ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း ဥကရစ်ထကျေးရွာတွင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လေယာဉ်များနှင့်ပါ ဆက်တိုက် ပစ်နေကြောင်း ဒေသခံ သတင်းအရင်းမြစ်ထံမှ သိရသည်။
ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်သည့် ဥကရစ်ထ စခန်းအား KNDO နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး ပထမစည်းရှိ စခန်းငယ်ကို သိမ်းယူပြီးနောက် ပင်မစခန်းကို ယနေ့ ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီအထိ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က ထိုင်းနိုင်ငံ နယ်စပ်စည်းအနီးမှ တပ်ကူများဝင်ရောက်လာခဲ့ပြီး လေယာဉ်ဖြင့် ပစ်ကူပေးနေကြောင်းလည်း သိရသည်။
“တိုက်ပွဲက မနေ့ကတည်းက တိုက်နေကြတာ။ ကင်းစခန်းအသေးကိုသိမ်းပိုက်အပြီး ပင်မစခန်းကို ဆက်ပြီး ထိုးစစ်ဝင်သိမ်းပိုက်ချိန်မှာ ပြင်းထန်နေတာ၊ စကစဘက်က ညနေ ၄ နာရီအချိန်လောက်မှာ လေယာဉ်ပစ်ကူလာပါတယ်။ စကစဘက်က အသေများပေမဲ့ အတည်မပြုပေးနိုင်သေးပါဘူး။ ကျွန်တော်တို့ဘက်ကတော့ ၂ ဦးကျပြီး ဒဏ်ရာရထားသူတွေရှိတယ် ” ဟု ဆင်ဖြူစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခု အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်မှုတွင် KNDO / KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အတူ ဆင်ဖြူစစ်ကြောင်း၊ Cobra တပ်ဖွဲ့ဝင်များပါ စစ်ကူလာကြောင်းလည်း သိရသည်။
“ညနေကလာတဲ့လေယာဉ်က အမြင့်ပေ ၃ သောင်းက လာတာ ၂ စင်း၊ ကင်းထောက်လေယာဉ် ၁ စင်း စုစုပေါင်း ၃ စင်းပါ။ အခု ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့အတူ Cobra တပ်ဖွဲ့တွေကပါ စစ်ကူလာပေးပါတယ်။ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် AK ကျည်တွေ အရေးပေါ်လိုအပ်နေပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခု သတင်းရေးသားနေချိန် ညနေ ၅ နာရီ ၃၀ မိနစ်အထိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNDO / KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေသည်။
တိုက်ပွဲဖြစ်စဉ် အသေးစိတ်နှင့်ပက်သက်ပြီး MPAအနေဖြင့် ထပ်မံပြည်စုံစွာ ဖော်ပြနိုင်ရန် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။