ချင်းပြည်နယ်၊ မတူပီမြို့အစွန်ရှိ စစ်ကောင်စီကင်းစခန်းကို ချင်းကာကွယ်ရေးတပ်(မတူပီ)က ဒီဇင်ဘာ၁ ရက်၊ မနက် ၉နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၇ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူများထံကသိရသည်။
“ ကျတော်တို့ဘက်ကတော့ ဘာအထိအခိုက်မှမရှိဘူး။ စစ်ကောင်စီဘက်ကတော့ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၇ဦးသေ သွားတာပေါ့။ တိုက်ပွဲက နာရီဝက်လောက်ပဲကြာတယ်။ သူတို့(စကစ)ဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တဲ့ အတွက် ပြန်ဆုတ်လာကြတာပါ” ဟု CDF (မတူပီ)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိမ်းက MPAကိုပြောသည်။
အဆိုပါ စစ်ကောင်စီ ကင်းစခန်းသည် မင်းတပ်-မတူပီကားလမ်းမပေါ်တွင် အင်အား ၂၀ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း CDF (မတူပီ)အနေဖြင့် MA3သေနတ် ၂လက်၊ ပစ္စတို၁လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ မင်းတပ်မြို့နှင့် မတူပီမြို့များသို့ ရဟတ်ယာဥ်တစ်စင်း ဆင်းသက်ခဲ့သည်ဟု သိရသည်။
“ ရဟတ်ယာဥ်က တစ်နာရီကျော်လောက်မှာ လာတယ်။ မင်းတပ်ဘက်ကနေလာပြီး လေကြောင်းတိုက်ခိုက် တာတွေတော့ လုပ်မသွားဘူး” ဟု မတူပီဒေသခံတစ်ဦးက MPAကို ပြောသည်။
မင်းတပ်မြို့ပေါ်တွင်လည်း စစ်ကောင်စီ၏ ခလရ၂၇၄တပ်ရင်းမှ စစ်သားများသည် ယမန်နေ့က မင်းတပ်မြို့၊ အရှေ့ပြင် ရပ်ကွက်သို့ ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ကင်းပုန်းများဝပ်၍ လူနေအိမ်၃လုံးကို မီးရှို့ဖျက်ဆီး မှုပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။