မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများအား အယူခံဝင်ခွင့်မရှိသည့် စစ်ခုံရုံးတွင် စစ်ဆေးအရေးယူတော့မည်ဟု အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သလို အရေးပေါ်ကာလအဖြစ် ထပ်မံသက်တမ်းတိုးလိုက်ပြီး စစ်အုပ်ချုပ်ရေးကြေညာမှုများတွင် ထိုကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
” စစ်ကောင်စီရဲ့ အသစ်ထုတ်ပြန်ချက်ထဲမှာ မီဒီယာတွေကိုပါ လိုအပ်သလို အရေးယူမယ်လို့ ပါနေတယ်။ အဓိက လက်ရှိပြည်ထဲမှာ လုပ်နေသူတွေ၊ မြေပြင်မှာ တကယ်သွားလာလှုပ်ရှားနေသူကို ပိုပြီး ပစ်မှတ်ထားလာနိုင်ပါတယ်” ဟု ဝါရင့်သတင်းစာဆရာတစ်ဦးက MPA သို့ ပြောသည်။
ထို ထုတ်ပြန်ချက်တွင် သတင်းမီဒီယာဥပေဒ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပေဒများအရ ပြစ်မှုများအပါအဝင် နိုင်ငံတော်ပုန်ကန်မှု၊ အကြည်အညိုပျက်စေမှုစသည့် ပြစ်မှုများကို စစ်ခုရုံးမှာ စစ်ဆေးသွားမည်ဟု ဖော်ပြထားသည်။
ထိုစစ်ခုံရုံးတွင် စစ်ဆေးမည့် ပြစ်မှုများထဲမှာ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သော ကြီးလေးသည့် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကုန်မှု၊ အစိုးရကို အကြည်အညိုပျက်အောင်ပြုလုပ်မှု၊ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်မှု၊ မတရားအသင်း ဆက်သွယ်မှု စသည့် အမှုများဖြင့် စွပ်စွဲနိုင်သော ပြစ်မှုများ ပါဝင်သည်။
ထိုကဲ့သို့ စစ်ခုံရုံးတွင် စစ်ဆေးချမှတ်ဆုံးဖြတ်သော ဆုံးဖြတ်ချက်များ၊ ပြစ်ဒဏ်များအပေါ်မှာ အယူခံပိုင်ခွင့်မရှိကြောင်းလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” မီဒီယာတွေကို မထိန်းချုပ်နိုင်တော့ ပိုပြီးဖမ်းဆီးအရေးယူမယ်။ ကြောက်သွားအောင်လုပ်ပြဖို့ ငြိမ်းခြောက်တဲ့ သဘောထုတ်ပြန်တာလို့ မြင်ပါတယ်။ သူတို့က အရင်ကတည်းကလည်း ဖမ်းချင်သလိုဖမ်း၊ လုပ်ချင်သလိုလုပ်နေခဲ့တာပါပဲ” ဟု ပြည်တွင်းအခြေစိုက်သတင်းသမားတစ်ဦးက MPA သို့ ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား ၁၃၀ ဦးအထိ ဖမ်းဆီးခံခဲ့ကြရပြီး ထိုအထဲမှ သတင်းသမား ၇၀ ကျော်သည် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး စစ်ကောင်စီက သတင်းသမား ၄ ဦးကို သတ်ဖြတ်ခဲ့သည်ဟု နယ်စည်းမခြားသတင်းသများအဖွဲ့ (RSF) က ထုတ်ပြန်ထားသည်။
ထို ဖမ်းဆီးအမှုဖွင့်တရားစွဲဆို အကျဉ်းကျခံနေရသည့် သတင်းသမားများထဲတွင် Myanmar Pressphoto Agency (MPA) မှလည်းပါဝင်ပြီး ထိုကဲ့သို့ ဖမ်းဆီးခံခဲ့ရသည့် သတင်းသမားအားလုံးကို အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုများအထိ ပြုလုပ်ခဲ့သည်ဟု ကာယကံရှင်များနှင့် သတင်းမီဒီယာသမားများက ဆိုကြသည်။