စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ကိုစစ်ကောင်စီတပ်က ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ကျေးရွာ ၇ ရွာမှ ဒေသခံ ၅,၀၀၀ ကျော်စစ်ရှောင်နေရကြောင်း သိရသည်။
ဧပြီလ ၁၉ ရက် ညနေ ၄ နာ၀န်းကျင်တွင် ပဇီကြီးရွာသို့ အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကထုတ်ပြန်သည်။
ယင်းစစ်ကြောင်းသည်သပိတ်ကျင်းမြို့နယ်မှ ကန့်ဘလူမြို့နယ် မလည်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းဖြစ်ပြီးပဇီကြီး၊ ထန်းတော၊ လေးတွင်းစဉ်၊ ချောင်းရှည်၊ ချောင်းသာ၊ မယ်ဇတောနှင့် ချောင်းမကြီးရွာတို့မှ ဒေသခံပြည်သူများစစ်ရှောင်နေကြရသည်။
“ ခြေလျင်စစ်ကြောင်းဗျ။ကန့်ဘလူဘက်ကနေဝင်တာ။ရွာ ၇ ရွာကပြည်သူတွေတော့ စစ်ရှောင်နေရတာ။ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရပြီးကတည်းက ရွာသားတွေကပြန်မဝင်ရဲသေးတာ။မနေ့က တစ်ခါစစ်ကြောင်းထက်ထိုးတော့ အကုန်ပြေးရတော့။အသေးစိတ်က မသိရသေးဘူး။မနေ့က ညနေ ၆ နာရီလောက်ကတည်းက ဖုန်းချိတ်မရတော့တာ” ဟုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ပဇီကြီးကျေးရွာရှိ ပြည်သူများမှာ လေကြောင်းတိုက်ခိုက်ခံရပြီးချိန်မှစ၍ ရွာထဲ ပြန်မနေရဲသေး သဖြင့် ကျေးရွာအနီး တောတိုက်တဲများ၌ နေထိုင်နေကြခြင်းဖြစ် ပြီးယခုစစ်ကြောင်းထိုးလာမှုကြောင့် အဆိုပါ တောတိုက်တဲများမှ ထပ်မံ ရွှေ့ပြောင်း တိမ်းရှောင်ကြရခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၁၁ ရက်နေ့တွင် ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ခဲ့သည်။
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက်မပြည့်သေးသည့်ကလေးများသေဆုံးခဲ့ကာ အကြီးစားကုသမှုပေးနေရသည့်ပြည်သူ ၁၆ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။