By MPA
အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်သည့် မသူဇာသည် စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီ နောက်ပိုင်းတွင် မိသားစုနှင့် ဖုန်းအဆက်အသွယ် ပြတ်တောက်ခဲ့ပြီး ၂၈ရက်ကြာပျောက်ဆုံးနေရာမှ ယနေ့တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းတွင် ရောက်ရှိနေကြောင်းကို ရဲစခန်း၏ဆက်သွယ်မှုအရ သိရကြောင်း မိသားစု၀င်တစ်ဦးက အတည်ပြုပြောဆိုသည်။
“ ည ၈နာရီလောက်မှာ မသူဇာကို အရှေ့ဒဂုံရဲစခန်းကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်ဆိုပြီး ဖုန်းဆက်လာတယ်။ သူလိုအပ်တဲ့ ဆေးဝါးနဲ့ အသုံးဆောင်ပစ္စည်းတွေကို ပြင်ထားဖို့ မနက်ဖြန်ကျရင် စခန်းကတစ်ယောက်က လာယူမယ်ဆိုတာတော့မှာတယ်။ မိသားစု၀င်တွေနဲ့တော့ တွေ့လို့မရသေးဘူးလို့ စခန်းကပြောတယ်။ “ ဟု သိရသည်။
သတင်းထောက်မသူဇာကို မည်သည့်အဖွဲ့အစည်းက မည်သည့်ပုဒ်မဖြင့် ဖမ်းဆီးထားသည်ကို မသိရှိရဘဲ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းကို ပြန်လည်လွှဲပြောင်းမှသာ ဖမ်းဆီးခံရသည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း လုပ်ဖော်ကိုင်ဖက်သတင်းသမားတစ်ဦးကဆိုသည်။
“ မနက်ဖြန် ကျနော်တို့ရဲ့အလှကလေးသူဇာ ကျန်းမာရေးကောင်း – မကောင်းကို ကျနော်တို့ သွားရောက်တွေ့ဆုံ ဖို့ ကြိုးစားပါမယ်။ မသူဇာအပေါ် ဘယ်ဥပဒေ ဘာပုဒ်မနဲ့တရားစွဲပါစေ ကျနော်တို့ သူ့ရဲ့ရှေ့နေအဖြစ် တရားခွင်မှာ ခုခံရင်ဆိုင်ပါမယ်။ “ ဟု သတင်းထောက်မသူဇာ ပျောက်ဆုံးနေသည့်အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
မသူဇာနေသည့်အိမ်ကို မေလအတွင်းက အကြမ်းဖက်စစ်တပ်နှင့်ရဲ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သော်လည်း သူမက နေအိမ်တွင်မရှိသဖြင့် လွတ်မြောက်ခဲ့သည်။ အဆိုပါ ရှာဖွေမှုတွင် မသူဇာကို မတွေ့ရှိသဖြင့် သူမ၏ အမျိုးသားကိုဖမ်းဆီးသွားခဲ့ပြီး ငါးရက်ခန့်အကြာမှ ပြန်လွှတ်ပေးခဲ့သည်။
မသူဇာသည် မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ် အစရှိသည်တို့တွင် ရုပ်သံနှင့် တကွ သတင်းဆောင်းပါးများကို လုပ်ကိုင်ခဲ့ဖူးသည့် လုပ်သက် ၁၄ နှစ်နီးပါးရှိ လုပ်သက်ရင့် သတင်းထောက်ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် Friday Time Journal၊ MPA သတင်းဌာနတို့တွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အလွတ်သတင်းထောက်အဖြစ် ဆက်လက်ရပ်တည်နေသော်လည်း မေလမှစကာ သတင်းအလုပ်အကိုင်ကို ရပ်နားထားသူဖြစ်သည်။
#Media #Thuzar #သတင်းထောက် #MPA #ဖမ်းဆီခံရ