အကြမ်းဖက်စစ်တပ်က ရခိုင်စကား ပြောတတ်သူများကို အသုံးချကာ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများပေါ်ပေါက်လာစေရန် ဖန်တီးလာသည့်အတွက် အဆိုပါ သပ်လျှိုမှုကို သတိပြုရန် ရက္ခိုင့်တပ်တော် (AA)၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ဇွန်လ ၂၁ ရက်တွင် သတိပေးကြေညာလိုက်သည်။
” ရက္ခိုင်ပြည်အတွင်း လက်ရှိအခြေအနေတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်သည့်ဖြစ်စဉ်များကို ဆက်တိုက်တွေ့လာနေရပြီး ယင်းဖြစ်စဉ်များတွင် ဇွန်လ (၁၆) ရက်နေ့က မောင်တောမြို့နယ်၊ သင်္ဘောလှရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့အား ပြန်ပေးဆွဲခြင်းဖြစ်စဉ်နှင့် ပေါက်တောမြို့နယ်၊ ကြိမ်နီပြင်ရွာမှ မူဆလင်လူငယ်တစ်ဦးအား ရိုက်နှက်ကာ လက်ပြန်ကြိုးတုပ်လျက် ကျောကုန်းကို ကျောက်တုံးဖိ၍ထားခဲ့သည့် ဖြစ်စဉ်များလည်းပါဝင်သည် ” ဟု ရခိုင်ဘာသာစကားဖြင့် ရေးသားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” လက်ရှိအချိန်တွင် နိုင်ငံရေးပြဿနာများကြောင့် မြန်မာနိုင်ငံ၏ နေရာအနှံ့အပြား၌ အာဏာသိမ်းစစ်ကောင်စီနှင့် နဂိုရှိပြီးသား တိုင်ရင်းသားတော်လှန် ရေးလက်နက်ကိုင်အဖွဲ့အစည်းအချို့အပြင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်လိုသော အစုအဖွဲ့များ၏ တိုက်ပွဲများသည် နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိသည်။ ” ဟု ဆိုထားသည်။
ထို့အပြင် ” မြန်မာနိုင်ငံ၏ အခြေအနေမှာလည်း အဆိုးဝါးဆုံးအဆင့်သို့ ရောက်ရှိနေကာ တိုင်းပြည်သည် အဖက်ဖက်မှ ယိုယွင်းပျက်စီးဆုတ်ယုတ်ပြီး ကျရှုံးနိုင်ငံအဖြစ်သို့ ဦးတည်လျက်ရှိသည်ကို တွေ့မြင်နေရပါသည်။ ” ဟုလည်း ရေး သားဖော်ပြထားသည်။
” လွန်ခဲ့သောကာလများတွင်လည်း မြောက်ဦး၊ ကျောက်တော်အစရှိသော ရက္ခိုင်ပြည်မြို့နယ်များ၌ စပါးရိတ်စက်များ၊ ကောက်လှိုင်းစည်းများအား မီးရှို့ခြင်း၊ မုဒိမ်းကျင့်ရန်ကြံစည်ခြင်းအပါအဝင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကို ဖြစ်စေနိုင်သည့် ဖြစ်ရပ်များစွာ ပေါ် ပေါက်ခဲ့ကြောင်း” လည်း ရေးသားထားသည်။
ထိုလုပ်ရပ်များကို ၎င်းတို့၏လက်ကိုင်တုတ်ရက္ခိုင်အချို့၊ အမျိုးသားသစ္စာဖောက်အချို့နှင့် ၎င်းတို့အဖွဲ့အစည်းအတွင်းမှ ရက္ခိုင်စကားပြောတတ်သူများကို အသုံးချခိုင်းစေမှုများရှိခဲ့ကြောင်း ‘’ လည်း ဆိုထားသည်။
” မောင်တောက ပညာရေးဝန်ထမ်းနှစ်ဦးဖြစ်စဥ်မှာ ပြန်ပေးဆွဲထားသူတွေက ရခိုင်စကားနဲ့ ဖုန်းဆက်ပြောလာတာက သံသယဖြစ်စရာကောင်းပါတယ်။ ဒါကို ULA ဖက်က ထောက်ပြပြောဆိုတာဖြစ်မှာပါ ” ဟု ရခိုင်ဒေသခံတစ်ဦးက MPAသို့ပြောသည်။
ရခိုင်တွင် ရက္ခိုင်မဟုတ်သော လူမျိုးနှင့်မျိုးနွယ်စုများအကြား ပြဿနာဖန်တီးနေသူများ သုံးနေကျလက်နက်ဟောင်းတစ်ခုဖြစ်သည့် အချိုသတ်မက်လုံးပေးသော နည်းလမ်းများကိုအသုံးပြုပြီး လူမျိုးရေးပဋိပက္ခများ ဖန်တီးရန် ကြိုးစားလျက်ရှိနေသည်ကို လက်ရှိဖြစ်ပျက်နေသော အခြေအနေများက မီးမောင်းထိုးပြလျက်ရှိကြောင်း ” လည်း ဆိုထားသည်။
ထိုဖြစ်စဉ်များမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကို ဦးတည်စေနိုင်သည့်အတွက် အာရက္ခပြည်သူ ပြည်သားများ သတိပြုဆင်ခြင်ရန်နှင့် နောက်ထပ် အလားတူဖြစ်စဉ်မျိုး မပေါ်ပေါက်စေရေး အလေးဂရုပြု ဝိုင်းဝန်းကာကွယ် စောင့်ထိန်းကြရန်လည်း လိုအပ်ကြောင်း ’’ တိုက်တွန်းထားသည်။
ယခုရက်ပိုင်းအတွင်း ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းတို့တွင် နှစ်ဘက်အပြန်အလှန် ဖမ်းဆီးမှုများပြုလုပ်နေပြီး အကြမ်းဖက်စစ်တပ်၏ စစ်သား ၃ ဦးနှင့် ရဲ ၄ ဦးကို AA က ဖမ်းဆီးထားသည်။
ထိုကြောင့် အကြမ်းဖက်စစ်တပ်မှ ဒေသခံအရပ်သားပြည်သူ ၅၀ဦးခန့်ကို ဖမ်းဆီးထားပြီး သုံးဦးထက်မနည်း ပစ်သတ်ခံရသည်ဟု ရခိုင်ဒေသခံများကဆိုသည်။
လက်ရှိအချိန်ကာလတွင် ရခိုင်ပြည်သူများအနေဖြင့် ရန်သူ၏ထောင်ချောက်ထဲသို့ မကျရောက်စေရန်နှင့် ရန်သူဖြစ်လိုသောအကွက်ထဲကို မသက်ဆင်းသွားစေဖို့ အထူးသတိထားရန် လိုအပ်ကြောင်း ” လည်း သတိပေးထားသည်။
” အတိတ်တွင် ဖြစ်ပျက်ခဲ့သော လူမျိုးရေးပဋိပက္ခဖြစ်ရပ်များမှ သင်ခန်းစာယူကြရန် ” လည်း တိုက်တွန်းထားသည်။