By MPA CJ 008
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ မေလ ၂၇ ရက်နေ့၊ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် စစ်ကြောင်းထိုးထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု နယ်မြေခံသတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။
“ဇင်းကလင်းကျေးရွာအရှေ့ဘက် ပေါက်ခုံရွာမရောက်ခင် မီးရထားသံလမ်း ကုန်းတက်နားနဲ့ သာစည်ကျေးရွာနားက ချောင်းမကြီးနားမှာ တိုက်ခိုက်ခဲ့တာ။ ၃၀ တော့ အတည်ပြုနိုင်ပါပြီ”ဟု CNDF၊ တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဇင်းကလင်းရွာနှင့်ပေါက်ခုံရွာကြားရှိ အသင့်ထောင်ထားသော ၃ လုံးပဒေသာမိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာစဥ် နံနက် ၈ နာရီ ၁၉ မိနစ်အချိန်ခန့်တွင် ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၈ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
“အသံတွေကြားနေရတယ်။ ကျနော်တို့လည်း ရွာတောင်ဘက်ရှောင်ပြေးနေရတာပေါ့။ မိုင်းကွင်းတည့်တည့်ကို ဝင်လာတာလို့သိရတယ်။ အတော်လေးထိသွားတယ်လို့တော့ ကြားတယ်”ဟု ယင်းတိုက်ခိုက်မှုဖြစ်ပွားရာအနီးမှ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးသဖြင့် အဆိုပါစစ်ကြောင်းသည် ရှေ့မဆက်နိုင်ဘဲ ကလေးမြို့မှ တပ်ကူခေါ်၍ သေဆုံးသွားသော အလောင်းများနှင့် ဒဏ်ရာရသူများအား သယ်ဆောင်ကာ ကလေးမြို့သို့ ပြန်ဆုတ်ခွာစဥ် သာစည်ရွာချောင်းမကြီးအနားတွင် အသင့်ထောင်ထားသော မိုင်းကွင်းအတွင်းသို့ ဝင်လာသည့်အတွက် နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံး၍ စစ်သားအချို့ ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
“ကလေးမြို့ကနေလည်း လက်နက်ကြီးတွေ အဆက်မပြတ်ထုတယ်။ လေယာဥ်နဲ့လည်းဝဲပြီး သူတို့အလောင်းတွေ သယ်နိုင်အောင် ကင်းထောက်ပေးနေတာ”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား ကလေးမြို့၊ မြို့ပြပြောက်ကျားစီမံချက် (UG) အဖွဲ့နှင့် ကလေးပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်သားများ၏ သေဆုံးမှုနှင့် ပတ်သက်၍ MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။