လနဲ့ချီ ပိတ်ထားတဲ့ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုကို တရုတ်ဘက်ကနေ ရုတ်တရက်ဆိုသလို ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။
တရုတ်ဖက်ကနေ ကျင်စန်းကျော့ပေါက်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပြီး နယ်စပ်ကုန်သွယ်မှုတွေ ပြန်စတင်မယ် ဆိုတာ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ ထုတ်ပြန်လာပါတယ်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ကိုဗစ်ကာလအကြောင်းပြုပြီး လပေါင်းများစွာ ပိတ်ထားရာ က ကြိုတင်ညှိနိူင်း ပြောဆို ထုတ်ပြန် ထားခြင်းလည်း မရှိဘဲ ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်တုန်းကတော့ နှစ်နိူင်ငံ နယ်စပ်တာဝန်ရှိ အကြီးအကဲများ အစည်းအဝေး လုပ်ခဲ့သေးတယ်လို့ နယ်စပ်ကုန်သည်ကြီးတွေက ဆိုပါတယ်။
ဒါပေမယ့် အဲဒီ အစည်းအဝေးမှာ မူဆယ်၊ ရွှေလီဂိတ်ကိုတော့ ပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ ဒီလို ဖွင့်လှစ်ဖို့အတွက် ပြောဆိုဆွေးနွေးတာတွေ မရှိဘဲ ရုတ် တရက် အပူတပြင်း ဖွင့်လှစ်တဲ့ စာ ထွက်ပေါ်လာတာပါ။
“အားရဝမ်းသာနဲ့ အလောတကြီး မလုပ်ဖို့တော့ လိုတယ်။ တော်တော်ကြီး ကသုတ်ကရက်နိုင်တယ်။ ရုတ်တရက် ပြန်ပိတ်တာမျိုး ဖြစ်မလာဘူးလည်း မပြောနိုင်ဘူး” လို့ ဒေသခံ ကုန်သည်ကြီး တစ်ဦးက သတိပေးပါတယ်။
မြန်မာနဲ့နယ်စပ်ဂိတ်အားလုံးကို ကိုဗစ်ကပ်ရောဂါအကြောင်းပြပြီး တရုတ်ဘက်က ပိတ်ပင်ထားတာ ၆ လကျော် ရှိပါပြီ။
အခုလောလောဆယ်မှာတော့ မူဆယ်ကုန်သွယ်ရေးဇုန်မှာရှိတဲ့ ကျင်စန်းကျော့ဂိတ်ကို ရုတ်တရက် ပြန်ဖွင့်ပေးလိုက်ပြီး နိုဝင်ဘာလ ၂၅ ရက်အထိ စမ်းသပ်ကာလအဖြစ် သတ်မှတ်ထားပြီး ကုန်သွယ်မှုတွေ လုပ်မယ်လို့ ပြောဆိုထားပါတယ်။
အဲဒီနောက်မှာ အားနည်းချက်၊ အားသာချက်တွေကို ပြန်လည် သုံးသပ်ပြီး ဆက်လက် ဖွင့်လှစ် သွားမယ်လို့ တရုတ်ဘက်က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကမ္ဘာမှာတော့ ကိုဗစ်နောက်ဆုံးလှိုင်းကလည်း ပြန်လည်ခေါင်းထောင်လာစပြုနေတာမို့ ပိုးသတ်ဆေးဖြန်းတာတွေ အပါအဝင် အမှားအယွင်း နည်းနိူင်သမျှ နည်းအောင် အချိန်ယူ ပြင်ဆင် နှစ်ဖက်ညှိနှိုင်းပြီး ကုန်သွယ်မှု စသင့်တယ်လို့ နယ်စပ်ကုန်သည်ကြီး တစ်ဦးက ဝေဖန်ပါတယ်။
“ဒီနယ်စပ်ကုန်သွယ်ရေးက တရုတ်က အမြန်အသာစီးယူလေ့ရှိတယ်။ ဖွင့်တယ်ဟေ့ဆိုပြီး အကုန်ဝိုင်းပြုံကျလာပြီး ရုတ်တရက်ပြန်ပိတ်ရင် အရမ်းနစ်နာရမယ်။ ဒီအချိန်မှာ ပြည်တွင်းရေးကြောင့်လည်း စီးပွားရေးက တအားထိခိုက်နေကြတာဆိုတော့ အချိန်ယူစောင့်ကြည့်တာက ပိုကောင်းပါတယ်”လို့ သူက ဆိုပါတယ်။
လက်ရှိမှာလည်း တရုတ်က အကန့်အသတ်တွေ၊ စည်းကမ်းသစ်တွေ ထုတ်ပြန်ထားတာကြောင့် ကုန်သွယ်မှုဟာ အရင်လို ချောချောမွေ့မွေ့ ဖြစ်ဖို့တော့ ခက်နိုင်ပါသေးတယ်။
လတ်တလောမှာတော့ ကျင်စန်းကျာ့ ကုန်သွယ်ရေးစခန်းပြန်ဖွင့်ချင်း မဖွင့်ချင်းထက် တရုတ်နိုင်ငံဘက်မှာ လချီပိတ်မိနေတဲ့ မြန်မာနိုင်ငံက ကုန်တင်ကား အစီး ၄၀၀ ကျော်ကို ပြန်လည် ဖွင့်ပေးဖို့လည်း ယာဉ်ပိုင်ရှင်တွေနဲ့ ကုန်သည်တွေက တောင်းဆိုနေပါတယ်။
ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်အဝင် တရုတ်နိုင်ငံ လာရင်းမြို့တွင် မြန်မာနိုင်ငံဘက်မှ ကုန်တင်ကား အစီး ၄၀၀ ကျော် လချီပိတ်မိနေခဲ့တာပါ။
” အတွင်းဖတ်မှာလနဲ့ချီပြီးပိတ်မိနေတဲ့ကားတွေပဲအရင်ထုပ်ပေးပါလို့အကြံပြုချင်တယ်။ ကျန်တာဘယ်အချိန်ပဲ ထဖွင့်ဖွင့်ပါ။ တကိုယ်ကောင်ဆန်တာမဟုတ်ပါဘူး။ ကိုယ့်ကားကို ဘယ်လိုအခြေအနေရှိလဲတောင် မသိရဘူး” လို့ ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်တုန်းက နှစ်ဖက်အဖွဲ့အစည်းတွေ ဆွေးနွေးစဉ်မှာတော့ တရုတ်ဖက်ကို ကုန်ပစ္စည်း တွေ သယ်ဆောင်တဲ့ အချိန်မှာ လူနဲ့ ထိစပ်မှု အနည်းဆုံးဖြစ်အောင် ကွန်တိန်နာသေတ္တာနဲ့ ပို့ဆောင်ပြီး ဝန်ချီစက်တွေနဲ့ ရွှေ့ပြောင်းသွားဖို့လည်း ဆွေးနွေးထားကြတာ ရှိပါတယ်။
နယ်စပ်စခန်းဖွင့်လှစ်ကြောင်း ကြေညာချိန်မှာလည်း ဒီဆွေးနွေးချက်အတိုင်းပဲ ကွန်တိန်နာတွေနဲ့ ပို့ဆောင်ဖို့ စည်းမျဉ်းပါဝင်လာပါတယ်။
ဒီနည်းလမ်းက အပို ကုန်ကျစရိတ်များလာမယ့် အနေအထားရှိလို့ အများစုက မနှစ်သက်ပေမယ့် အကြမ်းဖက် စစ်တပ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီအချို့ကတော့ ၁၀၅ မိုင်ကို ကွန်တိန်နာတွေ စရွှေ့နေတယ်လို့ ဒေသခံ ကုန်သည် အချို့ထံက သိရပါတယ်။
တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ၁၀ ဘီးကား၊ ၁၂ ဘီးကားစတဲ့ ကားကြီးတွေကိုပဲ တောက်လျောက် အသုံးပြုလာတာကြောင့် ကွန်တိန်နာတွေ ပြောင်းလဲအသုံးပြုဖို့ဆိုတဲ့ ကိစ္စဟာ ကုန်သည်တွေကိုရော အဝေးပြေးကားသမားတွေကိုပါ တိုက်ရိုက်ထိခိုက်မယ့် အခြေအနေလို့ အဝေးပြေးကုန်တင်ယာဉ် ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
“ကျွန်တော်တို့ သယ်လာသမျှကို ကွန်တိန်နာထဲကို တဆင့်ပြန်ထည့်တဲ့ စရိတ်ကုန်မယ်။ အဲဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့က ကွန်တိန်နာ ပြောင်းဝယ်ပေါ့။ သေချာကတော့ ပြန်ကဲ့ရတာမျိုး ဖြစ်လာမယ်။ ကုန်သည်တွေအတွက်လည်း စရိတ်စက ပိုကြီးမယ်”လို့ သူက ဆိုပါတယ်။
ဘေဂျင်းအစိုးရဟာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် နေပြည်တော်နဲ့ တင်ကြိုဆွေးနွေးခဲ့ပုံလည်းရပါတယ်။ ဒါကြောင့်လည်း အာဏာရှင်တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကတော့ ဒါကို ကြိုတင်သိပြီးသား ဖြစ်နေပုံပါလို့ နယ်စပ်ကုန်သည်ကြီး အချို့က ကောက်ချက်ချပါတယ်။
လက်ရှိအခြေအနေတွေအရတော့ နယ်စပ်ကုန်သွယ်ရေး စခန်းပြန်ဖွင့်တယ်ဆိုပေမယ့် ကုန်သွယ်ရေး ပြန်စတင်တယ်လို့တော့ ဆိုလို့ မရသေးပါဘူး။ နှစ်ဖက်စလုံးက ကုန်သည်တွေကတော့ အခြေအနေကို စောင့်ကြည့်နေကြတုန်းပါပဲ။
“ကွန်တိန်နာစနစ်ကို လုံး၀ပြောင်းလဲသွားနိုင်ပါတယ်”လို့ ကုန်သည်တစ်ဦးကတော့ အတိအကျ မှတ်ချက်ပေးပါတယ်။
လက်ရှိအချိန်မှာတော့ တကယ်သာ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖြစ်ရင် ကွန်တိန်နာစနစ်ကို လုံးဝပြောင်းလဲမယ့် အလားအလာက သေချာနေသလို နယ်စပ်မတည်ငြိမ်မှုတွေကြောင့် ပြန်မဖွင့်နိုင်ခြေတွေကလည်း ရှိနေပါတယ်။
မန္တလေးအခြေစိုက် ကုန်သည်တစ်ဦးကလည်း “တရုတ်ဘက်က တွန်းပြီးပြန်ဖွင့်နေချင်ပေမယ့် နိုင်ငံရေးအခြေအနေမကောင်းသလို လမ်းကြောင်းတွေကလည်း မတည်ငြိမ်တော့ ကုန်သွယ်ရေးက မရေရာပါဘူး”လို့ သုံးသပ်ပါတယ်။
ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ တရုတ်ဘက်က အရင်လို အသာစီးမယူဘဲ တွန်းအားပေး အလျော့ပေးပြီး ကုန်သွယ်မယ်ဆိုရင်တောင် ရုတ်ချည်း ပြန်အားကောင်းလာဖို့ မရှိပါဘူး။