ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ မင်းလှမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့က စုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီး မျိုးဆန်းဝင်းဆိုသူ ပစ်ခတ်ခံရပြီးနောက် မင်းလှ မြို့အဝင်၊ မြို့အထွက်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစစ်အဆေး တင်းကျပ်စွာ ပြုလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“အဲ့ဒီလူ (ဗိုလ်ကြီးမျိုးဆန်းဝင်း) သေသွားတာလဲ မသိဘူး၊ လက်ပံတန်းသွားမယ်ဆိုပြီး အိမ်က ညီနဲ့နှစ်ယောက် ထွက်သွားတာ၊ မင်းလှ အဝင်တည်းက စစ်သားနဲ့ရဲတွေ တွေ့တာပဲ။ ဆိုင်ကယ်လိုင်စင် ဖမ်းတယ်ထင်နေတာ၊ ကိုယ်တွေက လိုင်စင်ရှိတော့ သိပ်စိတ်မပူဘူး။ အနားရောက်မှာ ဆိုင်ကယ်တွေ ရပ်ပေးရတယ်၊ နောက်ဘောက်ထဲဖွင့်ရှာတာ၊ အိတ်တွေထဲရော အကုန်ဖွင့်စစ်တာ၊ မင်းလှ အထွက်တာဆုံလည်း ဒီတိုင်းပဲစစ်တာ၊ Mask တပ်ထားရင် လဲချွတ်ပြရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
မင်းလှမြို့နယ်တွင် ယခုကဲ့သို့ စုဆောင်းရေးဗိုလ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ဖြစ်ရပ်ကြောင့် စစ်ကောင်စီ အသိုင်းအဝိုင်းတွင် ထိတ်လန့်နေပြီး အစစ်အဆေး တင်းကျပ်နေသည့်အတွက် ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်နေ့မှာပင် ယခင်နှစ်လောက် စည်ကားမှုမရှိဘဲ ချောက်ကပ်နေကြောင်း စုံစမ်းသိရှိရသည်။
“မင်းလှမှာ အရာရှိ ကြီးကြီးပိုင်းတည်းကဆို ဒီဗိုလ်ကြီး ပထမဦးဆုံး ရှင်းလင်းခံရတာပဲ၊ အရင်က အုပ်ချုပ်ရေးမှူးတွေပဲ ပစ်သသတ်ခံရတာ ရှိတာ၊ သူတို့ဘက် (စစ်ကောင်စီအသိုင်းအဝိုင်း) လန့်ပြီးကြောက်ကုန်ကြတယ်။ တချို့ဆို အသွားလာ ဆင်ခြင်ရမယ်၊ ပြောနေတာလည်းကြားတယ်။ သီတင်းကျွတ် လပြည့်နေ့တောင် ယခင်နှစ်တွေက စည်စည်ကားကားပဲ၊ အဲ့ဒီပြသာနာလည်းဖြစ်ရော သူတို့ဘက်က အစစ်ဆေးတွေ ကြမ်းတော့ အသွားလာနည်းတယ်၊ လူကျဲပြီး မစည်ကားတော့ဘူး”ဟု ဒေသခံ မင်းလှမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက MPA သို့ ရှင်းပြသည်။
မင်းလှမြို့ပေါ် ရပ်ကွက် အချို့နှင့် ထို ဗိုလ်ကြီး ရှင်းလင်းခံလိုက်ရသည့် နေရာအနီးနားက ကျေးရွာများကိုလည်း ဧည့်စာရင်း အကြောင်းပြကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးရှာဖွေနေကြောင်းလည်း စုံစမ်းသိရှိရသည်။
“ညက ရပ်ကွက်တွေတည်း ဝင်စစ်တာကြားတယ်။ အိမ်တိုင်း မစစ်ဘူး၊ သူတို့ မသင်္ကာတဲ့ အိမ်တွေ လိုက်စစ်တာ။ ရဲ၊ စစ်သား၊ ထွေအုပ် အယောက် ၂၀ လောက်ရှိမယ်၊ အပစ်ခံရတဲ့ နေရာနဲ့ နီးတဲ့ ရွာတွေလည်း ဝင်စစ်ခံရတယ်လို့ ကြားတယ်။ ဖမ်းသွားတာ ဘာညာတော့ အခုချိန်ထိ မကြားရသေးဘူး”ဟု မင်းလှမြို့ ဒေသခံတစ်ဦးက ဆက်ပြောပြသည်။
စုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီး မျိုးဆန်းဝင်းသည် စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးခြင်း၊ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းရန် လိုက်လံစည်းရုံးခြင်း၊ ပြည်သူလူထုအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခြင်း ငွေတောင်းခြင်းများ ပြုလုပ်နေသောကြောင့် မင်းလှမြို့နယ်၊ ဇရစ်ချောင်းနှင့် ချောင်းနားကြားတွင် ယမန့်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့တို့က ပဲခူးနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပူးပေါင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။