ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ် မြသာကုန်းကျေးရွာ အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် မတ်လ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ရွာကို ဝင်စီးပြီး လက်နက်ကြီး၊ ငယ်များ ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့တွင်လည်း ကျောက်တံခါးကျေးရွာအုပ်စု မြသာကုန်းအနောက်ခြမ်းရှိ လက်ပံဖြူ ရွာ (အူနဲဖိုလီ ကျေးရွာ) တွင် စစ်ကောင်စီမှ ဒေသတွင်းရှိ နေအိမ်အချို့ကို ရိုက်ချိုး ဖျက်ဆီးကာ နေအိမ်တွင်းမှ မီးစက်၊ ရေတင်စက်၊ မော်တော်ဆိုင်ကယ် ၅ စီးနှင့် ပစ္စည်းများ ခိုးယူသွားကြသည်ဟု သိရှိရသည်။
ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် လက်ပံဖြူကျေးရွာ (အူနဲဖိုလီကျေးရွာ) အနီးရှိ သုဿာန် သွားလမ်းတွင် လူငယ်အမျိူးသားတစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်ခံရသူ အမျိုးသားသည် စောသီဟဇော်ဖြစ်ပြီး အသက် ၃၀ အောက် အူနဲဖိုလီရွာသားဖြစ်သည်ဟု ဆိုသည်။ ၎င်းတွင်း ကလေးငယ်နှစ်ဦး ရှိသည်ဟုလည်း စုံစမ်းသိရှိရသည်။
ယင်းနေ့တွင်ပင် နောက်ထပ် ရွာသား ၁၆ ဦးကို စစ်ကောင်စီက လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ၇ ဦးအား ဧပြီလ ၅ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောပြသည်။
သံမိုးတောင်ကျေးရွာတွင်လည်း KNLA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေသောကြောင့် ဒေသခံများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရှိရသည်။