကုန်လုံးကို ဝင်ရိုက်တာ၊ ဦးခေါင်းတွေမှာဆို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ သူတွေလည်း ရှိတယ်၊ တော်တော်ဆိုးဆိုးပါပဲ” ဟု ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ လက်အောက်ခံ ဒိုက်ဦး အကျဉ်းဦးစီးဌာန၊ ထောင်အာဏာပိုင်များ ရိုက်နှက်မှုများကြောင့် ထောင်ပြောင်းနှင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသူ (၄၀) ကျော်နှင့် ဒိုက်ဦးထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ (၂၀) ကျော် စသည့် နိုင်ငံရေးအကျဉ်းသူစုစုပေါင်း (၆၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သူများအနက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင် မနုနုအောင်နှင့် မခက်ခက်အောင်တို့ ၂ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသူ (၅) ဦးသည် ဦးခေါင်းတွင် ထိခိုက်ပေါက်ပြဲဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။
“ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ ထောင်ဝင်ဆယ် ပါဆယ်တွေကလည်း ပိတ်ထားတယ်။ အဲဒီတော့ အဆင်ပြေရဲ့လား၊ ဘယ်လိုအခြေအနေရှိနေလဲဆိုတာ မသိရသေးဘူး။ ဘာမှ မသိရတော့ ပိုပြီး စိတ်ပူနေရတယ်” ဟု မနုနုအောင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဒိုက်ဦးအကျဉ်းထောင်မှ ထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသူ ၆၀ ကျော်ကို ရိုက်နှက်မှုများအပြင် ကျိုက်မရောထောင်မှ ဒိုက်ဦးအကျဉ်းထောင်သို့ စတင်ရောက်ရှိခဲ့သည့် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၂၈ ရက်အထိ ထောင်အာဏာပိုင်များ၏ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရခဲ့သည့်သူများကို ဆေးကုသခွင့်မပြုဘဲ တိုက်ပိတ်ထားလျက်ရှိသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ပေါင်း (၈)ဖွဲ့က
- အတင်းအဓမ္မ ထောင်ပြောင်းရွှေ့ပြီးနောက် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများအတွက် မိသားစုဝင်များပို့ဆောင်သည့် ထောင်ဝင်စာပါဆယ်များကို လက်ခံရန်နှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် အမြန်ဆုံး ပြန်လည်စီစဥ်ဆောင်ရွက်ပေးရန်
- ဒိုက်ဦးအကျဉ်းထောင်အတွင်း အကြမ်းဖက်ခံရမှု ဖြစ်စဉ်ကြောင့် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူများအား ခြွင်းချက်မရှိတိုက်ထဲမှ အမြန်ဆုံးထုတ်ပေးရန်
- ဥပဒေမဲ့ ရိုက်နှက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူများကို ကောင်းမွန် လုံလောက်သည့် ဆေးဝါးကုသမှုများ ကျန်းမာရေးစောင့်ရှောက်မှုများအမြန်ဆုံး ဆောင်ရွက်ပေးရန်
- ထောင်ပြောင်းရွှေ့စဉ် သက်သေမရှိဘဲ လုပ်ကြံ၍ မတရားစွဲဆိုခံထားရသည့် မူးယစ်ဆေးမှုများအပါအဝင် ပုဒ်မအမျိုးမျိုးတပ်၍ ထပ်တိုးစွဲဆိုထားသော အမှုများအားလုံး ချက်ချင်းပိတ်သိမ်းရန်
- အကြောင်းပြချက် မခိုင်လုံဘဲ သိမ်းဆည်းထားသည့် နိုင်ငံရေးအကျဉ်းသူများ၏ အသုံးအဆောင် ပစ္စည်းများအား ပြန်လည်ပေးအပ်ရန် စသည့် အချက် (၅) ကို ထုတ်ပြန်တောင်းဆိုခဲ့သည်။
“ ကျမတို့ နိုင်ကျဉ်းအဖွဲ့တွေဆိုတာ စစ်တပ်ရဲ့ လူမဆန်မှုတွေကို ကိုယ်တိုင်လည်း ကြုံခဲ့ရတယ်။ ပြီးတော့ ယခုလက်ရှိ အချိန်ထိမှာလည်း အကျဉ်းထောင်ထဲက နိုင်ကျဉ်းတွေ ကြုံနေရတုန်းပဲ။ နိုင်ကျဉ်းတွေကို ကူညီနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာမို့ နိုင်ကျဉ်းတွေဘက်က တစ်သားတည်း ရပ်တည်ပြီး စစ်တပ်ကို ဖော်ထုတ်အရေးယူနိုင်တဲ့အထိ လုပ်သွားမှာပါ” ဟု နိုင်ငံရေးအကျဉ်းသူများ အဖွဲ့တည်ထောင်သူ မဇူးဇူးမေယွန်းက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ နေရာအနှံ့ရှိ အကျဉ်းထောင်အသီးသီးတွင် လုံလောက်စွာ ဆေးကုသခွင့် မရရှိသောကြောင့် ၂၀၂၃ ခုနှစ် ဇန်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် မေ ၁ ရက်အထိ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၂၄ ဦး အထိ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်၏ ထုတ်ပြန်ချက်များအရ သိရသည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP သည် ကုလမသဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင် နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံရှိ အကျဥ်းထောင်များထဲတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သတင်းအမှောင်ချထားခံရမှုများကို အမြန်ဆုံးနှင့် အထိရောက်ဆုံး ကာကွယ်အရေးယူပေးရန် တိုက်တွန်းထားသည်။
မြန်မာစစ်တပ်အာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်သည့် ထောင်များအနက် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ဒိုက်ဦးအကျဥ်းထောင်က အဆိုးဆုံး ဖြစ်လာနေပြီး ၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်နီးပါးအတွင်း ဒိုက်ဦးအကျဉ်းထောင်တွင် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးအထိ ရှိသည်။
“ ခေတ်သမိုင်းမှာ သာယာဝတီထောင်က ကျော်ကြားတယ်။ အဲဒီလိုပဲ အင်းစိန်၊ အိုးဘို နောက်ပိုင်း မြင်းခြံတို့ လိုက်လာတယ်ပေါ့နော်။ ဒါပေမဲ့ ၂၃ -၂၄ ခုနှစ် အတွင်းမှာ အဆိုးဆုံးထောင်ကို ညွှန်ပြဆိုရင် နံပါတ်တစ်နေရာကတော့ ဒိုက်ဦးအကျဉ်းထောင်ဖြစ်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဒိုက်ဦးထောင်မှ ခေါ်ထုတ်ခံခဲ့ရပြီးနောက် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရဘဲ ပျောက်ဆုံးနေသည့် နိုင်ငံရေးအကျဉ်းသား ၃၇ ဦးရှိပြီး ၎င်းတို့အနက် သေဆုံးကြောင်း အတည်ပြုနိုင်သူ (၈) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
AAPP မှ အတည်ပြုနိုင်ခဲ့သည့် သေဆုံးသူ ၈ ဦးမှာ ခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုဇင်မြင့်ထွန်း၊ ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်းနှင့် ကိုနေအေးတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒိုက်ဦးထောင်မှ ထောင်ပြောင်းရွေ့ရန် ခေါ်ထုတ်သွားရာမှ လမ်းတွင် နိုင်ငံရေးအကျဉ်းသားများကို တင်ဆောင်လာသည့်ကား စက်ချို့ယွင်းသည်ကို အခွင့်ကောင်းယူကာ ထွက်ပြေးသောကြောင့် ပစ်သတ်ခဲ့ဖြစ်သည်ဟု စစ်တပ်ဘက်မှ မိသားစုများကို အကြောင်းကြားကြောင်း ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
ပဲခူးရိုးမနှင့် ကပ်လျက် တည်ရှိသည့် ဒိုက်ဦးအကျဉ်းထောင်သည် လူနေရပ်ကွက်များနှင့် ဝေးကွာသောကြောင့် ထောင်တွင်း အခြေအနေများကို သိရှိရန် ခက်ခဲခြင်း၊ ထောင်ဝင်စာ တင်းကျပ်မှုများရှိခြင်း၊ ငှက်ဖျားရောဂါများ မကြာခဏဖြစ်ပွားတတ်ကြောင်း သိရသည်။
အကျဉ်းထောင်အတွင်း ငှက်ဖျားရောဂါများအဖြစ်များသော်လည်း အကျဉ်းဦးစီးဌာနမှ လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုများ မရရှိကြောင်း ဒိုက်ဦးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။
“ ပဲခူးရိုးမနဲ့ ထောင်နဲ့က ကပ်နေတာလေ၊ အဲဒီတော့ အကျဉ်းထောင်ထဲက အခန်းတွေမှာဆို ခြင်တွေ အရမ်းပေါတယ်။ ပြီးတော့ ပိုးဟပ်တို့ ကျန်တဲ့ အင်းဆက်တွေကလည်း ပေါတယ်။ ကျမဆို ထောင်ထဲမှာ ငှက်ဖျား ဖြစ်တော့ ပါရာစီတမော့ပဲ သောက်ရတယ်။ ဘာပဲဖြစ်ဖြစ် ထောင်ဝန်ထမ်းတွေက အဲဒီဆေးတစ်မျိုးပဲ ပေးပါတယ်” ဟု ဒိုက်ဦးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ဒိုက်ဦးအကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်၏ ဥပဒေမဲ့ ရိုက်နှက်မှုများ၊ သတ်ဖြတ်မှုများ၊ ဆေးဝါးလုံလောက်မှုမရရှိမှုများ စသည့် ပေါ်ပေါ်တင်တင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံရေး အကျဉ်းသားများ ရင်ဆိုင်နေကြရသည်။
ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသူများအပေါ် ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်သည် ထောင်အာဏာပိုင်များမှ လူ့အခွင့်အရေး အဆိုးဝါးဆုံးနှင့် အပြင်းထန်ဆုံးချိုးဖောက်နေမှုများကို မီးမောင်းထိုးပြနေခြင်းဖြစ်ပြီး လူသားတစ်ဦး၏ အခြေခံအခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ခွင့်ပင် အာမခံချက်မရှိတော့သည့်အပြင် ညှဉ်းပန်းမှုမှ ကင်းလွတ်ခွင့် လည်း လုံးဝ ဆုံးရှုံးလျက်ရှိနေခြင်းဖြစ်သည်။
“ လူတစ်ယောက်ဖြစ်နေရက်နဲ့ လူတစ်ယောက်လို ပြောခွင့် ကျမတို့မှာ မရှိဘူး။ လူကို လူလို ဆက်ဆံဖို့ပြောရင် အသတ်ခံရမယ့် အခြေအနေမျိုး ဖြစ်တဲ့အထိ စစ်တပ်ရဲ့ ယုတ်မာမှုတွေက အဆုံးစွန်ထိ ရောက်နေတယ်” ဆိုသည့် အသံများက အုတ်ရိုးများ၊ သံတိုင်များကြားမှ အကြိမ်ကြိမ်ပျံ့လွင့်လာသော်လည်း ထိုအသံများ အများကြားနိုင်ကြပါစေဟုသာ ဆိုချင်ပါသည်။