မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ PDF တပ်စခန်းနှစ်ခုကို အကြမ်းဖက်စစ်ကောင်စီများက ဝင်ရောက်စီးနင်းခဲ့သည်ဟု KDF တပ်ဖွဲ့ဝင်တစ်ဦးက MPA ကို ပြောသည်။
ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီများက အင်အား ၁၀၀ ခန့်ဖြင့် ချောက်မြို့နယ်၊ ဆင်ကရွာနှင့် တောင်နောက်ကြားရှိ Kyaukpadaung Defence Force (KDF) ၏ အခြေစိုက် တပ်စခန်းနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့စီးနင်းမှုကြောင့် အကြမ်းဖက်စစ်ကောင်စီများနှင့် KDF တပ်ဖွဲ့ဝင်တို့ အပြန်အလှန်ပစ်ခတ်ခဲ့ရာ လက်နက်အင်အား မမျှသောကြောင့် KDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးသွားပြီး ဒဏ်ရာဖြင့်မပြေးနိုင်သော ရဲဘော် ၂ ဦးဖမ်းဆီးခံရကာ တပ်စခန်းနှစ်ခုကိုပါ လက်လွှတ်လိုက်ရသည်။ ယင်းနှင့် ပတ်သက်၍ MPA က သီးခြားအတည်မပြုနိုင်သေးပေ။
“ကျွန်တော်တို့က အညာဒေသ လက်လုပ်သေနတ်နဲ့ပဲ ပြန်လည်ခုခံခဲ့တယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တွေလည်းကျသွားတယ်။ ဖမ်းမိသွားတာတွေလည်းရှိတယ်။ ဘယ်လိုမှအင်အားမမျှတော့ ကျွန်တော်တို့လည်း စခန်းကို လက်လွှတ်လိုက်ရတယ် ” KDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များက KDF စခန်းကိုသိမ်းဆည်းပြီးနောက် စခန်းတွင်ကျန်ခဲ့သော လက်နက်ပစ္စည်းများကို သိမ်းယူခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်သွားသော KDF တပ်ဖွဲ့ဝင်များမှာ ဘေးလွတ်သို့ ရောက်ရှိသွားပြီးဖြစ်ကြောင်းလည်း KDF တပ်ဖွဲ့ဝင်များက ပြောသည်။
ယခုလက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ပန်းတောင်းမြို့ပေါ်တွင် လုံခြုံရေး တင်းကျပ်ပြီး ကားများ ၊ ဆိုင်ကယ်များ နှင့် ဖုန်းများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။