By MPA
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် သာယာဝတီခရိုင်-PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီးနောက် စစ်တပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ဟု သာယာဝတီခရိုင်-PDF၊ တပ်ခွဲ (၂) Phoenix DF (Nattalin PDF) ထံမှ သိရသည်။
“ကျနော်တို့ ၃ ရက်အတွင်းတိုက်ပွဲမှာ စစ်သား ၆ ယောက် ပွဲချင်းပြီး သေတယ်။ ဒဏ်ရာရတာကတော့ ၁၀ ဦးဝန်းကျင်လို့ ပြောလို့ရမယ်။ ပထမနေ့မှာ ဘိုကြီးစခန်းကို စစ်ကူပေးဖို့ မန်ကျည်းပင်ဆည်ကနေ အင်အား ၁၅ ဦးလောက်ပါတဲ့ စက်လှေကို ပစ်တယ်။ ဒုတိယနေ့ကျ ရေကြောင်းမသုံးဘဲ သိမ်ကုန်းဘက်ကနေ စစ်ကူပေးဖို့လာတာ စစ်သား ၃၅ ယောက်လောက်ပါတယ်။ ကျနော်တို့က မိုင်းဆွဲလိုက်တာ။ တတိယနေ့မှာတော့ လှေက ပြန်လှည့်သွားတယ်။ သိမ်းကုန်းအဖွဲ့ဆို ဆက်တက်မလာတော့ဘဲ ဘိုကြီးစခန်းမှာ သွားပေါင်းတော့ ခုဆို စစ်သား ၇၀ ကျော်လောက်ရှိနေပြီ။ ဒီနေ့အထိတော့ စစ်ကြောင်းထိုးတာမရှိဘူး။ စစ်ကြောင်းထွက်ရင်တော့ ရွာသားတွေကို ကြိုးတုပ် ဖမ်းဆီးတာမျိုး မလုပ်ဘဲ စစ်ကြောင်းရှေ့က သွားခိုင်းတယ်”ဟု သာယာတီခရိုင်-PDF၊ တပ်ခွဲ (၂) Phoenix DF က ပြောသည်။
ထိုသို့အခြေအနေများတွင် အရပ်သားများ ပါရှိနေသည့်အတွက် ထောင်ထားသည့် မိုင်းများ မခွဲလိုက်ရသည့် အနေအထားမျိုးရှိပြီး အသိမ်းခံလိုက်ရသည်များလည်း ရှိသည်ဟု သိရသည်။ ထို့အပြင် ကျည်ဆန် မလုံလောက်သည့်အတွက် ချွေတာပြီး ပစ်ခတ်ရသည့် အခြေအနေများလည်းရှိသည်ဟု စုံစမ်းသိရှိရသည်။
ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မန်ကျည်းပင်ဆည် စက်လှေဂိတ်မှ ရေကြောင်းအတိုင်း စက်လှေ ၃ စင်းဖြင့် စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ကို သာယာဝတီခရိုင်- PDF တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စက်လှေ ၃ စင်း ပြန်လှည့်သွားပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ကြောင်းလည်း သိရသည်။
“စက်လှေကို ဝိုင်းပစ်ချိန်ဆို ကျနော်တို့ အပြီးလုပ်လိုက်လို့ရတယ်။ ဒါပေမဲ့ မလုံလောက်မှုတွေကြောင့် အပြီးမလုပ်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် လက်နက်လည်း မသိမ်းနိုင်ခဲ့ဘူး”ဟု သာယာတီခရိုင်-PDF၊ တပ်ခွဲ (၂) Phoenix DF က အသိပေးသည်။
ဇန်နဝါရီ ၂၇ ရက်နေ့ ညနေတွင် ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာမှ နတ္တလင်းမြို့နယ် ဘိုကြီးစခန်းကို အင်အား ၃၅ ဦးဖြင့် စစ်ကူလာသော စစ်သားများကို ပျဥ်းမခေါင်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရှိခဲ့သည်။
ဇန်နဝါရီ ၂၆ ရက်နေ့တွင်လည်း မန်ကျည်းပင်ဆည်စက်လှေဂိတ်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရှိခဲ့သေးသည်။ အဆိုပါတိုက်ခိုက်မှုများကို သာယာဝတီခရိုင်-PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၁(Zigon-PDF)၊ တပ်ခွဲ-(Phoenix DF)၊ တပ်ခွဲ-၃ (နတ်စစ်သည်) နှင့် တပ်ခွဲ-၄ (MRF-Nattalin) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။