နိုင်ငံတကာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ဖျက်သိမ်းရန် NUCC က ဦးဆောင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ ဆုံးဖြတ်ခဲ့ကြောင်း NUCC က ဧပြီလ ၉ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဧပြီလ (၄) ရက်မှ (၉) ရက်အတွင်း (၅) ရက်တာ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံတွင် အဆိုပြုချက်/အကြံပြုချက် (၂၁) ချက်နှင့် ဆုံးဖြတ်ချက် (၃) ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
ဆုံးဖြတ်ချက် (၃) ရပ်အနက် အခြေခံလူ့အခွင့်ရေးနှင့် မွေးရာပါ အခွင့်ရေးများ ချိုးဖောက်ပြီး ခွဲခြားဖိနှိပ်များကြောင့် နိုင်ငံတကာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂) ကို ဖျက်သိမ်းရန် ပြည်သူ့ညီလာခံက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၁၉၈၂ နိုင်ငံသားဥပဒေနှင့် မျိုးစောင့်ဥပဒေအပါအဝင် ခွဲခြားဆက်ဆံသည့် ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်းသွားမည်ဟု NUG အစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကလည်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာခဲ့ဖူးသည်။
၁၉၈၂ နိုင်ငံသားဥပဒေသည် လူနည်းစုဘာသာဝင်များကိုသာမက နိုင်ငံရေးသမားများကို နှိပ်ကွပ်ရာတွင်လည်း လိုသလို အသုံးချခဲ့ကြောင်း တွေ့ရှိရသည်။ ၂၀၂၂ ခုနှစ်မတ်လတွင် NUG အစိုးရအဖွဲ့ဝင်တချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားများအား အာဏာသိမ်းစစ်ကောင်စီက အဆိုပါ ၁၉၈၂ နိုင်ငံသားဥပဒေကို အသုံးပြုလျက် နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာခဲ့သည်။
နိုင်ငံသား ဥပဒေ ဘယ်လိုအစပြုသလဲ
ဗိုလ်ချုပ်နေဝင်းသည် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင်စတင်သည့် “ နဂါးမင်းစစ်ဆင်ရေး” ဖြင့် ရိုဟင်ဂျာများကို နယ်နှင်ပြီးနောက် “ဟင်္သာစီမံချက်” ဖြင့် ၁၉၇၈ ခု စက်တင်ဘာလ (၁၅) ရက်မှ လက်ခံရေး စခန်းများ ဖွင့်လှစ်ကာ ပြန်လည်စိစစ် လက်ခံပေးပြီးနောက် ဖြစ်ပေါ်လာသည့် ဥပဒေတစ်ခုဖြစ်သည်။
၁၉၈၂ မြန်မာနိုင်ငံသားဥပဒေသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၁၉၄၈ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေကို အစားထိုးထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသားဥပဒေ (မူကြမ်း) ကို ၁၉၇၆ ခုနှစ်တွင် ဝန်ကြီးအဖွဲ့မှ နိုင်ငံတော်ကောင်စီသို့ တင်ပြရာ အချိန်ယူပြီး ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းရေးဆွဲရန် နိုင်ငံတော်ကောင်စီက ဆုံးဖြတ်ခဲ့သည်။ ၆ နှစ်ကြာအချိန်ယူပြင်ဆင်ခဲ့သည့် မြန်မာနိုင်ငံသားဥပဒေ (မူကြမ်း) တွင် ပါဝင်သည့် ဥပဒေပုဒ်မများအစား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်နေဝင်း လမ်းညွှန်မိန့်ကြားချက်များကိုသာ အခြေပြုသည့် နိုင်ငံသားဥပဒေအဖြစ် ၁၉၈၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
“သွေးမစစ်တဲ့ သွေးနှောတွေကို စောင့်ကြည့်ဖို့ လုပ်ခဲ့တာဖြစ်တယ်“ ဟု လူမျိုးစုရေးရာ သုတေသနပြုလုပ်နေသူ ကိုရဲဟိန်းအောင်က ဆိုသည်။
ဥပဒေက ဘယ်လိုဖိနှိပ်ထားလဲ။ ၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီ နိုင်ငံတွင်း ရောက်ရှိ နေထိုင်သည့်သူများမှ နိုင်ငံတွင်း မွေးဖွားသည့် သားသမီးများသည် နိုင်ငံသား လျှောက်ထားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံ၏ နယ်မြေ တခုခု၌ ၁၈၂၃ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေ ထိုင်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။
“ ဒီဥပဒေကြောင့် နစ်နာသူတွေကတော့ ဗမာ/ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတိုင်း နစ်နာတယ်။ ဒီဥပဒေရဲ့ အဓိက ပစ်မှတ်တွေကတော့ တရုတ်နဲ့ အိန္ဒိယနွယ်ဖွားတွေကို ပစ်မှတ်ထားပေမဲ့ တိုင်းရင်းသားတွေလည်း အလူးအလဲ ခံရတာ တွေ့တယ်။ ဒါက ခပ်ရိုင်းရိုင်းပြောရရင် အရည်အတွက်အရ ဗမာဇတ်သွင်းပြီး နိုင်ငံရေးအရ အသာစီးယူတာကတော့ ရှင်းလွန်းပါတယ်“ဟု ဒေါက်တာသန်းလွင်ဦးက ရှင်းပြသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်မှုကို
(၁) မိစစ် ဘစစ်၊ ဗမာမိဘအစစ်က မွေးသူ
(၂) တဦးသောသူသည် ဗမာနိုင်ငံသား (မိဘနှစ်ဦးအနက် တဦးဗမာဖြစ်သူ)
(၃) နိုင်ငံခြားမှ လာနေသူ
ဟူ၍ ခွဲခြားကာ ယင်း ၃ မျိုးအား တန်းတူအခွင့်အရေး မပေးနိုင်ရန် ဗိုလ်ချုပ်နေဝင်းက လမ်းညွှန် ထားခဲ့သည်။
“ ၈၂ ဥပဒေကြောင့် ဖွဲ့စည်းပုံနဲ့ မညီညွတ်ရင် ဖွဲ့စည်းပုံပါ ပြင်ဖို့ ဗိုလ်နေဝင်းက ညွှန်ကြားခဲ့တယ်။ ဆိုလိုတာက သွေးနှောတွေအပေါ်မှာ စနစ်တကျ ခွဲခြားမှုဆောင်ရွက်တာဖြစ်တယ်”ဟု လူမျိုးစုရေးရာ သုတေသနပြုလုပ်နေသူ ကိုရဲဟိန်းအောင်က ဆိုသည်။
မြန်မာနိုင်ငံသား ဥပဒေသည် မြန်မာနိုင်ငံအတွင်းရှိ လူများအပေါ် အဆင့်ခွဲခြားသတ်မှတ်ခြင်း၊ တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်းနှင့် တိုင်းရင်းသားမဟုတ်သူများအပေါ်ခွဲခြားဆက်ခဲမှုနှင့် ရန်လိုသည့် အမြင်များပေါ် တွင် အခြေခံရေးဆွဲထားခြင်းဖြစ်ပြီး ၁၉၈၈ နောက်ပိုင်းတွင် မွေးရာပါ နိုင်ငံသားများအကြားတွင် အခွင့်အရေး တန်းတူမရှိစေရန် ကန့်သတ်ခြင်းနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို ကန့်သတ်ဆောင်ရွက်ခြင်းများကိုပါ စစ်အာဏာရှင်များက ဥပဒေကိုကျင့်သုံးကာ ဖိနှိပ်လာခဲ့သည်။
“ ၁၉၈၂ ဥပဒေက လူနည်းစုတွေ၊ ဘာသာခြားတွေကို ခွဲခြားဖိနှိပ်တဲ့ ဖက်ဆစ်ဥပဒေဖြစ်တယ် “ဟု မြန်မာမွတ်စလင်တစ်ဦးဖြစ်သည့် ကိုစိုးနေဦးက ဆိုသည်။ နှစ်ပေါင်း ၄၂ နှစ်တိုင်အောင် ရိုဟင်ဂျာနှင့် မြန်မာမွတ်စလင်အပါအဝင် လူနည်းစုမျိုးနွယ်ဝင်များ၏ အခြေခံ မွေးရာပါ အခွင့်ရေးများကို ချိုးဖောက်ပြီး ခွဲခြားဖိနှိပ်ခဲ့သည့် ဥပဒေဖြစ်သည်။
၈၂ ဥပဒေမှသည် လူမျိုးတုန်းသတ်ဖြတ်မှုဆီသို့
မြန်မာနိုင်ငံတွင် အစိုးရဆက်ဆက်သည် ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ရန်အတွက် ခွဲခြားဆက်ဆံသည့် အုပ်ချုပ်မှုအစီအမံများကို ပြုလုပ်ခဲ့ကြောင်း “လူမျိုးတုန်းသတ်ဖြတ်မှု၏ လက်နက်ကိရိယာများ” Fortify Right ၏ ၂၀၁၉ အစီရင်ခံစာအရ သိရသည်။
၁၉၈၂ နိုင်ငံသားဥပဒေကို အသုံးပြုပြီး အစိုးရအဆက်ဆက်သည် ဥပဒေက သတ်မှတ်ထားသော နိုင်ငံသား တိုင်ရင်းသား ၁၃၅ မျိုးတွင် မပါဝင်သူများကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်လျက်ရှိသည်။ ရိုဟင်ဂျာများသည် ထိုတိုင်းရင်းသာအုပ်စုထဲတွင် မပါဝင်သဖြင့် နိုင်ငံသားဖြစ်ခွင့်ကို လုံးဝဖယ်ရှားထားသည်။
ရိုဟင်ဂျာများအား “နိုင်ငံခြားသား”ဟု ခွဲခြားထားသည့် နိုင်ငံသားစိစစ်ရေးကဒ်များကို ရိုဟင်ဂျာများလက်ခံ လာစေရန် အင်အားသုံးခြင်း၊ အတင်းအကျပ်စေခိုင်းခြင်းများကို ပြုလုပ်ခဲ့ပြီး မြန်မာ အာဏာပိုင်များက ရိုဟင်ဂျာများ လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ခြင်းကို ပြုလုပ်ခဲ့သည်။
၂၀၁၇ ခုနှစ် NLD အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် The National Verification Card (NVC) လုပ်ငန်းစဉ်တွင် ရိုဟင်ဂျာများကို “ဘင်္ဂလီ” ဟု သုံးနှုန်းရန်နှင့် NVC ကို အတင်းအကျပ်လုပ်ကိုင်ရန် အင်အားသုံးခြိမ်းခြောက်မှုဖြစ်ခဲ့သည်။
၂၀၁၇ ခုနှစ် သြဂုတ်လတွင် စစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘော်တူလာရွာရှိ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ထွက်ပြေးစေရန် အင်အားသုံးတိုက်ခိုက်ခဲ့သည်။
ယင်းဖြစ်စဉ်နောက်ပိုင်း မြန်မာလက်နက်ကိုင်စစ်တပ်နှင့် ရဲများက ရခိုင်ပြည်နယ် မြောက်ပိုင်း တစ်လျှောက်ရှိ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများကို အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းများကို ကျူးလွန်ပြီးနောက်တွင် ရိုဟင်ဂျာ (၈) သိန်းခန့်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးစေခဲ့ကြောင်း Fortify Right ၏ ၂၀၁၉ အစီရင်ခံစာအရသိရသည်။
“ဒီမိုကရေစီ စံနှုန်းတွေ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အကြီးအကျယ်လွဲချော်နေတာတွေ့ရတယ်။ ဒီနေရာမှာ Dr. Zar Ni ရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ပတ်သက်တဲ့ မှတ်ချက်ကို သဘောကျတယ်။ Slow Burning of Genocide ဆိုပြီး သုံးစွဲသွားတာ လက်တွေ့မှာ အမှန်တရားပဲ။ လက်တွေ့ သာဓကတွေလည်း အများကြီးပဲလေ“ဟု Minority Affairs Institute – MAI (Myanmar) ဥက္ကဋ္ဌ ဒေါက်တာသန်းလွင်ဦးက ဆိုသည်။
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များအတွင်းရှိ ရဲကင်းစခန်း (၃၀) နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်းဌာနချုပ်တို့အား ဘင်္ဂါလီအကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများက ဖော်ပြခဲ့ကြသည်။
တိုက်ခိုက်မှုများကို ARSA (Arakan Rohingya Salvation Army) အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ARSA ၏ တိုက်ခိုက်မှုများကို ပြန်တုံ့ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်အားကို လက်ရှိ ရှိသည့် အင်အားထက် တိုးမြှင့်ချထားရေးနှင့် တပ်မတော် တပ်ဖွဲ့အင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ကျူးလွန်သူများအပြင် ရိုဟင်ဂျာ ပြည်သူများကိုပါ ဦးတည်ချက် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့ကြကြောင်း လူမျိုးစုရေးရာသုတေသနပြုလုပ်နေသူ ကိုရဲဟိန်းအောင်က ဆိုသည်။
နိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များအပါအဝင် လူနည်းစုဘာသာဝင်များ မှတ်ပုံတင်အခက်အခဲနှင့် တွေ့ကြုံခဲ့ရပြီး အလုပ်အကိုင်အခွင့်ရေးများ၊ ပညာသင်ကြားခွင့်များနှင့် နိုင်ငံသားအခွင့်ရေးများ ဆုံးရှုံးခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်တို့တွင် နိုင်ငံမဲ့ဘဝရောက်ရှိသွားသူ အများအပြားလည်း ရှိနေသူများအတွက် မြန်မာနိုင်ငံသားပြန်ရနိုင်သည့် မျှော်လင့်ချက်တစ်ခုဖြစ်လာနိုင်သည်။
“မြန်မာပြည်မှာ ကွဲပြားမှုနှင့် ယဉ်ကျေးမှုပေါင်းစုံ ထွန်းကားဖို့၊ နိုင်ငံမဲ့တွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် ဒီဥပဒေကိုဖျက်သိမ်းဖို့လိုတယ်။ ဒီဟာက လူ့အခွင့်ရေးနဲ့မလျှော်ညီတာအမှန်ပဲ “ဟု ကိုရဲဟိန်းအောင်က ဆိုသည်။
၁၉၈၂ ဥပဒေဖျက်သိမ်းခြင်းကြောင့် စနစ်တကျဖယ်ကျဉ်ခံထားရသည့် လူနည်းစုများ လက်ရှိတော်လှန်ရေးကို ပိုမိုယုံကြည်လာပြီး လူနည်းစုဘာသာဝင်များ ဗမာ (မြန်မာ) နှင့် တခြားသော လူမျိုးစု လူနည်းစုကြားမှာ ယုံကြည်မှုများတိုးပွားလာနိုင်ကြောင်း မြန်မာမွတ်ဆလင် တစ်ဦးဖြစ်သည့် ကိုစိုးနေဦးက ရှင်းပြသည်။
“အနာဂတ် နိုင်ငံမှာ နိုင်ငံသားအဆင့်အတန်းက ၁ မျိုးတည်းပဲ ရှိသင့်တော့တယ်။ အနာဂတ်မှာ ထုတ်ပေးမည့် နိုင်ငံသား ID တွေမှာ လူမျိုး/ဘာသာ မထည့်သင့်ဘဲ နိုင်ငံသားဖြစ်ကြောင်း သက်သေခံမှုဘဲဖြစ်ရပါ့မယ်“ Minority Affairs Institute – MAI (Myanmar) ဥက္ကဋ္ဌ ဒေါက်တာသန်းလွင်ဦးက ဆိုသည်။
ကိုးကား
– BHRN
– MCRS
– Fortify Right ၏ ၂၀၁၉ အစီရင်ခံစာ