ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်နှစ်ခုကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း The Nation Thailand က ဖော်ပြသည်။ အစောပိုင်းက ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့သည့် နယ်စပ်စစ်ဆေးရေးဂိတ်နှစ်ခုသည် ကပ်ရောဂါ အခြေအနေ စိတ်ချရသည့်အနေအထားကို ရှောက်ရှိနေပြီဖြစ်တာကြောင့် ယခုလို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့၊ တနင်္ဂနွေနေ့က ထိုင်းတာဝန်ရှိသူများအနေနှင့် နယ်စပ် စစ်ဆေးရေးဂိတ်နှစ်ခုကို သန့်ရှင်းရေးနှင့် ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုင်းတာဝန်ရှိသူများသည် ယင်း စစ်ဆေးရေးဂိတ်နှစ်ခုကို လာမည့် ကြာသပတေးနေ့တွင် ပြန်လည်ဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်း ပြောကြားသည်။
လက်ရှိတွင် မြန်မာဘက် တာဝန်ရှိသူများနှင့် ထိုင်းတာဝန်ရှိသူများအကြား ဆွေးနွေးမှုများပြုလုပ်နေကြပြီး မြန်မာဘက်က တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။
တာ့ခ်ခရိုင်တွင်ရှိသည့် ယင်း ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနှစ်ခုကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ကတည်းက ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ယင်းနယ်စပ်တွင် နေထိုင်ကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားတချို့သည် ဂိတ်နှစ်ခု ပြန်လည်ဖွင့်လှစ်မည့် အခြေအနေကြောင့် ပျော်ရွှင်နေကြပြီး ကိုဗစ်ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများပြန်လည် ကောင်းမွန်မည့်အရေးကို စောင့်ဆိုင်းနေကြသည်ဟု The Nation Thailand က ဖော်ပြသည်။
Photo – The Nation Thailand