ယမန်နေ့ (နိုဝင်ဘာ ၃ရက်)တွင် စစ်ကောင်စီက နမ့်ခမ်းမြို့ပေါ်သို့ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယင်းမြို့၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက် သွားခဲ့ကြောင်း သိရသည်။
အလားတူ မူဆယ်မြို့၌လည်း ယင်းနေ့ကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားသဖြင့် အကူအညီပေးရေး အဖွဲ့များအတွက် ဒေသခံများနှင့် အဆက်အသွယ်ပြတ်တောက်သွားရသည်ဟု သိရသည်။
“ လောလောဆယ်ကတော့ နမ့်ခမ်းနဲ့ မူဆယ်မှာ အင်တာနက်ပြတ်တောက်နေတယ်။ ဖုန်းလိုင်းရော အင်တာနက် လိုင်းရောပေါ့။ အဆက်အသွယ်မရဘူးပေါ့။ မနေ့က ဖုန်းလိုင်းမပြတ်တောက်ခင်မှာ နောက်ဆုံးသိရတာက နမ့်ခမ်း မြို့ကို စကစက လေယာဥ်နဲ့ ဗုံးလာကြဲသွားတယ်ပေါ့” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့မှ မယိင်းလျန်းဟန်က ပြောသည်။
ထို့ပြင် ကွတ်ခိုင်နှင့် သိန္နီမြို့များ၌လည်း အလားတူ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်တစ်လှည့်၊ ရတစ်လှည့် ဖြစ်နေကာ၊ ပန်ဆိုင်းမြို့တွင်လည်း အင်တာနက်လိုင်း ပြတ်တောက်နေသည့်အပြင် ယခင်ရက်များက ရခဲ့သည့် Mytel ဖုန်းလိုင်းများပင် ဆက်သွယ်၍မရတော့ကြောင်း သိရသည်။
MPA က ပန်ဆိုင်းမြို့၊ ဝမ်တိန်တံတားအောက် စစ်ရှောင်နေရသည့် Mytel ဖုန်းကိုင်ဆောင်သူ ဒေသခံထံ ဆက်သွယ် ရာတွင် ဖုန်းလိုင်းများ ပြတ်တောက်နေ၍ ဆက်သွယ်မရခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဖုန်းလိုင်းအင်တာလိုင်းများ ပြတ်တောက်နေသည့် မြို့များ၌ တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ရာ မြို့များအတွင်း ၌ ပိတ်မိနေသည့် ဒေသခံသောင်းနှင့်ချီ၍ ရှိကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ဆိုထားသည်။
“ ပိတ်မိနေတာ သောင်းချီတယ်လို့ပဲပြောရမယ်ရှင့်” ဟု မယိင်းလျန်ဟန်က ပြောသည်။
ထို့ပြင် သိန္နီမြို့၌ မြို့တွင်းတွင် ဒေသခံ ရှစ်ထောင်ခန့် ပိတ်မိနေဆဲဟုသိရပြီး၊ မြို့ပြင်သို့ထွက်နိုင်ခဲ့သည့် ဒေသခံ ငါးထောင်ဝန်းကျင်ရှိကြောင်း တအာန်းအမျိုးသမီးအဖွဲ့အစည်းက အတည်ပြုပြောသည်။
“ တံတားက ဖျက်ဆီးခံလိုက်ရတော့ ဒေသခံတွေက ရှစ်ထောင်လောက်ပိတ်မိနေတယ်။ ငါးထောင်လောက်ကတော့ ထွက်လာနိုင်တယ်” ဟု တအာန်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပိတ်မိနေသည့် ပြည်သူများမှာ ယမန်နေ့ကစပြီး မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့မှုများ ရှိနေကြောင်း သိရသည်။
“ သိန္နီမှာတော့ အရင်အတိုင်းပဲ ပိတ်မိနေတဲ့ ပြည်သူတွေ တော်တော်များများ ရှိနေတယ်ပေါ့။ အဆက်အသွယ်လုံးဝ မရတဲ့ သူတွေလည်း ရှိနေတယ်။ မိသားစုတွေလည်း စိတ်ပူနေကြတယ်။ သူတို့ဘယ်လိုဖြစ်နေလဲဆိုတာကိုပေါ့” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့မှ မယိင်းလျန်ဟန်က ဆိုသည်။
အဆိုပါ မြို့များ၌ တိုက်ပွဲများအကြား ပိတ်မိနေသည့် ပြည်သူများအား စစ်ကောင်စီဘက်က ပိတ်ဆို့ထားလျှက်ရှိနေပြီး အကူအညီပေးရေး အဖွဲ့များက ကယ်ဆယ်ရန်သွားရောက်ခေါ်ဆောင်မှုများအားလည်း လက်မခံကြောင်း သိရသည်။
“ တစ်ချို့နေရာတွေမှာ စစ်ရှောင်တွေသွားခေါ်ပေမယ့် စစ်ကောင်စီတပ်က ပိတ်ထားတယ်။ ပေးမထွက်ဘူး။ ပိတ်မိနေတဲ့ သူတွေလည်း အများကြီးရှိနေတယ်။” ဟု မယိင်းလျန်ဟန်က ပြောသည်။
ယင်းအပြင် မူဆယ်နှင့် ပန်ဆိုင်းမြို့များတွင်လည်း ပိတ်မိနေသည့် ဒေသခံများသည် တစ်နေရာနှင့် တစ်နေရာသို့ သွားလာရန်ပင် ခက်ခဲနေသဖြင့် စားနပ်ရိက္ခာ ရရှိရေးအတွက် အခက်ကြုံနေရပြီး၊ လာမည့် ရက်အနည်းငယ်အတွင်း စားနပ်ရိက္ခာ ပြတ်တောက်နိုင်ခြေမြင့်မားနေကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
“ အချို့ ရွာဘက်တွေဆိုရင် ဒီဘက်ကလည်း သွားမရ ၊ ဟိုဘက်ကလည်း လာယူလို့ မရတဲ့ အခြေအနေပါ၊ သူတို့က ပိတ်မိနေတယ်။ ဘုန်းကြီးကျောင်းက ရှိတာလေးနဲ့ပဲ သူတို့ စားနေရတယ်။ နောက်ထပ် ရက်နည်းနည်း ထပ်ကြာရင် တော့ သူတို့ရိက္ခာပြတ်နိုင်ချေ ရှိပါတယ်” ဟု Tai လူငယ်များ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်တလော အခြေအနေများအရ အဆိုပါမြို့များ၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ပြီး၊ ကူညီကယ်ဆယ်ရေး အဖွဲ့များက ဒေသခံများကို ကယ်ဆယ်နိုင်ရန်နှင့် ထောက်ပံ့မှုများပြုလုပ်နိုင်ရန်အတွက် ကြိုးစားနေကြောင်းလည်း သိရသည်။