ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်) ညနေပိုင်းက အရပ်၀တ်ဖြင့် စစ်ကောင်စီ တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု တာမွေမြို့နယ် ၊ သီတာလမ်းမှတ်တိုင် အနီး၌ ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သတ်၍ MPA က မျက်မြင် တွေ့ရှိခဲ့သူများအား မေးမြန်းခွင့်ရခဲ့ပြီး လူစည်ကားရာ မှတ်တိုင် တစ်ခု၌ စစ်ကောင်စီ တပ်ဖွဲ့များ၏ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ပုံများအား ပုံဖော်နိုင်ရန် ခိုင်လုံသော အထောက်အထား များ ရရှိခဲ့သည်။
ဤ အကြောင်းအရာများအား စာဖတ်သူပြည်သူများ သ်ိရှိနိုင်ရန် MPA က စုံစမ်းဖော်ထုတ် တင်ဆက်ပေးလိုက်ရပါ သည်။
“ ကျားကွက်သစ်ထဲက ညနေခင်း ဆန္ဒပြပွဲ”
သီတာလမ်း ဖြစ်စဥ်က ဒီဇင်ဘာ ၈ ရက်၊ ညနေ ၆နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဥ် မဖြစ်မီ နှစ်နာ ရီ၀န်းကျင်အလို ညနေ ၄နာရီကျော်က နှစ်မှတ်တိုင်မျှဝေးသည့် ကျောက်မြောင်း ၊ ကျားကွက်သစ်လမ်းမပေါ်၌ လူငယ် တစ်စုက အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ခဲ့သည်။
တာယာအဟောင်းများကို လမ်းမပေါ် မီးပုံရှို့၍ အရေးတော်ပုံအောင်ရမည် ဟု ကြွေးကြော် ဆန္ဒပြခဲ့သည့် အဆိုပါ လူငယ်တစ်စုက မိနစ်ပိုင်းမျှသာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ဒေသခံ မဟုတ်လျှင် မျက်စိလည် လမ်းမှားတတ်သည့် ကျောက်မြောင်း တစ်ကြောက ဆန္ဒပြလူငယ်များ ခြေရာ ဖျောက်ရန် အခက်ကြုံခဲ့ဖွယ်ရှိသည်။
” ကလေးတွေကြည့်ရတာ လမ်းမကျွမ်းတဲ့ပုံပဲ၊ သူတို့က လမ်းတွေထဲ ၀င်ပြေးပေမယ့် နောက်ဆုံးကြ ကျားကွက်သစ် လမ်းပေါ်ပဲ ပြန်ရောက်လာကြတယ်။ ပြီးတော့လည်း သတိပဌာန်ဘက်ကပဲ ထွက်သွားကြတယ်” ဟု ကျားကွက်သစ် လမ်းမအနီး နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ကျားကွက်သစ် လမ်းမတစ်လျှောက် နေထိုင်သည့် ဒေသခံများ ၏ ပြောစကားများအရ ဆန္ဒပြ လူငယ်များမှာ တစ်ဦးမျှ ဖမ်းဆီးခံခဲ့ရခြင်းတော့ မရှိခဲ့ပေ။ ၎င်းတို့ ဆန္ဒပြ ၊ ပြေးလွှားခဲ့ရာ ကျားကွက်သစ်လမ်းမနှင့် အာသောကစျေး တစ်လျှောက်တွင် စစ်ကောင်စီ ရမ်းကားလာနိုင်မည့် အန္တရာယ်ကို ကြိုတင်ရှောင်ရှားမှုများတော့ ရှိလာခဲ့သည်။
စျေးသည်များက ၎င်းတို့၏ စျေးဗန်းများကို ခပ်စောစောပင် သိမ်းသွားကြပြီး ကျားကွက်သစ်လမ်းမကြီးက မီးလောင် နေသော တာယာအဟောင်းများ ၊ တာယာညှော်နံ့များဖြင့် တိတ်တဆိတ် ဆက်၍ ကျန်ရစ်ခဲ့သည်။
” သူတို့က အာသောကစျေးထဲ ဖြတ်ပြေးသွားကြတယ်။ စျေးသည်တွေကတော့ ပြီးတာနဲ့ ဆိုင်တွေသိမ်းပြီး ထပြန် ကုန်တာပဲ” ဟု ကျောက်မြောင်း ဒေသခံ လူငယ်တစ်ဦးက ပြောသည်။
“ သီတာလမ်းမှတ်တိုင်က လူသတ်ပွဲ”
ကျားကွက်သစ် ဆန္ဒပြပွဲ အပြီး နှစ်နာရီခန့်အကြာ ညနေ ၆နာရီခွဲခန့်တွင် သီတာလမ်း ပစ်ခတ်မှု ဖြစ်စဥ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ရုံးဆင်းချိန်ဖြစ်ခြင်း ၊ လူစည်ကားရာ နေရာတစ်ခုဖြစ်ခြင်းကြောင့် အဆိုပါ ဖြစ်စဥ်ကို မြင်တွေ့ခဲ့ရသူ အများအပြား ရှိခဲ့သည်။
MPA မေးမြန်းခွင့်ရခဲ့သည့် မျက်မြင်တွေ့ရှိသူက ၎င်းသည် သေနတ်သံတစ်ချက် စကြားချိန်မှ စ၍ သီတာလမ်း ပစ်ခတ် မှု ဖြစ်စဥ်အား အစမှ အဆုံးမြင်တွေ့ခဲ့သူတစ်ဦး ဖြစ်သည်။
၎င်းမြင်တွေ့ရချိန်တွင် လူငယ်လေးဦးအား အရပ်၀တ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့၀င် ခြောက်ဦး၀န်းကျင်က ဝိုင်းဝန်းဖမ်းဆီး နေခဲ့သည်။ လူငယ်နှစ်ဦးက ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သော်လည်း နှစ်ဦးကတော့ လာဖမ်းသူများလက်မှ ထွက်ပြေးရန် ကြိုးစားနေခဲ့သည်။
ထွက်ပြေးရန် ကြိုးစားနေသည့် လူငယ်တစ်ဦးအား တီရှပ်၀တ် ၊ ဘောင်းဘီရှည်ဖြင့် ဘေးလွယ်အိတ်လွယ်ထားသူ အရပ်၀တ် စစ်ကောင်စီအဖွဲ့၀င်တစ်ဦးက ရင်၀သို့ သေနတ်ဖြင့် တည်ပြီး ပစ်ခတ်လိုက်သည်ဟု မျက်မြေတွေ့ခဲ့သူက MPA သို့ ပြောပြသည်။
” အဲ့ဒီအချိန်မှာ သေနတ်ပစ်နေတာဆိုတော့ သိပ်တော့ မကြည့်ရဲဘူး။ ဒါပေမယ့် ဟိုကောင်လေးတွေက လာဖမ်း တဲ့ကောင်တွေ သေနတ်ကိုင်ထားတဲ့ လက်ကို တွန်းထုတ်နေတာတွေ့တယ်။ နှစ်ယောက်က အဲ့ဒီလို ရုန်းကန်နေကြတာ။ အဲ့ဒီထဲက တစ်ယောက်ကို ရင်၀ကို တည်ပြီး ပစ်လိုက်တာ” ဟု ၎င်းက ပြောသည်။
အရပ်၀တ်ဖြင့် စစ်ကောင်စီ အဖွဲ့များ၏ ပုံပန်း သဏ္ဍာန်မှာ သာမာန် အရပ်သားများနှင့် ထူးထူးခြားခြား ကွဲပြားနေခြင်း မရှိဟု သိရသည်။ အ၀တ်အစား ၀တ်ဆင်ပုံများက သပ်ရပ်နေခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ကုတ်အင်္ကျီ ၊ ရှူးဖိနပ်များ ၀တ်ထားသဖြင့် လူကုံတန် တစ်ဦး အသွင်မြင်တွေ့ရသည်ဟု မျက်မြင်တွေ့သူများက ပြောသည်။
ကျန်သူများမှာလည်း ဘောင်းဘီရှည်များဖြင့် အလုပ်ပြန်လာသည့်သူများ သဖွယ် ဖြစ်သည်ဟုလည်း ဆိုကြသည်။ ၎င်းတို့အနက် အများစုမှာ သာမာန်အရပ်သားများကဲ့သို့ ဆံပင်အရှည်များဖြင့် ဖြစ်သည်ဟု သိရသည်။
” ဖမ်းတဲ့ကောင်တွေက အသက် သုံးဆယ်ငါး သုံးဆယ့်ခြောက်လောက်တော့ ရှိမယ်” ဟု မျက်မြင်တွေ့သူက ပြောသည်။
ဖမ်းဆီးခံရ ၊ ပစ်ခတ်ခံရသည့် လူငယ်များမှာ အသက် နှစ်ဆယ်၀န်းကျင် ရှိနိုင်ပြီး ၎င်းတို့ လေးဦးစလုံးသည် ဖမ်းဆီးခံရ ပြီးနောက် ထပ်မံ၍ နှိပ်စက်ခံခဲ့ရသည်။ ပစ်ခတ်ခံရသူ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ဖွယ် ရှိသော်လည်း အရပ်၀တ် စစ်ကောင်စီအဖွဲ့များ၏ ထိုးကြိတ် ရိုက်နှက် နှိပ်စက်မှုကို ခံခဲ့ရသည်။
ရင်၀ သေနတ်ဖြင့် တည်ပစ်ခံရသူ လူငယ်နှစ်ဦးရော ကျန်လူငယ်နှစ်ဦးကိုပါ လက်ပြန်ကြိုးတုတ်၍ မြေကြီး၌ မှောက် စေကာ စစ်ကောင်စီအဖွဲ့များက ထိုးကြိတ်ခဲ့သည်ဟု သိရသည်။
” ပစ်ခတ်ရတဲ့ ကောင်လေးတွေက မသေသေဘူး။ ခေါင်းလောင်းကြိုးလို ကြိုးတွေနဲ့ တုတ်ပြီး မြေကြီးမှာ မှောက်ခိုင်းပြီး ထိုးတာ ရက်စက်တယ်ဗျာ” ဟု သီတာလမ်းမှတ်တိုင် အနီး နေထိုင်သူ တစ်ဦးက ပြောသည်။
ထိုသို့ နှိပ်စက်ခံနေရချိန်တွင် သေနတ်ပစ်ခံထားရသည့် လူငယ်တစ်ဦးမှာ ရထားသော သေနတ် ဒဏ်ရာများ၊ နှိပ်စက် ခံထားရမှုများကြောင့် နာကျင်စွာ အော်ဟစ်နေသံကို ပတ်ဝန်းကျင်က အတိုင်းသားကြား သိခဲ့ရသည်။
စစ်ကောင်စီသည် ၎င်းတို့ ပစ်ခတ်မှုကြောင့် သေလုမျောပါး ဖြစ်နေသူများကို ဆေးကုသမှု မပေးသည့် အပြင် ထပ်မံ နှိပ်စက်နေခဲ့ခြင်းလည်း ဖြစ်သည်။
” ချက်ချင်း မသေသေးဘူး။ ထိုးတာ ထိုးတာ။ ကောင်လေးတစ်ယောက် တော်တော် နာနေပုံရတယ်။ သူအော်တဲ့ အသံကို ကြားနေရတယ်။ တော်တော်ကို နာနာကျင်ကျင်အော်ဟစ်နေတာ” ဟု သီတာလမ်း၌ နေထိုင်သည့် မျက်မြင် တွေ့သူတစ်ဦးက ပြောသည်။
MPA ၏ သတင်းရင်းမြစ်များ ပြောစကားအရ သေဆုံးသူနှစ်ဦး အပါအဝင် ဖမ်းဆီးထားသည့် လူငယ်လေးဦးအား စစ်ကောင်စီတပ်က ၎င်းတို့ ကင်းပတ်ချိန် အသုံးပြုတတ်သည့် မော်တော်ယာဥ်မျိုးဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
” ကျန်ရစ်ခဲ့တဲ့ ဗုံးနှစ်လုံး”
အရပ်ဝတ်စစ်ကောင်စီ အဖွဲ့က လူငယ်လေးဦး အနက် တစ်ဦး၏ ကျောပိုးအိတ်ထဲမှ ဗုံးနှစ်လုံးကို တွေ့ရှိခဲ့ပြီး သီတာ လမ်းမှတ်တိုင်အနီး တိုက်ခန်းတစ်ခု၏ ရှေ့၌ အဆိုပါအိတ်အား ကနဦးတွင် ထားရှိခဲ့သည်။
ယင်းနောက် ည ၈နာရီခန့်တွင် သီတာလမ်းမှတ်တိုင် တစ်လျှောက်အား ပိတ်ချလိုက်ပြီး ဗုံးနှစ်လုံး လမ်းမပေါ်သို့ ရွှေ့ကာ သဲအိတ်များကာပစ်လိုက်သည်။ ည ၈နာရီခွဲကျော်တွင် အဆိုပါ ဗုံးနှစ်လုံးကို ၎င်းတို့က ဖောက်ခွဲပစ်လိုက်သည်ဟု သိရသည်။
” သတင်းပေးလား လူမိုက်လား”
အဆိုပါ ဖြစ်စဥ် အစအဆုံးတွင် စစ်ကောင်စီ တပ်ဖွဲ့များ နှင့်အတူ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ရှိနေခဲ့သည်။ ၎င်းသည် တီရှပ်အဖြူ ပလေကပ် ပုဆိုးဖြင့် အရပ်ငါးပေဆယ်လက်မခန့်ရှိ အမျိုးသား တစ်ဦးဖြစ်သည်ဟု သိရသည်။
ဖြစ်စဥ် တစ်လျှောက်တွင် အဆိုပါ အမျိုးသားမှာ ပတ်ဝန်းကျင်မှ ပြည်သူများအား အော်ဟစ်ဆဲဆို ကြိမ်းမောင်း နေခဲ့သူ ဖြစ်သည်။ ထို့ပြင် ဖမ်းဆီးခံရသူ လူငယ်များအား စစ်ကောင်စီတပ်ဖွဲ့များက စစ်မေးနေချိန်တွင်လည်း ၎င်းတို့ရှာဖွေနေသူများ ဖြစ်သည်ဟု သက်သေခံပေးနေခဲ့သည်ကို တွေ့ခဲ့ရကြောင်း မျက်မြင်တွေ့သူ တစ်ဦးက ပြောသည်။
” ပလေကပ်နဲ့ အသားမဲမဲ ဘဲတစ်ပွေက တွေ့သမျှလူတွေကို ဆဲဆိုနေတာ၊ အဲ့ဒီလူကပဲ ဖမ်းခံထားရတဲ့သူတွေကို ဒီလူဒီလူတွေဆိုပြီး ပြောပြနေတာ” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။
” ရပ်ကွက်တစ်ခုလုံးလည်း ဗြောင်းဆန်”
စစ်ကောင်စီတပ်ဖွဲ့များက လမ်းပိတ်ပြီး ဗုံးမဖောက်ခွဲခင်တွင် မှတ်တိုင် တစ်ဘက်တစ်ချက်မှ နေအိမ်တိုက်ခန်းများ၏ ခေါင်းလောင်းကြိုးများကို ဆွဲကာ ပြည်သူများအား ဆင်းလာရန် ဆဲဆို ကြိမ်းမောင်းကာ ခေါ်ခဲ့သည်။ ၎င်းတို့ ဗုံးရှင်း မည်ဖြစ်၍ ရပ်ထားသည့် မော်တော်ယာဥ်များကို ရွှေ့ပေးရန် အတင်းအကျပ် စေခိုင်းခြင်း ဖြစ်သည်။
ထို့ပြင် သီတာလမ်းမှတ်တိုင် အနီးတစ်ဝိုက် နေရာများတွင်လည်း အင်အားအများအပြား ချထားခဲ့သည်။
“ သူတို့ စစ်ကားသုံးစီး အိမ်စီကားလေးစီးနဲ့။ တော်တော်များတယ်။ နောက်ဖေးလမ်းကြားတွေမှာပါ နေရာယူထား တာ” ဟု မျက်မြင်တွေ့သူ တစ်ဦးက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့များသည် သီတာလမ်းမှတ်တိုင် အနီးတစ်ဝိုက်၌ ည ၁၁နာရီအထိ ရှိနေခဲ့ပြီး ဖြစ်စဥ် ဖြစ်ရာ နေရာ အနီးမှ City Express စတိုးဆိုင်နှင့် သစ်သီးဆိုင်တို့မှ ဆိုင်ဝန်ထမ်း အမျိုးသမီးတို့နှင့် ဆိုင်ရှင်တို့မှာ ၎င်းတို့ပြန်ချိန်ထိ ပြန်ခွင့်မရခဲ့ပေ။
ထို့ပြင် City Express ဆိုင်ထဲမှ ရေသန့်ဗူး၊ အအေး၊ မုန့်များကို ယူငင်နေသည်ကိုလည်း မြင်တွေ့ခဲ့ရကြောင်း ဒေသခံ များက ပြောသည်။
” ဇီးယိုရှိလား ဆိုပြီး City Express ထဲ ဝင်ယူတာ။ ဆိုင်မှာက ဝန်ထမ်းကောင်မလေးတစ်ယောက်ပဲရှိတာ၊ သူတို့ ခဏခဏ ဝင်ယူနေကြတာပဲ၊ ပိုက်ဆံပေးမပေးတော့ မသိဘူး” ဟု ဒေသခံ မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
“ သက်သေဖျောက်ပြီး ပြန်ကြပြီ”
စစ်ကောင်စီ တပ်ဖွဲ့များက ည ၁၁ နာရီခန့်တွင် သီတာလမ်းမှတ်တိုင် မှ ပြန်သွားကြပြီး ၄င်းတို့ မပြန်ခင်တွင် ပစ်ခတ်ခံခဲ့ ရသည့် လူငယ်နှစ်ဦး၏ လမ်းမပေါ်မှ သွေးကွက်များအား သဲများဖြင့် ဖုံးဖိဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖျောက်ဖျက်ရာတွင်လည်း အနီးရှိ သစ်သီးဆိုင်မှ ဆိုင်ရှင်အမျိုးသားအား ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
” ဗုံးဖောက်တုန်းက ကျန်တဲ့ သဲတွေနဲ့ သွေးကွက်တွေကို သစ်သီးဆိုင်ရှင်ကို ဖုံးခိုင်းနေတာတွေ့တယ်” ဟု မျက်မြင် တွေ့သူ တစ်ဦးက ပြောသည်။
သီတာလမ်း လူသတ်ပွဲ အပြီး နောက်တစ်ရက် မနက်တွင်တော့ အခင်းဖြစ်ခဲ့ရာ နေရာများ၌ သဲဖုံးထားသော သွေးကွက် များက မပျောက်သေးပဲ အထင်းသားကျန်ရစ်ခဲ့သည်။
သို့သော် ၎င်းတို့ ဖောက်ခွဲခဲ့သည့် ဗုံးစများမှာမူ လမ်းမတစ်လျှောက်၌ ဟိုတစ်စ ဒီ တစ်စပြန့်ကြဲနေခဲ့တုန်းပင်။