မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာရှိဒေသခံမျာသည် တိုက်ပွဲများကြောင့် ယမန်နှစ် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ စစ်ဘေးရှောင်နေရခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီ ၂၇ရက်တွင် ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်သော်လည်း၊ စစ်တပ်ကရွာအတွင်းသို့ ဝင်ခွင့်မပြုကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ လတ်တလော တိုက်ပွဲကရွာထဲမှာ မရှိတော့လို့ ရွာပြန်တာကို စစ်တပ်က ကျတော်တို့ကို ပေးမဝင်လို့ ဒေသခံတွေအကုန် နေရပ်မပြန်ရဘူးဖြစ်နေတယ်။ ရွာထိပ်မပြောနဲ့ ရွာနားရောက်တာနဲ့ကို မောင်းထုတ်တာ” ဟု ချောင်းနှစ်ခွရွာခံ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီအနေဖြင့် မည်သည့်အကြောင်းပြချက်ကြောင့် ဒေသခံများကို ရွာသို့ပေးခြင်းနှင့် ပတ်သက်ပြီး မသိရကြောင်း၊ စစ်တပ်က ချောင်းနှစ်ခွရွာအတွင်းရှိ ပြည်သူများ၏ ပစ္စည်းများကို ဖောက်ထွင်းယူဆောင်ခြင်းနှင့် ရွာအ တွင်းသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်သူများကိုလည်း သေနတ်ဖြင့် ပစ်ခတ်မှုများရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြ သည်။
“ ချောင်းနှစ်ခွ ရွာအပါအဝင် စစ်ရှောင်နေတဲ့ရွာပေါင်း ၂၀ လောက်ရှိတာ၊ လူဦးရေကလည်း ၃သောင်းနီးပါးလောက်ရှိတော့ စစ်ရှောင်စခန်းမှာလည်းစားနပ်ရိက္ခာ ကခက်ခဲတယ်။ အဲ့ဒါကြောင့် စခန်းမှာရှိတဲ့ သူတွေကလည်း သူတို့ရွာဘက်တွေမှာအခြေနေကောင်းရင်ပြန်ကြ၊ ရွာထဲဝင်လို့ရရင် ဝင်ပြီးလိုအပ်တာလေးတွေသွားယူတာတို့ လုပ်ချင်တာ အခုဟာကစစ်ကောင်စီတပ်တွေက ပေးမဝင်တာဆိုတော့ စခန်းမှာလည်း ခက်ခဲတယ်” ဟု စစ်ရှောင်စခန်းတွင်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် ကျိုက်မရောမြို့၊ ချောင်းနှစ်ခွ၊ တောင်ကလေးရွာအပါအဝင် အနီးအနားကျေးရွာများရှိ အိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းယူဆောင်ပြီး ကျိုက်မရောမြို့ပေါ်တွင် အရပ်ဝတ်များဖြင့် ရောင်းစားမှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“ ပြီးခဲ့တဲ့ရက်က ပစ္စည်းတစ်ခုသွားဝယ်တာ ကျမအိမ်က မှန်တင်ခုံလေးနဲ့တူလို့ ကိုင်ကြည့်မှ အိမ်ကပစ္စည်းမှန်းသိတာ၊ စျေးရောင်းနေတဲ့ ပတ်ဝန်းကျင်မှာ စစ်သားတွေတွေ့တော့ စုံစမ်းကြည့်မှ စစ်သားတွေက လာရောင်းတာလို့သိရတာ” ဟု မျက်မြင်ကြုံတွေ့ခဲ့ရသည့် ကျိုက်မရောမြို့နယ်၊ တောင်ကလေးရွာနေ အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိ ကျိုက်မရောမြို့အတွင်းရှိ စစ်ဘေးရှောင်များသည် နေရပ်ပြန်၍မရသောကြောင့် စစ်ရှောင်စခန်းများ၌ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှ စုံစမ်းသိရှိရသည်။