မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရေးအတွက် အကြမ်းဖက်စစ်ကော်စီနှင့် တွဲဖက်မလုပ်ဆောင်ကြရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ယနေ့ မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်အသိပေးခဲ့သည်။
လက်ရှိတွင် အာဆီယံနှင့် ၎င်း၏ ကိုယ်စားပြုနိုင်ငံတကာအဖွဲ့အစည်း (The AHA Centre) က မြန်မာ့အကျပ်အတည်းကို ကူညီရန် စီစဉ်လျက်ရှိနေသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရာတွင် လိုအပ်သူများထံ တိုက်ရိုက်ကူညီခြင်းဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
ထို့ပြင် ယင်းအကူအညီများအတွက် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ကန့်ကွက်ကြောင်း တပါတည်း ထုတ်ပြန်အသိပေးထားသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်အရ လက်ရှိတွင် အရေးပါသည့် အဖွဲ့အစည်းများ အားလုံးနှင့် တိုင်ပင်ဆုံးဖြတ် ဆောင်ရွက်ခြင်းများ မပြုလုပ်သည့်အတွက် အနှစ်သာရကွဲပြားမှုများရှိနေကြောင်းလည်း NUCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့၊ ကမ္ဘောဒီယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံလူသားချင်းဆိုင်ရာ အစည်းအဝေးသို့ လူသားချင်းစာနာမှုအကူညီများ စီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ (Myanmar Task Force) က တက်ရောက်ခဲ့ပြီး ယင်းအဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကို ကိုယ်စားပြုခြင်း အလျဉ်းမရှိကြောင်းလည်း ထပ်လောင်းဖော်ပြခဲ့သည်။