By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဟင်္သာရွာသစ်ရွာတွင် ယာယီတပ်စွဲထားသော စစ်သားများ ကင်းပတ်လာချိန်၌ ဒေသခံPDFတစ်ဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးကြောင်း သိရသည်။
ဇွန်လ ၁၆ ရက် နံနက် ခုနှစ်နာရီခွဲခန့်တွင် ဟင်္သာရွာသစ်ရွာပတ်ဝန်းကျင်သို့ အင်အား ၂၀ခန့်ဖြင့် ကင်းပတ်လာသော စစ်သားများကို ယင်းရွာမြောက်ဘက် သင်္ချိုင်းကုန်းအရောက်၌ မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဟင်္သာရွာသစ်မှာ အထိုင်ချထားတာ တစ်ပတ်လောက်ရှိပြီ။ အင်အားထပ်တိုးတာဘာညာနဲ့ ၂၀၀ လောက်ထိုင်ထားတာ။ မိုင်းဆွဲပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ သေတဲ့ ၆ယောက်ကို ရွာထဲပြန်သယ်သွားတာ ” ဟု မိုင်းဆွဲတိုက်ခိုက်သည့်PDFတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
ဇွန်လ ၁၆ရက်၊ ည ကိုးနာရီခွဲခန့်တွင် ဟင်္သာရွာသစ်ရွာ အခြေစိုက်စစ်တပ်က လက်နက်ကြီး ၁၀ချက်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာ ။ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူးဗျ။ စစ်ကြောင်းဝင်ကတည်းက ဟင်္သာရွာသစ်က လူတွေက အကုန်ရှောင်ကြတာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
မတ္တရာမြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ဟင်္သာရွာသစ်ရွာ နှင့် ရွှေဘိုးကြီးရွာ အပါအဝင် ကျေးရွာ ၅ရွာမှ ပြည်သူ ၄၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ယနေ့(ဇွန်၁၇ရက်) နေ့ခင်းပိုင်းအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။