အာဏာသိမ်းစစ်ကောင်စီ၏ ပြည်နယ်ရုံးစိုက်ထားသည့် စစ်တွေမြို့တွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနှင့် စစ်သားတစ်ဦးတို့ကို ရက္ခိုင့်တပ်တော် (AA) က ယနေ့တွင် ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ ဗိုလ်ကြီးမှာ စစ်တွေမြို့ရှိ ခမရ ၃၅၄ တပ်ရင်းမှဖြစ်ပြီး ၎င်းကို မင်းဂံရပ်ကွက်မှ အေအေက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး စစ်သားတစ်ဦးကိုလည်း အနောက်စံပြရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်တွင် ဆိုင်ကယ်ပြင်နေစဥ် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တချို့ကဆိုသည်။
” ဗိုလ်ကြီးကိုတော့ မနက်ပိုင်းမှာ မင်းဂံရွာထဲက ဖမ်းသွားတာပါ။ နောက်ထပ် စစ်သားတစ်ယောက်ကိုတော့ စံပြရွာမှာ ဆိုင်ကယ်ပြင်နေတုန်း ဖမ်းခေါ်သွားတာပါ” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
အသေးစိတ်ကို MPA မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရက္ခိုင့်တပ်တော် (AA) က အကြမ်းဖက်စစ်သားတစ်ဦးကို ယခုလ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ထဲမှ ဖမ်းဆီးသွားပြီးနောက် ကျောက်တော်မြို့ပေါ်တွင် အရက်သောက်နေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကိုလည်း ထပ်မံဖမ်းဆီးသွားသည်။
ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ အင်အားအများအပြားဖြင့် ရပ်ကွက်တချို့အတွင်း ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
” ဒီနေ့လည်း စစ်တွေမှာ ဒေသခံ ၁၅ ဦးလောက်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ ရပ်ကွက် ၆ ခုလောက်ပါပါတယ်။ အခုလည်း တချို့နေရာတွေကို စစ်တပ်နဲ့ရဲက ဝင်စစ်နေပါတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက MPA သို့ ပြောသည်။
ယနေ့နေ့လယ်က စတင်ပြီး စစ်တွေမြို့ ရှိ ဝင်ပေါက်၊ ထွက်ပါက်အားလုံးကို အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပိတ်ဆို့ထားပြီး တွေ့သမျှပြည်သူများကို စစ်ဆေးပြီး မသင်္ကာပါက ဖမ်းဆီးထားလိုက်ကြောင်း ကိုယ်တိုင်အစစ်ခံခဲ့ရသူများက ပြောပြသည်။
ယခုလအတွင်း ရခိုင်မှာရက္ခိုင့်တပ်တော်ဘက်က အကြမ်းဖက်စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရမ်းဗြဲ၊ စစ်တွေစသည့်မြို့များတွင် ဆက်တိုက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်ဘက်မှ ဖမ်းဆီးခံရသည့်မြို့များတွင် အကြမ်းဖက်စစ်တပ်က ဒေသခံပြည်သူများကို မတရားဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။
ရခိုင်သို့ အကြမ်းဖက်စစ်တပ်၏ ဒုတိယခေါင်းဆောင် စိုးဝင်းရောက်လာပြီးနောက် ရခိုင်မှာ အကြမ်းဖက်စစ်တပ်က ဒေသခံပြည်သူ ၅၀ နီးပါးကို မတရားဖမ်းဆီးထားပြီး ထိုအထဲတွင် ကလေးသူငယ်အရွယ်သာရှိသေးသည့် ကျောင်းသားများလည်း ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။