အင်းစိန်အကျဉ်းထောင်အတွင်း အချုပ်ကျနေသည့် နိုင်ငံရေးအကျဉ်းသူများထဲက ငယ်ရွယ်နုပျိုသူများကို သင်္ကြန်တွင်း ဖျော်ဖြေရန် ရွေးချယ်ထားသည်ဟု ထောင်အာဏာပိုင်များက ပြောကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၈ရက်နေ့က အင်းစိန်အကျဉ်းထောင်၊ အချုပ်ကျဆောင်အတွင်းရှိ အမှုရင်ဆိုင်နေရဆဲသော နိုင်ကျဉ်းအမျိုးသမီးငယ်ကို သင်္ကြန်ပွဲတော်အတွက် ဖျော်ဖြေမှုများတွင် ပါဝင်ရန် အင်းစိန်ထောင်အာဏာပိုင်များက ၎င်းတို့သဘောဖြင့် ရွေးချယ်ထားကြောင်း ပြောသည်ဟု နိုင်ငံရေးအကျဉ်းသူများနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ အခုထောင်ထဲမှာ သင်္ကြန်အတွက်ဖျော်ဖြေဖို့ဆိုပြီး နိုင်ကျဉ်းသီးသန့် ရွေးချယ်မှုတွေ ပြုလုပ်တယ်ပေါ့။အသက် နှစ်ဆယ်ကျော် အရွယ်ကောင်းအမျိုးသမီးတွေကို ရွေးတာ။ အသားဖြူပြီး ရုပ်ရည်ကြည့်ကောင်းတဲ့သူတွေကို အဓိကထားရွေးတာ။ ကျွန်တော်တို့ရဲဘော် တစ်ယောက်ရဲ့ အဆောင်မှာဆို ၆ယောက်ပါသွားတယ်။ဒါက အတိအကျရတဲ့စာရင်းပေါ့။ တခြားအဆောင်က သူတွေလည်းရွေးတယ်။ နိုင်ကျဉ်းသီးသန့်ပေါ့” ဟု ၎င်းကပြောသည်။
ထောင်အာဏာပိုင်များက မည်သို့ဖျော်ဖြေရမည်ဟု တရားဝင်ပြောကြားခြင်းမရှိသေးသော်လည်း အတို၊အပြတ်များ ဝတ်ဆင်စေကာ ဖျော်ဖြေခိုင်းမည်ဟု ထောင်တွင်း၌ သတင်းထွက်ပေါ်နေကြောင်း သိရသည်ဟု ၎င်းကဆိုသည်။
“ အင်းစိန်ထောင်က ကောင်တွေက ယိမ်းအကကတာမျိုးမဟုတ်ဘဲ နိုင်ကျဉ်းတွေကို အတိုအပြတ်ဘောင်းဘီတွေဝတ်ပြီး ကခိုင်း၊ ဖျော်ဖြေခိုင်းမယ့်သဘောပေါ့။ ဘာလို့ဆို အခုထိ ယိမ်းတိုက်တာမျိုးမရှိဘူး။ပြီးတော့ ဘောင်းဘီ အတိုအရှည်တွေ ဝတ်ဆင်ရမယ်လို့ ပြောတယ်။ ရွေးထားတာခံရသူတွေကလည်း အမျိုးသမီးငယ်လေးတွေပေါ့။ ဒါက ထောင်တွင်းမှာ နိုင်ကျဉ်းတွေပျော်နေပါတယ်။ သင်္ကြန်ကျနေပါတယ်ဆိုပြီး ဝါဒဖြန့်ဖို့လား ဒါမှမဟုတ် အချုပ်ကျတဲ့အဆင့်ပဲရှိသေးတဲ့ သူတွေကို တခြားနေရာသွားပြီး ဖျော်ဖြေခိုင်းဖို့လား မသိသေးဘူး။ ဒါက နိုင်ကျဉ်းတွေကို သက်သက်ဖိနှိပ်တာ” ဟု ၎င်း ကဆက်လက်ပြောသည်။
ရွေးချယ်ခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသူ အရေအတွက်မှာခန့်မှန်း အယောက် ၂၀ ကျော် ရှိနိုင်ကြောင်း သိရသည်။