မြဝတီမြို့ပြင်တွင်ဖြစ်ပွားခဲ့သည့် ၂ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား၂၄ဦးသေဆုံးကာ Federal Wingsတပ်ဖွဲ့မှ ဒရုန်း ၂စင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၈ရက်နေ့နှင့် ၁၉ရက်နေ့က တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် ခလရ၂၇၅၊ ခမရ ၃၅၅၊ ခလရ၁၀၂၊ မ(၂)၊ ခလရ(၂၀၇)၊ BGF(၁၀၁၉)တပ်ရင်းတို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သား ၂၃ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း Federal Wingsတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ကော်ဘရာမှာရှိတဲ့ FW တပ်ဖွဲ့တွေကတော့ FW တပ်ခွဲတွေထဲမှာ မစ်ရှင်ဖော်ဆောင်မှုအားအကောင်းဆုံးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။လတ်တလော တိုက်ပွဲများအတွင်းမှာ ဒရုန်း ၂ စင်း ပျက်စီးဆုံးရှံးမှုရှိခဲ့ပါတယ်။ပျက်စီးသွားတဲ့ ဒရုန်းတန်ဖိုးက ၂ စင်းပေါင်း ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်” ဟု ၎င်းကပြောသည်။
မြဝတီမြို့ပြင် မဲကနယ်ကျေးရွာအနီးရှိ ကျောက်မိုင်းဒေသ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများနှင့် လေကြောင်းအသုံးပြုကာ ၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့သောကြောင့် ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ၂ ဦး ကျဆုံးကာ ဒဏ်ရာရရှိသူ ၇ဦးထက်မနည်း ရှိကြောင်း ၎င်းကပြောသည်။ “ မစ်ရှင်ဖော်ဆောင်နိုင်မှုများရင်များသလို ကိုယ့်ဘက်ကလည်း ထိခိုက်မှုများတတ်တာ ထုံးစံဖြစ်ပါတယ်။မတ်လထဲကစလို့ လက်ရှိအချိန်အထိ FW တပ်ဖွဲ့ဝင် ၄ ဦး တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင် ၄ ဦးမှာ ၃ ဦးက ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ၁ ဦးကတော့ တာဝန်တွေကိုပြန်လည်ထမ်းဆောင်နေပါပြီ” ဟု ၎င်းကပြောသည်။
ကျောက်မိုင်းဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ 40mm (၁)လက်၊ အေကေ (၁)လက်၊အမ်အေ1 (၁)လက်၊ အမ်အေ2 (၁)လက်၊ အမ်အေ3 (၁)လက်၊ နာတိုပြောင်း (၁)ပြောင်း၊ 60mmကွန်မန်ဒိုပြောင်း (၁)ပြောင်း၊ 60mmပြောင်းရှည် (၁)ပြောင်း၊ နာတိုကျည် (၅၂၀)တောင့်၊ နာတိုကျည်ကြိုး (၁၂)ကြိုး၊ ကပစကျည် (၁၅၀၀)တောင့်၊ အေကေကျည် (၁၄၀)တောင့်၊ 60mm (၂၃)လုံး၊ အီနာဂါ (၁၈)လုံး၊ အီနာဂါပို့ကျည် (၂၀)တောင့်၊ 40mm (၃၉)လုံး၊ အမ်အေကျည်ဘောက် (၁၉)ဘောက်၊ အေကေကျည်ဘောက် (၁)ဘောက်၊ နင်းမိုင်း (၇)လုံးနှင့်လက်ပစ်ဗုံး (၂) လုံး တို့ကို ကော်ဘရာ ပူးပေါင်းတပ်ဖွဲ့က သိမ်းယူရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထား သည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။