စစ်ကိုင်းတိုင်းဒေသကြီး ၊ ဆားလင်းကြီးမြို့မရဲစခန်းအား တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ(၁) ၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၄)တို့ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ယနေ့ နံနက် ၂ နာရီခန့်တွင် ပူးပေါင်းပြောက်ကျားတပ်ဖွဲ့ဝင်များက ဆားလင်းကြီးမြို့မရဲစခန်းကို (၁၂၀)မမ ၊ (၈၀) မမ လက်နက်ကြီး ၃ လုံးဖြင့်ပစ်ခတ်ခဲ့ရာ အဆောက်အဦး တစ်ခုပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု သိရသည်။
ထိုသေဆုံးပျက်စီးမှုနှင့် ပတ်သက်ပြီး MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့က ဒီမနက် စောစောမှာ ဆားလင်းကြီးရဲစခန်းကို သွားပစ်တယ်။ ပထမ လက်နက်ကြီးတစ်လုံးကို မနက် ၂ နာရီလောက်မှာပစ်တယ်။ ပြီးတော့ စစ်ခွေးတွေက ကျွန်တော်တို့ကို ၄၀ ဗုံးသီးနဲ့ထုတယ်။ ကျွန်တော်တို့ ပထမပစ်လိုက်တဲ့ လက်နက်ကြီးက သူတို့ စခန်းထဲကျတော့ ရဲစခန်းဝန်းထဲက အဆောက်အဦးတစ်ခု ပျက်စီးသွားတယ်။ ရဲ ၃ယောက် သေသွားတယ် ” ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံတစ်ဦးကပြော သည်။
ယခုလို ဆားလင်းကြီးမြို့မရဲစခန်းအား သွားရောက်ပစ်ခတ်ခဲ့သည်မှာ တတိယအကြိမ်ရှိပြီဖြစ် ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင်ဆားလင်းကြီး မြို့ဝင်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
“အခုဆိုရင် သူတို့တွေ မြို့ဝင်၊ထွက်ဂိတ်တွေကို လုံခြုံရေးချထားပြီး ကားတွေ ၊ ဆိုင်ကယ် တွေကို စစ်ဆေးတာတွေ လုပ်နေတယ်။ ကင်းပုန်းတွေလည်း ချထားတယ်။ အင်အားက ၁၅၀ လောက် ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထပ်မံ၍ တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအားလုံးကို ဆက်လက်ပြီး သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးပြီး အိမ်ပြင်များ မထွက်ကြဖို့ကိုလည်း ဖြည့်စွက်ပြောကြားထားသည်။