တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာရှိ နန်းတောင်ဂိတ်ကို ပုလော PDF မဟာမိတ်တပ်ပေါင်းစုမှ ဝင်စီးနင်းရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ကျန် ၃ ဦး ဒဏ်ရာရကာ စာသင်ကျောင်းထဲဝင်ပုန်းခဲ့ကြောင်း ပုလော PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
နန်းတောင်ဂိတ်ကို ယနေ့နံနက် ၇ နာရီခန့်က ပုလောPDF(Palaw People Defense Force)နှင့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(Palaw Regional Defence Force(PRDF)) တို့ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်း ၂ လုံးအသုံးပြုခဲ့ကြောင်း ပုလောPDFတပ်ခွဲမှူးက ပြောသည်။
“ဒီနေ့မနက်က ဝင်စီးတာ။ စခတွေက နန်းတောင်စာသင်ကျောင်းထဲမှာ။ ကျောင်းရှေ့နားမိုင်းထောင်ပြီး ထွက်လာမှပစ်တာ။ ၃ယောက်သေတယ်။နန်းတောင်ဂိတ်က စာသင်ကျောင်းနဲ့ နည်းနည်းပဲဝေးတယ်”ဟု ပုလောPDFတပ်ခွဲမှူးက ရှင်းပြသည်။
နန်းတောင်ဂိတ်သို့ ဝင်ရောက်စီးနင်းရာတွင် မိုင်းထိဒဏ်ရာရခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးမှာ နန်းတောင်စာသင်ကျောင်းအတွင်း ဝင်ပုန်းခဲ့၍ ထပ်မံတိုက်ခိုက်ခြင်းမပြုချိန် အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ကူ ၁၅ ဦးရောက်ရှိခဲ့ပြီး ၁ ၅မိနစ်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း PRDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒါ့အပြင် ယနေ့ နေ့လယ် ၂ နာရီခန့်က ပုလော PDF မဟာမိတ်တပ်ပေါင်းစုမှ လက်နက်ကြီးဖြင့် နန်းတောင်ဂိတ်ကို ပစ်ခတ်ရာ တပ်ကူရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီ ဂိတ်စောင့်တပ်သားများသည် နန်းတောင် တောင်ပေါ်သို့တက်ပြေးပြီး KNU အုပ်ချုပ်သည့် တပ်မဟာ ၄ ရင်း ၇ခွဲ ၂ရှိ ဒူးရင်းပင်ရှောင်ရွာအတွင်းသို့ လက်နက်ကြီး ၁၀ လုံးပြန်လည်ပစ်ခဲ့ကြောင်း PRDF တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ယင်းတိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကူအင်အားတိုးလာတာကြောင့် နန်းတောင်ဂိတ်ကို သိမ်းယူနိုင်ခြင်းမရှိဘဲ ယနေ့ နံနက် ၈နာရီ ၅ မိနစ်တွင် တပ်ဆုတ်ပြန်ခဲ့ကြောင်း PRDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တိုက်ပွဲက တစ်ကြိမ်ပဲဖြစ်တာ။ ဒီကောင်တွေက ကျောင်းဖွင့်တာ လူသားဒိုင်းကာလုပ်ဖို့ပဲ။ သူတို့က အထဲကနေ ပစ်ရဲပေမယ့် ကျွန်တော်တို့က ကလေးတွေထိမှာစိုးလို့ မပစ်ရဲဘူး။ ကျောင်းထဲမှာ ကလေးတွေတော့ မရောက်သေးဘူး။ ကျောင်းထိမှာစိုးတာကြောင့် ဒီနေ့တပန်းရှုံးခဲ့ရတာပေါ့။ နေ့လယ်က သူတို့ကို လက်နက်ကြီးနဲ့ထုတော့ ဂိတ်ကိုထားခဲ့ပြီး တောင်ပေါ်တက်ပြေးကြတယ်။ သူတို့က လက်နက်ကြီးပေါတော့ ဒီဘက်ကို ၁၀ လုံး ပြန်ပစ်တယ်”ဟု PRDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ MPA မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယနေ့တိုက်ပွဲဖြစ်ပွားသည့် နန်းတောင်ဂိတ်သည် ပုလောမြို့နယ်ရှိ KNU တပ်မဟာ ၄ တပ်ရင်း ၇၊ တပ်ခွဲ ၂ နှင့် နယ်မြေ နီးစပ်သည့် နန်းတောင်ရွာတွင်တည်ရှိပြီး နန်းတောင်တောင်ပေါ်တွင် လက်နက်ကြီးတင်ကာ တောင်အောက်တွင် ဂိတ်ပြုလုပ်နေရာယူထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ပုလောအခြေစိုက် ၂၈၅ တပ်ရင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်ကား ၃ စီးရောက်ရှိနေပြီး နန်းတောင်ဂိတ်တွင်လည်း ဂိတ်စောင့်တာဝန်ကို အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ဦးထိ တိုးမြှင့်ချထားကြောင်း စုံစမ်းသိရှိရသည်။