By Nway / MPA
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရဲစခန်းကို သိမ်းပိုက်ရန် ကာကွယ်ရေးတပ်များက တိုက်ခိုက်နေကြောင်း သိရသည်။
ယနေ့ ( ဇူလိုင် ၁ရက် ) နံနက် လေးနာရီခန့်တွင် ချောင်းကြီးရွာ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် မြောက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောသည်။
” ဒီမနက် လေးနာရီထဲက စပြီးဖြစ်ကြတာ။ ချောင်းကြီးရွာ မြောက်ပိုင်းကို PDF က စိုးမိုးထားနိုင်ပြီပြောရမယ်။ ရွာတောင်ခြမ်းမှာ ရဲစခန်းရှိတော့ သိမ်းဖို့ကြိုးစားတာ။ တစ်မနက်လုံး သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ဆူညံနေတာပဲ။ အပြန်အလှန်ပစ်တာက မနက် ၁၁ခွဲလောက်မှာ နားသွားတယ်။ ဒါပေမဲ့ တစ်နေကုန် ကြိုကြားကြိုကြားတော့ ပစ်နေကြတုန်းပဲ ” ဟု ၎င်းက MPAသို့ ပြောသည်။
စစ်ကောင်စီတပ်က နံနက် လေးနာရီတွင် တစ်ကြိမ် ၊ ညနေ ငါးနာရီမထိုးမီ တစ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” လေကြောင်းက အခုကို ပစ်နေတာ။ ကျတော်တို့လည်း မထွက်ရဲတော့ အိမ်ထဲမှာပဲ အခြေအနေကြည့်နေရတယ်” ဟု ယနေ့ ညနေ ငါးနာရီမထိုးမီတွင် ၎င်းက ပြောသည်။
ပထမအကြိမ် လေကြောင်းတိုက်ခိုက်စဉ်က ပြည်သူထိခိုက်မှုမရှိခဲ့ကြောင်းနှင့် ဒုတိယအကြိမ် တိုက်ခိုက်ရာ၌ ပြည်သူ ထိခိုက်မှုရှိ၊မရှိ မသိသေးကြောင်း ၎င်းကဆိုသည်။
ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းတွင် ခရီးသွားပြည်သူ ၂၀၀ ခန့် ပိတ်မိနေပြီး ဒေသခံများက ကူညီစောင့်ရှောက်ထားကြောင်း သိရသည်။