စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာတိုက်ပွဲ (စွန်ရဲစစ်ဆင်ရေး)အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး ၂၅ ဦး သေဆုံးခဲ့ကာ PDF ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာ အချို့ရရှိခဲ့ကြောင်း တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၂၂ရက်နေ့ မနက် ၁၀ နာရီခွဲခန့်တွင် တမူးမြို့ ပန်းသာကျေးရွာအတွင်း တပ်စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများကို တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ တပ်ရင်း(၃)နှင့် Special Task Force အဖွဲ့ဝင်များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပန်းသာရွာကပျူရွာပါ။ စခ၊ ရခ၊ ပျူတွေပူးပေါင်းတပ်စွဲထားတာ ကျွန်တော်တို့ထုတ်ပြန်ချက်ထဲက အတိုင်း တလရပူးပေါင်းအဖွဲ့တွေ ရွာကိုဝင်တိုက်တယ်။ သူတို့ဘက်ကအကျအဆုံး၊ အထိအခိုက်ရှိတယ်။ ကျွန်တော်တို့ဘက်က ၅ ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရတယ်။ အကျအဆုံးမရှိ ပြန်ဆုတ်ခဲ့တယ်။ ဒီလောက်ပါပဲဗျ”ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပန်းသာရွာအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများသည် ပြည်သူများ၏ နေအိမ်ကို ကတုတ်ကျင်းများတူးဖော်ခြင်း ဘန်ကာထည့်သွင်းတည်ဆောက်ခြင်းဖြင့် စခန်းချပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ၂၅ ဦးထိသေဆုံးခဲ့သည်ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
အထိနာသွားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများသည် ပန်းသာကျေးရွာမှ မန်မော်ကျေးရွာဘက်ကို ဆုတ်ခွာသွားခဲ့ပြီး အင်အားပြည်လည်စုစည်းနေကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ကား၂ စီးဖြင့် တပ်ကူလာရောက်ခဲ့ပြီး မန်မော်ကျေးရွာမှာ အထိုင်ချကာ လက်နက်ကြီးများဖြင့် ပစ်ကူမှုကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အနေဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု တမူးမြို့ ပကဖက ထံမှ သိရသည်။
“စကစစစ်ကူက ပန်းသာရွာမရောက်ခင် မန်မော်ရွာကနေ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်နေလို့ကျနော်တို့ အဖွဲ့တွေပြန်ဆုတ်ခဲ့တာပါ”ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပန်းသာကျေးရွာ တိုက်ပွဲကို စွန်ရဲစစ်ဆင်ရေးဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အမည်ပေးထားပြီး ယမန်နှစ် ပန်သာကျေးရွာအတွင်း ပျူစောထီးများ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော်စွန်ရဲကို ဂုဏ်ပြုကာ အမည်ပေးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း ကျဆုံးခဲ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် ကလဲ့စားချေတိုက်ခိုက်ခြင်းလည်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့် ပက်သက်ပြီး MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
တမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး စစ်ရေးအခြေအနေတင်းမာနေခြင်းကြောင့် ပြည်သူများအနေဖြင့် တမူး-ကလေးကားလမ်းပိုင်းကို မဖြစ်မနေ အရေးပေါ်ကိစ္စများမှလွဲပြီး လုံးဝဖြတ်သန်းသွားလာခြင်း မလုပ်ဆောင်ရန် တမူးပြည်သူ့ကာကွယ်ရေးတပ်ရင်းများမှ ဇွန်လ ၂၂ ရက်နေ့တွင် အသိပေးအကြောင်းကြားစာ ထုတ်ပြန်ထားသည်။