ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ယခုနှစ်အတွက် တတိယ အသုတ်အဖြစ် ပေါင် ၃သန်း ကူညီပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက စက်တင်ဘာ ၁၂ရက်နေ့က ကြေညာလိုက်ပြီး ယမန်နှစ် ကူညီပေးမှုထက် ၈၅ရာခိုင်နှုန်း လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UKအဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ဗြိတိန်အစိုးရ၏ ရိုဟင်ဂျာများအတွက် အကူအညီ ၈၅ရာခိုင်နှုန်းအထိ လျှော့ချလိုက်မှုသည် အနုတ်လက္ခဏာဆောင်နေကြောင်း ရိုဟင်ဂျာအရေး လေ့လာသူများက ပြောသည်။
“ထောက်ပံ့မှုတွေက ၈ရာခိုင်နှုန်းတို့ ၁၀ရာခိုင်နှုန်းတို့ လျှော့ချတာမဟုတ်ပဲ ၈၅ရာခိုင်နှုန်းလျှော့ချတာက သက်ရောက်မှုကြီးတယ်။ ဒါဟာ အနုတ်လက္ခဏာဆောင်တယ်လို့ မှတ်ချက်ပြုလိုပါတယ်။ တတိယအသုတ်အနေနဲ့ ပေါင် ၃သန်း ကူညီမယ်လို့ ပြောထားတာဆိုတော့ ဒါဟာ ထိရောက်တဲ့ အကူအညီဖြစ်မယ်လို့ ထင်ရကောင်း ထင်ရနိုင်တာပေါ့။ ဒါပေမယ့် အရင်နှစ်တွေက အကူအညီတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တစ်အားကို လျော့ကျ သွားတာဖြစ် တယ်။ ဒီလောက်ထိ လျော့ကျသွားတာက မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပေါ့။ ဒါကိုလည်း ဗြိတိန်အစိုးရအနေနဲ့ ပြန်ပြီး သုံးသပ်စေချင်ပါတယ်”ဟု အစ္စလာမ်ဘာသာဝင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးထွန်းကြည်မှ ရိုဟင် ဂျာများအတွက် အကူအညီ ၈၅ရာခိုင်နှုန်းအထိ လျှော့ချခံရမှုနှင့် ပတ်သက်ပြီး MPAသို့ မှတ်ချက်ပြုပြောဆိုသည်။
ဗြိတိန်အစိုးရ၏ စာရင်းများအရ ၂၀၁၇ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများအတွက် ဗြိတိန်နိုင်ငံမှ ပေါင် သန်း ၃၅၀အထိ ကူညီပေးခဲ့သလို ၂၀၁၉-၂၀၂၀ခုနှစ်များတွင်လည်း ပေါင် ၁၁၂သန်းအထိ ကူညီပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၂ခုနှစ်တွင် ပေါင်း သန်း၂၀အထိ လျှော့ချခဲ့ကာ ယခုနှစ် ၂၀၂၃ခုနှစ်တွင် ရိုဟင်ဂျာများအတွက် အကူအညီအား မေလအတွင်းက ပထမအကြိမ်အဖြစ် ပေါင် ၂.၃သန်း၊ ဒုတိယအကြိမ်အကူအညီအနေဖြင့် ဇူလိုင်လအတွင်းက ပေါင် ၁၁.၆သန်းကူညီခဲ့ပြီး တတိယအသုတ်အတွက် ပေါင် ၃သန်း ကူညီသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ရက်နေ့က ဗြိတိန်အစိုးရက ကြေညာခဲ့သည်။
“၂၀၁၇ခုနှစ် ပြည်တွင်းမှာ ရိုဟင်ဂျာ ဂျီနိုစိုက် ဖြစ်ခါစတုန်းကဆိုရင် ဗြိတိန်က ပေါင် သန်း၃၅၀အထိကို ကူညီပေးခဲ့ တာပေါ့။ တဖြည်းဖြည်းလျှော့ချခဲ့တာက အခုဆို တစ်ယောက်ကို ရရှိမှုက အတော်လေးကို နည်းပါးသွားတယ်။ ရိက္ခာတွေကို ဖြတ်တောက်လိုက်တဲ့အခါကျတော့ သူတို့အတွက် လွတ်မြောက်ဖို့ နည်းလမ်းတွေ ရှာလာကြတယ်။ လက်တွေ့မှာလည်း စစ်ကောင်စီရဲ့ အသုံးချမှုတွေကြောင့်လည်း ရိုဟင်ဂျာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဆိုတာ ထောင်ထဲမှာလည်းရှိတယ်။ သူတို့(စကစ) အန္တရာယ်ကို ရှောင်ရှားဖို့အတွက် လှေတွေနဲ့ ထွက်ပြေးရတာတွေကြောင့်လည်း ရေနစ်မြှုပ်သေဆုံးရတာတွေရှိတယ်။ ဒါတွေကို နိုင်ငံတကာနဲ့ အလှူရှင်နိုင်ငံတွေက အလေးအနက်လေး ထားပြီး စဉ်းစားသင့်ပါတယ်”ဟု ရိုဟင်ဂျာအရေးလေ့လောသုံးသပ်သူတစ်ဦးမှ ပြောသည်။
ဂျီနိုဆိုက်အား စနစ်တကျကျူးလွန်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရှိနေသ၍ ရိုဟင်ဂျာဒုက္ခသည်များ ပြည်တွင်းသို့ မည်သည့်နည်းနှင့်မှ ပြန်လည်ဝင်ရောက်၍ ရမည်မဟုတ်ကြောင်း၊ အားလုံးပါဝင်သော ဖက်ဒရယ်ပြည် ထောင်စုတစ်ခု ဖြစ်ပေါ်လာမှသာလျှင် ပြည်တွင်းသို့ ပြန်လို့ရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသော ရိုဟင်ဂျာဒုက္ခသည်များအတွက်လည်း နိုင်ငံတကာမှ လူသားချင်းစာနာသည့် အထောက်အပံ့များ ပေးရန် လိုအပ်နေကြောင်း မြန်မာရိုဟင်ဂျာအသင်း (ယူကေ) ဥက္ကဋ္ဌ ဦးထွန်းခင်မှ ပြောသည်။
ကုလသမဂ္ဂ၏ အစီအစဉ်များအရ ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များသည် ၎င်းတို့ကို လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အကူအညီလိုအပ်နေသူ ၁.၅သန်းခန့်အား အကူအညီများ ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၈၇၆သန်း လိုအပ်နေကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုများကြောင့် ရွာပေါင်း ၃၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည့်အပြင် ရိုဟင်ဂျာ ၇ သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရပြီး လက်ရှိချိန်အထိ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။
ရိုဟင်ဂျာများအပေါ် ဖိနှိပ်နေသည့် စစ်ကောင်စီအား အရေးယူနိုင်ရန်နှင့် နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် လူသားများဒုက္ခရောက်စေရန် ဆောင်ရွက်နေမှုများအား တားဆီးနိုင်ရန်အတွက် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးမှ ကြေညာချက်ထုတ်ပြန်ထားသေးသည်။