စစ်မှုမထမ်းလိုပါက ကျပ်သိန်း၅၀ ပေးလျှင် လူစားထိုးပေးမည်ဟု ပခုက္ကူမြို့၊အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြောင်း သိရသည်။
မတ်လ၁၇ရက်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့၊အမှတ်(၁) ရပ်ကွက်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များ၏ အိမ်သို့ ဆင့်ခေါ်စာ လိုက်လံဝေဌစဉ် အုပ်ချုပ်ရေးမှူးက ယင်းသို့ ဈေး ခေါ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ထံကသိရသည်။
“ လူငယ်ရှိတဲ့အိမ်တွေထဲကပိုက်ဆံရှိတဲ့အိမ်တွေကို သပ်သပ်ငွေညှစ်ချင်လို့ အုပ်ကြီးက လူစာရင်းကောက်ချိန် အသက်ပြည့်မီလို့ စစ်မှုမထမ်းချင်ရင် သိန်း၅၀ပေးပါလို့ပြောတယ်။ အမှတ်၁ရပ်ကွက်ထဲက စစ်မှုထမ်းပါတဲ့အိမ်ကစျေး ဆစ်တော့ သိန်း၄၀တော့ပေးရမယ်လို့ပြောတယ်” ဟု အမှတ်(၁)ရပ်ကွက်သားတစ်ဦးကပြောသည်။
မတ်လ၁၇ရက်မှ စတင်ကာ ပခုက္ကူမြို့ပေါ် ရပ်ကွက်များတွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများ လိုက်ဝေ ကြောင်း သိရသည်။
“ လူငယ်တွေရှိတဲ့အိမ်တွေကိုပါ။ အသက်ပြည့်မီတဲ့အိမ်တွေပါ။ အဲ့ပြသနာက အမှတ် – ၁အုပ်မှူး ကလုပ်တာပါ။ကျန်တဲ့ရပ်ကွက်တွေတော့ အဲလိုပိုက်ဆံတောင်းတာမကြားရသေးပါဘူး။ တရားဝင် တော့ မဟုတ်သေးပါဘူး” ဟု ၎င်းကပြောသည်။
စစ်မှုထမ်းရန် ဆင့်ခေါ်စာ လိုက်ဝေပြီးနောက် စစ်တပ်ထဲ မဝင်လိုသည့် ပခုက္ကူမြို့ပေါ်ရှိ လူငယ်အချို့ တိမ်းရှောင်နေကြပြီဖြစ်ကြောင်း မြို့ခံလူငယ်တစ်ဦးကပြောသည်။
“ ဟုတ်ကဲ့ ၊တချို့က ရှောင်ကုန်ကြပြီ။တချို့က အခြေအနေစောင့်ကြည့်နေကြတုန်း။ ဘယ်သူမှစစ်ထဲ မဝင်ချင်ဘူး။ ဝင်မယ့်ဝင် ကိုယ်ထဲ ပဲ ဝင်ချင်ကြတာ” ဟု၎င်းကပြောသည်။
ပခုက္ကူမြို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့က ဆင့်ခေါ်စာများ လိုက်ဝေနေသော်လည်း ပထမအသုတ် စစ်တပ်ထဲဝင်ရန် အပြီးသတ် မဲနှိုက်ခြင်းကို မလုပ်ဆောင်သေးကြောင်း သိရသည်။