ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ဝေါ်လေသုံးထပ်ကွေ့တွင် အကြမ်းဖက်စစ်ကောင်စီစစ်တပ်ဖွဲ့ဝင်များနှင့် Cobra တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု Cobra တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ဇူလိုင်လ၇ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဗိုလ်မုတ်သုန်ဦးဆောင်သော BGFတပ်ဖွဲ့ဝင်များက အင်အား ၁၀၀ကျော်ဖြင့် မြဝတီ ၊ ဝေါ်လေ ကားလမ်းမကို ကျူးကျော်ရန်အတွက် ရောက်ရှိလာသောကြောင့် Cobra တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်တွင် သေဆုံးသူများရှိသည့်အပြင် ဒဏ်ရာရသူအမြောက်အများရှိကြောင်းလည်း သိရသည်။
ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်သည်။
“အကြမ်းဖက်စစ်ကောင်စီတွေက BGF တွေနဲ့ ပူးပေါင်းပြီးတော့ ဖလူးလေး၊ ဖလူးကြီးဘက်မှာရှိတဲ့ မြဝတီ ဝေါ်လေကားလမ်းမကို ကျူးကျော်လာတယ်။ မနေ့ကဆိုရင် စစ်ကောင်စီတွေက စစ်ကြောင်းတွေအများကြီး ခွဲပြီးတော့တက်လာတယ်။ မနေ့ကနေ ဒီနေ့သတင်းထုတ်ပြန်တဲ့မနက်အထိဆိုရင် စစ်ကောင်စီဘက်က အနည်းဆုံး၅ ဦးသေဆုံးပြီးတော့ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေသေးတဲ့အတွက် အတိအကျပြောပြဖို့က ခက်ခဲပါသေးတယ် ” ဟု Cobraစစ်ကြောင်းမှပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက MPA သို့ ပြောပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနည်းဆုံး တပ်ရင်း ၅ ရင်းထက်မနည်း လက်ရုံးတပ်ဖွဲ့ဝင်များကို အသုံးပြုပြီး ဗိုလ်မုတ်သုန်ဦးဆောင်သော BGF တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ကြောင်းအမြောက်အမြားခွဲပြီး ကျူးကျော်လာသောကြောင့် တိုက်ပွဲဖြစ်ရခြင်းဖြစ်ကြောင်းနှင့် Cobra တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ကျူးကျော်လာသော ရန်သူများကို ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း၊ Cobra စစ်ကြောင်း၏ နောက်တန်းဖြစ်သော လေးကေ့ကော်ဒေသကို ယနေ့ နံနက်၄နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
“အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းအများကြီးခွဲထားပြီး (BGF)ဗိုလ်မုတ်သုန်ဦးဆောင်တဲ့ အဖွဲ့ကလည်း အင်အား ၁၀၀နဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ကျူးကျော်လာတဲ့အတွက် တိုက်ပွဲဖြစ်တာပါ။ ဒီမနက် ၄ နာရီလောက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေယာဉ်နဲ့ လေးကေ့ကော်ကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်။ မနေ့ကရော ဒီနေ့အထိပါ ကျွန်တော်တို့ Cobra တပ်ဖွဲ့အနေနဲ့ ထိခိုက်သေဆုံးမှုတွေမရှိခဲ့ပါဘူး ” ဟု Cobraစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ကဆက်လက်ပြောသည်။
ဇွန်လ ၂၆ ရက်နေ့မှစပြီး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဥကရစ်ထစခန်းအားသိမ်းရန်အတွက် KNLA / KNDO / Cobra ပူးပေါင်းတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သေဆုံးမှုများများစွာရှိပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်တွင်လည်း ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိခဲ့သည်ဟု ဒေသခံသတင်းအရင်းမြစ်ထံမှသိရသည်။