မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလမ်အိုကျေးရွာ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပြန်အဆုတ်တွင် ကာပစ်ပေးသော PLA ရဲဘော် ကျဆုံးခဲ့ကြောင်းသိရသည်။
မေလ ၂၆ ရက်၊ နံနက် လေးနာရီဝန်းကျင်တွင် ပခုက္ကူမြို့နယ်အနောက်တောင်ဘက်၊ ဖလမ်အိုကျေးရွာ စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်နေစဉ် စစ်ကူများရှိရောက်လာသောကြောင့် တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာနိုင်ရေး ကာပစ်ပေးနေသည့် PLA မှ ရဲဘော်ထွန်းနိုင် ကျဆုံးခဲ့ပြီး PRF မှ ရဲဘော် လေးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ထံက သိရသည်။
“ရဲဘော်အားလုံး ဆုတ်ခွာနိုင်ဖို့ သူနဲ့ တခြားရဲဘော်တွေက ကာပစ်ပေးနေချိန် ရန်သူ့ကျည်က ဦးခေါင်းကို မှန်ပြီး ကျဆုံးခဲ့တာပါ”ဟု PLA မှ ပြန်ကြားရေး တာဝန်ရှိသူက MPAသို့ပြောသည်။
ကျဆုံးသွားသည့် ရဲဘော်ထွန်းနိုင်သည် အမှတ် ၈၁၅ PLA တပ်ဖွဲ့ ၏ နိုင်ငံရေးမှူးတာဝန်ယူထားသူဖြစ်ကြောင်း၊မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ကျောင်းသားထုအခွင့်အရေးတာဝန်ခံအဖြစ်လည်း ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။
“ကျတော်တို့ PRFက တိုက်ပွဲဝင်ရဲဘော်လေးဦး ဒဏ်ရာရခဲ့တာကဟုတ်ပါတယ်။တစ်ယောက်က ဗုံးထိမှန်ဒဏ်ရာ ၊တစ်ယောက်ကဗုံးထိမှန်ဒဏ်ရာ၊ တစ်ယောက် ကခြေထောက်ထိမှန်ဒဏ်ရာ၊ နောက်တစ်ယောက်ကတော့ ရန်သူ့ကျည်ကြောင့် ကျတော်တို့ PRFရဲဘော်ခေါင်းပေါ်က ရှပ်မှန်ဒဏ်ရာရပြီး ဘေးမှာ အတူရှိခဲ့တဲ့ PLAက တိုက်ပွဲဝင်ကျဆုံးရဲဘော်ထွန်းနိုင်ကို ထိမှန်သွားခဲ့တာပါ”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီ ကပြောသည်။
ဖလမ်အိုကျေးရွာတွင် စစ်သားနှင့်ပျူစောထီးတို့ လာရောက်တပ်စွဲထားခြင်းဖြစ်ပြီး ဖလမ်အိုကျေးရွာ အပါအဝင် အနီးဝန်းကျင်ရှိကျေးရွာများက ဒေသခံများ ရှောင်တိမ်းနေရကြောင်း သိရသည်။
ရဲဘော်ထွန်းနိုင်(ခ)အောင်သူရ ကျဆုံးခြင်းအတွက်မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF) ၊ABSDF၊ Student Revolutionary Forceတို့နှင့်အတူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။