စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်က ၃ရက်ဆက် စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံ၈၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဧပြီလ ၁ ရက်နေ့မှစ၍ ၃ ရက်နေ့ထိ ခလရ-၁၃၇ တပ်ရင်းနှင့် ပျူစောထီး စုပေါင်းအင်အား ၁၀၀ ခန့်တို့သည် ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီး၊လျှော်ဖြူကုန်းနှင့်ဉာဏ်အင်း ရွာများကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့ရာ လျှော်ဖြူကုန်းနှင့်ဉာဏ်အင်း ၂ ရွာပေါင်း နေအိမ် ၁၀၀ မီးလောင်ပြာကျခဲ့ကာ အင်းလယ်ကြီးရွာအတွင်း မီးလောင်ပျက်စီးမှု အိမ်အရေအတွက်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။
“ကန့်ဘလူတစ်နယ်လုံးကို စစ်ကြောင်းထိုးနေတာ။ဒီရွာတွေကိုက ၁ ရက်နေ့ကတည်းက စ စစ်ကြောင်းထိုးနေတာ ရွာ ၃ ရွာကို။အင်းလယ်ကြီးရွာရဲ့အခြေအနေကို ပြောလို့မရသေးဘူး။မသေချာသေးတာမို့ပါ။လျှော်ဖြူကုန်းနဲ့ဉာဏ်အင်း ၂ရွာပေါင်းက အိမ်ခြေ ၁၀၀ မီးလောင်ပျက်စီးသွားတယ်။စစ်ကြောင်းထိုးခံရတဲ့ ရွာနီးချုပ်စပ်က ရွာတွေအကုန်လုံး ပြေးရတာပဲ ဒီနေ့ထိဆို ရှစ်ထောင်လောက် စစ်ရှောင်နေရတာ”ဟု ကျွန်းလှတက်ကြွသူများအဖွဲ့ မှတာဝန်ရှိသူတစ်ဦး ကပြောသည်။
ညောင်ပင်ရွာမ၊ ရွာသစ်၊ ညောင်ပေါင်ရင် ၊ ဇီးကနား၊ ချပ်ကုန်း၊နှောကုန်းအပါအဝင် ရွာ၉ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က ပျူစောထီးများကို သေနတ်များထုတ်ပေးထားပြီး ကျေးရွာအတွင်းမှ ပြည်သူပိုင်ပစ္စည်းအား လုယက်သယ်ယူနေကြောင်းလည်း ၎င်းကဆိုသည်။
မတ်လ ၃၀ ရက် နံနက် ၆ နာရီခန့်တွင် ခလရ-၁၃၇ တပ်ရင်းက အလယ်ခုံရွာတောင်ဘက်တွင် စစ်ဘေးရှောင်နေသည့် ၁၃ နှစ်အရွယ်ကလေးငယ် တစ်ဦးနှင့် အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကာ အသက် ၂၂ အရွယ်အမျိုးသားအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။