ရန်ကုန်ဆန်ကုန်စည်ဒိုင်အတွင်းသို့ နိုဝင်ဘာလဆန်းမှစတင်၍ ဆန်အသစ်ဝင်ရောက်မှုနည်းပါးနေခြင်း ကြောင့် ဈေးကွက်အတွင်းရှိနေသည့် ဆန်အဟောင်းဈေးနှုန်းများ ထပ်မံမြင့်တက်လာကြောင်း ဝါးတန်း ဆိပ်ကမ်းဆန်စပါးကုန်စည်ဒိုင်က ဆန်ရောင်းဝယ်သူများကဆိုသည်။
ပြီးခဲ့သည့် မိုးရာသီအတွင်းကစိုက်ပျိုးခဲ့သည့် မိုးစပါးများသည် ရန်ကုန်ဈေးကွက်အတွင်းသို့ စတင်ဝင် ရောက်လာပြီဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက်ပမာဏကို ပြည့်မှီသည်အထိမလုံလောက်သည့် ပမာဏ မရှိသေးကြောင်း ဆန်ကုန်သည်တစ်ဦးကဆိုသည်။
ရန်ကုန်ဈေးကွက်အတွင်း ဆန်အဟောင်းများသည် အမျိုးအစားပေါ်မူတည်၍ တစ်အိတ်လျှင် ကျပ် ၅၀၀၀မှ ၁၀၀၀၀ အထိ နှစ်ပတ်အတွင်းဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ဝါးတန်းဆိပ်ကမ်းဆန်စပါးကုန်စည် ဒိုင်အတွင်းက စုံစမ်းသိရှိရသည်။
“ အခုဈေးမကျတာက အသစ်ကလည်း ဈေးကွက်ကို ဆွဲချနိုင်လောက်အောင်အထိ ပမာဏမများဘူး။ အ ကြောင်းအရင်းက တောင်သူရော၊ စပါးကုန်သည်ရောက တက်ဈေးကိုမျှော်ပြီး (လတ်တလော)အတင်း ထိုးမရောင်းဘူး။ ဈေးကွက်ထဲမှာ ဆန်မရောင်းရလို့ ပုံနေတဲ့ပမာဏအထိ မဝင်ဘူး။ မဝင်တာမို့လို့ ဈေးက ဆွဲတက်လို့ကောင်းတာပေါ့” ဟု ဝါးတန်းကုန်စည်ဒိုင်က ဆန်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
ယခုကာလတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ရန်ကြောင့် ပွဲစား၊ ကုန်သည်များမှာ ဆန်နှင့်စပါးအိတ်များ သိုလှောင်မထားဝံ့သဖြင့် ပွဲစားအများစုမှာ တောင်သူများထံကအဝယ်နည်းနေသဖြင့် ဈေးကွက်အတွင်း သို့ စပါးအသစ်များအဝင်နည်းနေခြင်းဖြစ်ကြောင်း တောင်သူများကဆိုသည်။
“ ဈေးကောင်းစောင့်နိုင်တဲ့သူတွေကတော့ စောင့်ကြတာပေါ့။ ကြွေးတွေဘာတွေ ရှိတဲ့သူကတော့ ရောင်း ချင်ကြတာပေါ့။ စပါးအဝယ်တွေလည်း သိပ်မလာဘူး။ ခိုးဆိုးလုနှိုက်တွေကြောက်လို့ စက်ထဲမှာ စပါး အိတ်တွေ၊ ဆန်အိတ်တွေ မလှောင်ရဲဘူးတဲ့” ဟု မကွေးတိုင်းအတွင်းက စပါးစိုက်တောင်သူတစ်ဦးကဆို သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တောင်တွင်းကြီးမြို့၊ အောင်ပင်လယ်ဆန်စက်ရှိ ဆန်အိတ်များကို စစ် ကောင်စီတပ်သားများက ကားတစ်စီးအပြည့်တင်ဆောင်၍ အဓမ္မယူဆောင်သွားကြောင်း သိရသည်။
ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း(ရှယ်)တစ်အိတ်လျှင် ၁၇၅,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း(ရိုးရိုး)တစ်အိတ် လျှင် ၁၅၀,၀၀၀ ကျပ်၊ ကျားပျံတစ်အိတ်လျှင် ၁၃၅,၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀,၀၀၀ ကျပ်မှ ၁၂၅,၀၀၀ ကျပ်၊ ပေါ်ဆန်းလတ်တစ်အိတ်လျှင် ၉၅,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ်နှင့် မနောသုခ၊ ဇီယာ၊ ရက်၉၀၊ ဆင်းသွယ်ကဲ့သို့သောဆန်ကြမ်း(အဟောင်း)ဈေးမှာ ၈၀,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်ဝန်းကျင်ခန့်ရှိကြောင်း ဝါးတန်းဆိပ်ကမ်းဆန်စပါးကုန်စည်ဒိုင်ရှိ ဆန်ရောင်းဝယ်သူတစ်ဦး ကဆိုသည်။