ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှ ဝေါလေအထိ နယ်မြေများတွင် ငှက်ဖျားရောဂါကို ပြန်လည် ထိန်းချုပ်နိုင်ပြီဟု Cobra စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက အတည်ပြုပြောကြားသည်။
ပြီးခဲ့သည့် မေလဆန်းတွင် လေးကေ့ကော်ဒေသမှ ဝေါလေအထိ နယ်မြေများတွင် နယ်မြေဒေသခံများအပါအဝင် တာဝန်ထမ်းဆောင်နေသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ငှက်ဖျားရောဂါအပြင် ရာသီတုပ်ကွေးဝေဒနာများ ခံစားခဲ့ရပြီး မေလဒုတိယအပတ်တွင် ပိုမိုဆိုးရွားစွာ ခံစားခဲ့ရသည်။
“ လေးကေ့ကော်ဒေသကနေပြီးတော့ ဝေါလေအထိပေါ့လေ နယ်မြေဒေသခံတွေအပါအဝင် ဒီမှာရှိတဲ့ တာဝန်ထမ်းဆောင်နေတဲ့ ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တွေေ ခံစားခဲ့ရတယ်။ မေလဆန်းကနေစပြီးတော့ ရာသီတုပ်ကွေးဝေဒနာခံစားရတယ်။ ငှက်ဖျားဝေဒနာခံစားရတယ်။ အဆိုးဆုံးအခြေအနေကတော့ မေလဒုတိယအပတ်လောက်မှာ အဆိုးဆုံးအခြေအနေနဲ့ ကူးစက်ခဲ့ပါတယ်” ဟု Cobra စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ မျိုးသူရကိုကိုက MPA သို့ ပြောပြသည်။
အစောပိုင်းတွင် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့၍ ကူးစက်မှုများပြားခဲ့သော်လည်း ယခု ဇွန်လ ပထမအပတ်တွင် ငှက်ဖျားရောဂါကို ထိန်းချုပ်နိုင်သည့်အဆင့် ရောက်ရှိခဲ့သည်။
“ ရဲဘော်တော်တော်များများရော၊ ဒေသခံတော်တော်များများရော ငှက်ဖျားရောဂါကိုလည်း ခံစားရတယ်။ တချို့ကတော့ ရာသီတုပ်ကွေးရောဂါကို ခံစားရတယ်။ ဒါပေမဲ့ အဲ့ဒီအခြေအနေမှာပဲ ဖြစ်ခါစမှာ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတာ အားနည်းတဲ့အတွက် ရှေ့မှာရှိတဲ့ ဆေးတပ်သားတွေနဲ့ပဲ ကုခဲ့ရတယ်။ နောက်ပိုင်း ဇွန်လပထမအပတ်လောက်မှာ ငှက်ဖျားရောဂါကို ထိန်းချုပ်နိုင်တဲ့အဆင့်ထိ ရောက်သွားပါတယ်။ အလှူရှင်တွေကလည်း မေလအကုန်လောက်မှာ သိရှိသွားတဲ့အတွက်ကို ဝိုင်းပြီးလှူတယ်။ Test Kit တွေရော ငှက်ဖျားကို ကုသပေးဖို့ ဆေးတွေရော လုံလောက်စွာနဲ့ရှိလာပြီဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ငှက်ဖျားဝေဒနာသည် အယောက်နှစ်ဆယ် ပတ်ဝန်းကျင်ခန့်သာ ရဲဘော်များအကြားတွင် ရှိတော့သည်ဟု စုံစမ်းသိရှိရသည်။ ထွက်ပေါ်နေသည့် သတင်းများအရ ရဲဘော်ထပ်ဝက်ခန့် ငှက်ဖျားဖြစ်နေသည်ဆိုသည့် သတင်းများအတွက် အတည်ပြုရန်ခက်ခဲနေပြီး တချို့နေရာများတွင် ငှက်ဖျားရောဂါမဟုတ်ဘဲ သာမန်ဖျားနာမှုမျိုးလည်းရှိကြောင်း သိရှိရသည်။ လက်ရှိအချိန်ထိ ငှက်ဖျားကြောင့် သေဆုံးသည့် အဖြစ်မျိုးမရှိကြောင်း ယင်းပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။