” မည်သူကိုမျှ အဖွဲ့အစည်း တစ်ခုသို့ ဝင်စေရန် အတင်းအကျပ် မပြုရ ” ဟု ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံ အစိုးရကို စစ်တပ်က ၎င်းတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖောက်ဖျက်ကာ အာဏာသိမ်းခဲ့သည်။
ထို့ကြောင့် များစွာသော အစိုးရ၀န်ထမ်းများသည် အာဏာသိမ်းစစ်တပ်၏ လက်အောက်၌ စစ်အာဏာရှင် ယန္တရားအား မောင်းနှင်ပေးလိုခြင်း မရှိသည့်အတွက် အကြမ်းမဖက် အာဏာဖီဆန်ခြင်း (Civil Disobedience Movement) ဖြင့် လုပ်ငန်းခွင်များသို့ သွားရောက်ခြင်းကို ရပ်ဆိုင်းပစ်ခဲ့ကြသည်။
ထိုသို့ CDM ပြုလုပ်ခဲ့သည့် အစိုးရဝန်ထမ်း နှစ်သိန်းကျော်ရှိခဲ့ပြီး ၎င်းတို့အနက် အများစုမှာ စားဝတ်နေရေး အဖက်အဖက်က ကျပ်တည်းနေသည့်ကြားမှ CDM ဆက်လက်ပြုလုပ်နေကြဆဲ ဖြစ်သည်။
အာဏာသိမ်း စစ်တပ်သည် ခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းလမ်းဖြင့် CDM ဝန်ထမ်း အများအပြားအား အလုပ်ဖြုတ်ပစ်ခဲ့သလို တစ်ဖက်တွင်လည်း ၎င်းတို့၏ ဗျူရိုကရက်များအဖြစ် ပြန်လည် လာရောက်လုပ်ကိုင်ရန် သွေးဆောင်ခဲ့သည်။
သို့သော် စစ်အာဏာရှင်များ၏ ဗျူရိုကရက် ဘ၀အား ပြတ်ပြတ်သားသား ငြင်းပယ် ဆန့်ကျင်ခဲ့သည့် CDM ဝန်ထမ်းများကြောင့် အာဏာသိမ်းစစ်တပ်၏ ဗျူရိုကရေစီ ယန္တရားသည် ယခု သုံးနှစ်ကျော်ကြာခဲ့ချိန်အထိ ကမောက်ကမ ဖြစ်ကာ ကောင်းစွာလည်ပတ်နိုင်ခြင်း မရှိထားသေးပေ။
ထို့ကြောင့်ပင် CDM ဝန်ထမ်းများသည် စစ်အာဏာရှင်များ၏ ရန်ငြိုးကို ရင်ဆိုင်ခဲ့ကြရပြီး လူသား တစ်ဦးခြင်းစီတိုင်း ရရှိခံစားခွင့်ပိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးတားမြစ်ခံရခြင်းများကို ကြုံတွေ့ရလျှက် ရှိနေသည်။
“ မည်သူကိုမျှ အဖွဲ့အစည်း တစ်ခုသို့ ဝင်စေရန် အတင်းအကျပ် မပြုရ “ ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၌ အတိအလင်း ဖော်ပြထားသော်လည်း စစ်အာဏာရှင်၏ ဗျူရိုကရက်များ မဖြစ်လိုသူ CDM ဝန်ထမ်းများအတွက်တော့ အဆိုပါ အခွင့်အရေးက စာရွက်ပေါ်မှ ဖတ်ကောင်းသော ပုံနှိပ်စာသားလေး တစ်ခုမျှသာ ဖြစ်နေခဲ့ရသည်။
အကျပ်ကိုင် ဖိအားပေး ခိုင်းစေခြင်းကို ခံရသဖြင့် အချိူ့သော CDM ဝန်ထမ်းများသည် စစ်အာဏာရှင်များ၏ ဗျူရိုကရက် ဘဝသို့ မိမိ၏ စိတ်ဆန္ဒမပါဘဲ ဝင်ရောက်လာခဲ့ရသည်။
မွန်ပြည်နယ်မှ အစိုးရဝန်ထမ်း အမျိုးသမီးတစ်ဦးသည်လည်း အဆိုပါ အခြေအနေအား ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
အဆိုပါ အမျိုးသမီးက အစိုးရဝန်ထမ်းအဖြစ် နှစ်၂၀ကျော် လုပ်သက် ရှိခဲ့သူဖြစ်ပြီး သူမ၏ ဘ၀ တစ်လျှောက် အစိုးရ ဗျူရိုကရက်တစ်ဦး အဖြစ်သာ အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။
စစ်အာဏာသိမ်းလိုက်ချိန်တွင် သူမအနေဖြင့် အာဏာရှင်၏ ဗျူရိုကရက် တစ်ယောက်အဖြစ် နေထိုင်ရမည်ကို ရှက်ရွံ့လာခဲ့သည်။
လူထု ဆန္ဒမဲဖြင့် တက်လာသည့် အစိုးရတစ်ရပ်အောက်၌ တာဝန်ထမ်းဆောင်ရခြင်းမျိုး မဟုတ်တော့သည့် အပြင် လူထုဆန္ဒအား အကြမ်းဖက်ကာ အာဏာသိမ်းထားသည့် စစ်တပ်၏ လက်အောက်၌ လုပ်ကိုင်ရမည့် အဖြစ် ဖြစ်သဖြင့် CDM လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
အာဏာသိမ်း စစ်တပ်မပိုင်သည့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေ၍ နေထိုင်ခွင့်ရထားသည့် အစိုးရလိုင်းခန်း၌ နေထိုင်ရင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လလယ်တွင် သူမ CDM ပြုလုပ်ခဲ့သည်။
သူမ တာဝန်ထမ်းဆောင်ရာ ဌာနတစ်ခုလုံးနီးပါး CDM ပြုလုပ်ခဲ့သော်လည်း အချိန် တစ်လခန့်ပင် မကြာလိုက် အာဏာသိမ်း စစ်တပ်၏ ခြိမ်းခြောက် အကျပ်ကိုင်မှုများကို ကြုံလာခဲ့ရသည်။
ပထမဆုံး ကြုံတွေ့ရသည်မှာ ရုံးမတက်သူများအား အလုပ်မှ ရပ်ဆိုင်းမည် ဟူသည့် ခြိမ်းခြောက်မှု ဖြစ်သည်။ စစ်အာဏာရှင် ဗျူရိုကရက် မဖြစ်လို၍ CDM ပြုလုပ်ခဲ့ပြီး ဖြစ်၍ ဤအချက်ကို သူမ မမှုလှပေ။
သို့သော် အာဏာသိမ်း စစ်တပ်က ထပ်တိုး၍ ခြိမ်းခြောက် အကျပ်ကိုင်မှုများကို တစ်ခုခြင်း ပြုလုပ်လာခဲ့သည်။ ရိုးသားမှုကို တန်ဖိုးထား ဂုဏ်ယူတတ်သည့် သူမ အတွက် အစိုးရဝန်ထမ်း သက်တမ်းတစ်လျှောက် စုမိဆောင်းမိသည့် စည်းစိမ်ဥစ္စာဟူ၍ မရှိပေ။
လုပ်သက် နှစ် ၂၀ ဆယ်ကျော် ရှိသော်လည်း ပြန်တမ်းဝင် အရာရှိပင် မဟုတ်သည့် သူမ အတွက် ရသည့် လစာက တစ်လလျှင် သုံးသိန်း မပြည့်၊ နိုင်ငံ့တာဝန်ထမ်း၍ နိုင်ငံကပေးသည့် ပေနှစ်ဆယ်၊ လေးဆယ်မျှ ကျယ်သည့် ခနော်နီ ခနော်နဲ့ ဝန်ထမ်းလိုင်းခန်းလေးသည်သာ သူမ အတွက် နားခိုစရာ တစ်ခုတည်းသော နေအိမ်ဖြစ်သည်။
ယခု နိုင်ငံကို စစ်အာဏာရှင်များက သိမ်းပိုက်လိုက်ပြီ ဖြစ်၍ သူမ CDM ပြုလုပ်ခြင်းသာ ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဘဝမှ နုတ်ထွက်ခြင်း မဟုတ်ပေ။
သို့သော် အာဏာသိမ်း စစ်တပ်က CDM များအား အလုပ်မှ ထုတ်သည့်အပြင် နေထိုင်သည့် လိုင်းခန်းများမှပါ ဖယ်ပေးရမည်ဟု ဆိုလာခဲ့သည်။
မဖယ်ပေးပါက အတင်းအကျပ် နှင်ချမည်ဟုလည်း ခြိမ်းခြောက်သည်။ သူမ တင်းခံနေခဲ့သေးသည်။ ဌာနတစ်ခုလုံးတွင် CDM ဝန်ထမ်းဟူ၍ သူမ သာ ကျန်ရှိတော့သည်။ ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်း၌ သူမ ထံသို့ အထက်အရာရှိ တစ်ယောက်က ဆက်သွယ်လာခဲ့သည်။
အခြားသော ဝန်ထမ်းများကဲ့သို့ ခံဝန်လက်မှတ်ထိုး၍ ရုံးပြန်တက်ရန်နှင့် ထိုသို့ မပြုလုပ်ပါက ပြည်သူ့ဝန်ထမ်း ဥပဒေဖြင့် အရေးယူ ဖမ်းဆီးမည်ဟုလည်း ပြောဆိုလာခဲ့တော့သည်။
ရက်စက်ကြမ်းကြုတ်လွန်းသည့် စစ်အာဏာရှင်များ၏ ဗျူရိုကရက် တစ်ယောက် မဖြစ်ချင်ခြင်းသည်သာ သူမ ၏ ပကတိ ဆန္ဒ ဖြစ်သည်။
မည်သည့် တက်ကြွလှုပ်ရှားသူနှင့်မျှ မရင်းနှီး မသိရှိသူ သူမ အတွက် အမိမြေ၌ ပြေးစရာ မြေမရှိခဲ့ချေ၊ သို့ဖြင့် သူမ စစ်အာဏာရှင်များ၏ ဗျူရိုကရက်အဖြစ် အတင်းသွပ်သွင်း ခံလိုက်ရတော့သည်။
သုံးနှစ်တာကာလအတွင်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်မှု သတင်းများကို ကြားတိုင်း သူမ ကိုယ့်ကို ကိုယ် ရှက်ရွံ့သည်။
ယခုတော့ သူမ နေထိုင်ရာ နေရာအနီး တော်လှန်ရေး တပ်ဖွဲ့များ၏ သေနတ်သံ၊ ဗုံးသံများ ခပ်စိတ်စိတ် ကြားလာနေရသည်။
ထိုအသံများကို သူမ မကြောက်၊ ခပ်မြန်မြန် လာသိမ်းရန်ပင် ဆုတောင်းနေခဲ့သေးသည်။ သို့မှသာ အတင်းအကျပ် သွပ်သွင်းခံထားရသည့် စစ်ဗျူရိုကရက် ဘဝမှ သူမ လွတ်မြောက်မည်ဟုလည်း မျှော်လင့်လျှက် ရှိသည်။
အတင်းသွပ်သွင်းခံရသော စစ်ဗျူရိုကရက် တစ်ယောက်သည်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်း ဖြစ်သကဲ့သို့ စစ်ဗျူရိုကရက် မဖြစ်လိုသူများသည်လည်း မတူညီသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် ၂၃ ၌ ယခုကဲ့သို့ ဖော်ပြထားသည်။
” လူတိုင်းတွင် အလုပ်လုပ်ရန် လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သည့် အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန် လည်းကောင်း အခွင့်အရေး ရှိသည်” ဟူ ၍ ဖြစ်သည်။
မမေဇော် (အမည်လွှဲ) သည် ယခင် အရပ်သား အစိုးရလက်ထက်က ရန်ကုန်မြို့ ၌ တာဝန်ထမ်းဆောင်ခဲ့သည့် အစိုးရဝန်ထမ်း တစ်ယောက်ဖြစ်သည်။ တာဝန်ချိန်ပြင်ပ၌ အထည်ရောင်းသည့် အလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။
ကိုဗစ် ကပ်ရောဂါ ပြင်းထန်နေသည့် ကာလတွင်ပင် စုမိဆောင်းမိထားသည့် ငွေကြေးများ၊ ဝန်ထမ်း လစာများဖြင့် သူ မ အတွက် အခက်အခဲ များများစားစား မရှိခဲ့ပေ။ သို့သော် စစ်အာဏာသိမ်းမှု ဖြစ်လာချိန်တွင်တော့ အရာရာက ကပြောင်းကပြန် ဖြစ်လာခဲ့တော့သည်။
သူမ၏ အလုပ်ခွင်သည် အာဏာသိမ်း စစ်တပ်အောက်သို့ ရောက်သွားခဲ့ပြီ ဖြစ်၍ တရားမျှတ၍ လုပ်ပျော်သည့် လုပ်ငန်းခွင် တစ်ခုအဖြစ် ခံယူရှုမြင်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်က စပြီး သူမCDM ပြုလုပ်ခဲ့သည်။
အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ခဲ့ပြီ ဖြစ်၍ သူမတို့ မိသားစုအား အာဏာသိမ်း စစ်တပ်က ရန်ပြုလာတော့မည် ဖြစ်သည်။ မိဘများကလည်း CDM ပြုလုပ်ခဲ့ပြီဖြစ်၍ အာဏာသိမ်းစစ်တပ်က သူမ တို့ အား ဖမ်းဆီးရန် ၂၀၂၁ ခုနှစ် မတ်လလယ်၌ ဝရမ်းထုတ်လာခဲ့သည်။
ထို့ကြောင့် ရန်ကုန်ကို စွန့်ခွာကာ နယ်မြို့ တစ်မြို့ဆီသို့ မိသားစုလိုက် ပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အလုပ်မရှိတော့သည့် သူမတို့ မိသားစု စား၀တ်နေရေး ကျပ်တည်းလာခဲ့သည်။
ယခင် အထည်ရောင်းခဲ့စဥ်က ရရန်ရှိသည့် ငွေကြေးများမှာလည်း နယ်မြို့သို့ တိမ်းရှောင်နေရစဥ်အတွင်း မကောက်နိုင်တော့သဖြင့် ဆုံးရှုံးခဲ့ရသေးသည်။
ထို့ကြောင့် ရန်ကုန်သို့ အလုပ်တစ်ခုခု ရှာဖွေလုပ်ကိုင်ရန် အာဏာသိမ်း စစ်တပ်၏ အစစ်အဆေးများကို ရှောင်ရှားကာ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဘ၀တူ CDM ဝန်ထမ်း အချင်းချင်း ဖေးမကူညီမှုများကြောင့် သူမ ရန်ကုန်၌ အလုပ်တစ်ခု ပြန်ရခဲ့သည်။
အစားအသောက် ရောင်းချသည့် အလုပ်တစ်ခု ဖြစ်သည်။ သို့သော် လပိုင်းအတွင်း အဆုံးအရှုံးများဖြင့် ရင်ဆိုင်ရပြီး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရပြန်သည်။ ထို့နောက် သူမ ကိုယ်၀န်ရှိလာခဲ့ပြီး မီးဖွားချိန်အထိ CDM ၀န်ထမ်းများကို ထောက်ပံ့သည့် အကူအညီများကို အားကိုးကာ ရပ်တည်ခဲ့ရသည်။
CDM ဝန်ထမ်း ဖြစ်နေ၍ သူမ အတွက် လွတ်လပ်စွာ အလုပ်အကိုင် ရှာဖွေရန် အခြေအနေမပေးပေ။
ရန်ကုန်၌ သူမတို့ မိသားစု ရှိနေသည်ကို စစ်တပ်က မသိစေရန် အမြဲတစေ သိုသိုသိပ်သိပ် နေထိုင်နေရသည်။
ထိုအချိန်တွင် သူမ ခင်ပွန်းက နေ့စားအဖြစ် ရရာ အလုပ်လုပ်ကိုင်ရင်း ရှာဖွေနေခဲ့သော်လည်း မွေးကင်းစ ရင်သွေးငယ် အမွှာနှစ်ဦး၏ နို့မှုန့်ဖိုးအတွက်ပင် အနိုင်နိုင် ဖြစ်နေခဲ့ရသည်။
အာဏာသိမ်းကာလ ကြာရှည်လာသည်နှင့်အမျှ အခက်အခဲက ပို၍ ဆိုးလာနေသည်။ သူမ နေထိုင်ရာ နေရာအနီး ဧည့်စာရင်း စစ်ချိန်၊ အာဏာသိမ်း စစ်သားများ ရောက်လာချိန်တိုင်း စိုးရိမ်ပူပန်နေရသေးသည်။
အစိုးရဝန်ထမ်း တစ်ဦးဖြစ်ပေမယ့် အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ်ကိုတော့ မရခဲ့ပေ။ စစ်ဗျူရိုကရက်တစ်ယောက်အဖြစ် မခံယူခဲ့၍ နှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အား ဆုံးရှုံးနေခဲ့ရသည်။
သို့သော် စစ်အာဏာရှင် ဗျူရိုကရေစီ ယန္တရားကို အမြစ်ဖြတ်မည့် တော်လှန်ရေး အောင်ပွဲ သတင်းများကို နားစွင့်ရင်း သူမ အားတင်းထားနေဆဲ ဖြစ်သည်။ နေ့စဥ် ရင်သွေးငယ်များအတွက် နို့မှုန့်ဖိုးအား ပူပန်နေရပေမယ့် တိုင်းပြည် စစ်ကျွန်ဘ၀ ရောက်နေခြင်းအား သူမ ပို၍ စိုးရိမ်ပူပန်မိသည်။
စစ်ကျွန်ဘ၀မှ လွတ်မြောက်မှသာလျှင် သူမ၏ မွေးရာပါ လူသား ရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်အား ပြန်ရမည်ဟုလည်း ခိုင်ခိုင်မာမာ ယုံကြည်လျှက် ရှိနေသည်။
မမေဇော် (အမည်လွှဲ) ကဲ့သို့ မထင်မရှား CDM ဝန်ထမ်းများ ထက်ပို၍ လူသိများသည့် CDM လှုပ်ရှားမှုကို ဦးဆောင်သူများက စစ်အာဏာရှင်များ၏ အငြိုးတကြီး ရန်ငြိုးဖွဲ့ ဒုက္ခပေး ဖိနှိပ်မှုများကို ရင်ဆိုင် ကြုံတွေ့ရလေ့ရှိသည်။
ကိုဖြိုးဝေအောင်က ပညာရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ယခင် အရပ်သား အစိုးရလက်ထက်ကပင် ပညာရေးနှင့်ပတ်သတ်ပြီး ရပိုင်ခွင့် ရှိသည့် အခွင့်အရေးများကို တက်တက်ကြွကြွ ဦးဆောင် တောင်းယူ လှုပ်ရှားခဲ့သူ ဖြစ်သည်။
စစ်အာဏာသိမ်းချိန်တွင်လည်း CDM လှုပ်ရှားမှုအား ဦးဆောင်သူများထဲတွင် ပါဝင်ခဲ့သည်။
ကိုဖြိုးဝေအောင်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ မှ ” လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့် ရှိသည်” ဆိုသည့် အချက်ကို အလေးအနက်ထားသူတစ်ယောက်လည်းဖြစ်သည်။
အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက် မရှိဘဲ လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့် ပါဝင်သည့် အပြင် နိုင်ငံ နယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာများနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူ ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချိခွင့်တို့ လည်း ပါဝင်သည်” ဟူသည့် လူသားတစ်ယောက်၏ မွေးရာပါ ရပိုင်ခွင့်အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အာဏာသိမ်း စစ်တပ်က ၎င်းတို့၏ စစ်ဗျူရိုကရေစီ ယန္တရားကို ဖျက်ဆီးနေသူ အဖြစ်သာ ရှုမြင်သည်။ ထို့ကြောင့် ကိုဖြိုးဝေအောင်၏ လူသားအခွင့်အရေးများအား ပုံစံမျိုးစုံဖြင့် ဖိနှိပ် ချိုးဖောက်လာခဲ့တော့သည်။
လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ ၌ ” လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှု ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်” ဟု ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ပေါ်ပေါ်တင်တင်ပင် ကျူးလွန်နေရာ ၎င်းတို့ ၏ ရန်သူအဖြစ် ရှုမြင်ခံရသူ ကိုဖြိုးဝေအောင်အတွက် အသက်ရှင်သန်ရန် လွတ်လပ်ခွင့်၊ လုံခြုံစိတ်ချခွင့်များ ရရှိရေး ၎င်းတို့ လက်အောက်မှ ထွက်ပြေးတိမ်းရှောင်ရန်သာ ဖြစ်လာခဲ့ရသည်။
လူ့အခွင့်အရေး ကြေညာစာတမ်း “ အပိုဒ် ၉” ပါ မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကို မခံရစေရဟူသော အချက်အားလည်း အာဏာသိမ်း စစ်တပ်သည် မည်သည့်အခါမျှ ဂရုပြုခဲ့ခြင်း မရှိပေ။
ကိုဖြိုးဝေအောင်အတွက် ဥပဒေမဲ့ ဖမ်းဆီးခံရမည့် အရေးကို ရှောင်နိုင်ရန်အတွက် အမိမြေကို စွန့်ခွာကာ အိမ်နီးချင်း နိုင်ငံ၏ နယ်စပ်မြို့လေးတစ်ခုသို့ ထွက်ပြေးခဲ့ရသည်။
ကလေးများအား ပညာသင်ပေးသည့် ကျောင်းဆရာဘဝ၊ မြေဖြူကိုင်သည့် လက်များက တိုင်းတစ်ပါး၌ အလုပ်ကြမ်း လုပ်ကိုင်ရန် ဖြစ်လာခဲ့သည်။
ဘာသာစကား အခက်အခဲ၊ အမိမြေမဟုတ်သည့် အခြေအနေက အလုပ်ကြမ်းမှ တစ်ပါး အခြား လုပ်ရန် မရှိခဲ့ပေ။ တိုင်းတစ်ပါးဖြစ်၍ မည်သူ့ကို တွေ့တွေ့ ခေါင်းမော့ရင်ဆိုင်၍ မရ၊ တရားဝင်မှု ပြဿနာက အနောက်တွင် ရှိနေသည်။
အာဏာသိမ်း စစ်တပ် လက်အောက်မှာထက်တော့ ပို၍ စိတ်ချလုံခြုံမှုကို ခံစားရသည်။
အမိမြေ၌ စိတ်ချလက်ချ အိပ်ရေး ဝဝ အိပ်ခွင့်မရခဲ့သမျှ တိုင်းတစ်ပါး၌ အိပ်ရေး ဝဝ အိပ်ခွင့်လေးတော့ ရထားသည်။ ညနက် သန်းခေါင် အကြမ်းဖက် ဖမ်းဆီးခံရမည့် အရေးကို စိုးရိမ်ရရန် မရှိတော့ပေ။
သို့သော် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၃ ပါ “ လူတိုင်းတွင် မိမိနိုင်ငံ၏ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိရမည်” ဆိုသည့် အချက်သည် ပျောက်ဆုံးခဲ့ရသည်။
လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှ လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့် ရှိသည့် အပြင် မိမိ၏ တိုင်းပြည်သို့ ပြန်လာပိုင်ခွင့် လည်း ရှိသည်” ဟူသည့် လူသားအခွင့်အရေးကိုတော့ ဆုံးရှုံးနေရဆဲ ဖြစ်သည်။
ကိုဖြိုးဝေအောင်တို့ကဲ့သို့ CDM ဝန်ထမ်းများ ရင်ဆိုင်နေရသည့် အာဏာသိမ်း စစ်တပ်၏ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူသားအခွင့်အရေးများကို ချိုးဖောက်ကာ ဖိနှိပ် ရက်စက်နေမှုများအား နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်ရန် ပျက်ကွက်နေဆဲပင် ဖြစ်သည်။
ကမ္ဘာ့အစိုးရအဖြစ် ရည်ရွယ်ကာ ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂအဖွဲ့ကြီးသည် ကမ္ဘာ့လူသားတိုင်း ရပိုင်ခွင့် ရှိသည့် အခွင့်အရေးများကို သတ်မှတ်ကြေညာပေးထားသော်လည်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် ကမ္ဘာတစ်ဝန်းမှ အလားတူ ဖြစ်စဥ်များအားလည်း ထိရောက်စွာ အရေးယူကိုင်တွယ် ဖြေရှင်းထားနိုင်ခြင်း မရှိပေ။
လူ့အခွင့်အရေးကြေညာစာတမ်း၏ အဆုံးသတ်၌ ” ဤ ကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာ ပျက်စီးကြောင်းကို ရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက် ဖြစ်စေ၊ လူတစ်ဦး တစ်ယောက်အတွက် ဖြစ်စေ ပါဝင်ဆောက်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည် ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ” ဟု ဖော်ပြထားလေသည်။
သို့သော်လည်း ဗမာ စစ်အာဏာရှင်များကတော့ ပေယျာလကန် (လျစ်လျူရှုသည်) ပြုထားဆဲ၊ ဖိနှိပ်မှုများကို ကျူးလွန်နေဆဲပင်ဖြစ်သည်။
ပြဋ္ဌာန်းပြီးခဲ့သည်မှာ နှစ် ၇၀ ကျော် ရှိခဲ့ပြီဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ယခုကဲ့သို့ ဆိုထားသည်။
“ လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက် ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှင်းပန်းမှုတို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း ပုန်ကန်ခြင်း မပြုစေရန် လူ့အခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်သောကြောင့် သော်လည်းကောင်း” ဟူ၍ ဖြစ်သည်။
အဆိုပါ စကားချီးအတိုင်းပင် မြန်မာနိုင်ငံ၌ ဖြစ်နေခဲ့ပြီး အကြမ်းမဖက် အာဏာဖီဆန်မှုအား စစ်အာဏာရှင်များက တရားလက်လွတ် ဖိနှိပ်လာခဲ့ရာမှ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ အကြမ်းမဖက် အာဏာဖီဆန်ကာ စစ်ဗျူရိုကရက် အဖြစ်မခံသည့် CDM ဝန်ထမ်း နှစ်သိန်းနီးပါးသည် စစ်အာဏာရှင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကြံ့ကြံ့ခံကာ CDM လက်နက်ကို ကိုင်ဆွဲ၍ တိုက်ပွဲ၀င်လျှက် ရှိနေဆဲပင် ဖြစ်သည်။