ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ အခြေစိုက် တပ်ရင်း ခလရ (၃၀) မှ ထွက်ပြေးသွားသော ဗိုလ်မှူးဦးဆောင်သည့် တပ်သား ၃၇ ဦးအနက် ၃ ဦးကို ပြန်လည် ဖမ်းမိထားကြောင်း သိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းက ခလရ (၃၀) မှ ဗိုလ်မှူးဦးဆောင်သည့် စစ်သား (၃၇) ဦး တပ်ကင်းကျနေချိန် တပ်မှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးသတင်းများ ဖော်ပြနေသည့် KIT မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အခု ပဲခူးအဝင်အထွက်ဂိတ်တွေနဲ့ အမြန်လမ်းတွေကို ပုံတွေပို့ပြီး ပိတ်ထားတယ်” ဟု အမြန်လမ်းတွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းသို့ ထွက်ပြေးသွားသော သတင်းနှင့် ၃ ဦး ပြန်လည်ဖမ်းမိခြင်းကို တပ်တွင်းသတင်းရင်းမြစ်က သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း KIT တာဝန်ရှိသူက ပြောသည်။
“ သူတို့က ကြောက်ကြောက်နဲ့ ပို့ရတာ။ ဘယ်အချိန်က မိတာလဲဆိုတာတော့ မပြောဘူး။ တပ်တွင်းတပ်ပြင် အဝင်ထွက်အားလုံးကို ပိတ်ထားပြီး မိသားစုတွေကိုတောင် ပေးမဝင်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ခလရ (၃၀) တပ်ရင်းအတွင်းရှိ စစ်သားမိန်းမများကို လက်နက်ပေးကာ ကင်းစောင့်ခိုင်းထားကြောင်းလည်း သိရသည်။