“ Every religion can be twisted into a destructive force poisoned by ideas that are antithetical to its foundations. Now it’s Buddhism’s turn”
“ ကိုးကွယ် ယုံကြည်မှုတိုင်းသည် လမ်းလွဲသည့် အတွေးအခေါ် အယူအဆများကြောင့် အဖျက်စွမ်းအား တစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။ ယခု ဗုဒ္ဓဘာသာ၏ အလှည့်ဖြစ်လာပြီ” ဟု ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်ထုတ် Time Magazine ၏ မျက်နှာဖုံးဆောင်းပါး ” The Face Of Buddhist Terror ” ၌ ရေးသားချက်တစ်ခု ပါရှိသည်။
အဆိုပါ ဆောင်းပါးသည် အမျိုးသားရေး ဆရာတော် ဦးဝီရသူအား ဟိုက်လိုက် လုပ်ကာ ဗုဒ္ဓဘာသာသည် ၎င်းကဲ့သို့ အစွန်းရောက်သူများကြောင့် အကြမ်းဖက်မှုများအတွက် အသုံးချစရာ ဘာသာရေး ဖြစ်လာနေသည့် အကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်၌ ရခိုင် အမျိုးသမီး မသီတာထွေး အဓမ္မပြုကျင့် လုယက် ခံရသဖြင့် သေဆုံးခဲ့ရမှုအား အစိုးရ မီဒီယာများက လူမျိုးရေး ပဋိပက္ခ ဖြစ်စေနိုင်သည့် အသုံးအနှုန်းများဖြင့် လှုံ့ဆော် ဝါဒဖြန့်ခဲ့သည်။
ထို့အပြင် အဆိုပါ သတင်းကြောင့် သွေးဆူနေသည့် လူထုအား ပေါက်ကွဲထွက်စေခဲ့သည့် အစ္စလာမ်ဘာသာဝင် ဆယ်ဦး အသတ်ခံရမှု ဖြစ်စဥ်အားလည်း လူမျိုးရေးခွဲသည့် စကားလုံးကို သုံး၍ ထပ်မံ သတင်းထုတ်ပြန်ခဲ့သည်။
သို့ဖြင့် ဒေသခံ တိုင်းရင်းသားများအကြား လူမျိုးရေး ဘာသာရေး အပေါ် အရင်းတည်၍ ကာလရှည် ဖြစ်တည်ခဲ့သည့် မကျေလည်မှုများ ဆင့်ကာ အချင်းချင်း သတ်ဖြတ်မှုများ ဖြစ်ခဲ့ရသည်။
စစ်ဗိုလ်ချုပ်များ အရပ်ဝတ်လဲလာသည့် အစိုးရသည် မည်သည့်ဘာသာရေးတွင်မဆို ရှုတ်ချပစ်တင်ကြမည့် မှုခင်းဖြစ်စဥ်တစ်ခုအား ဘာသာမတူသူများက ကျူးကျော် စော်ကားသည့်သဖွယ် ရည်ရွယ်ချက်ချက် ရှိရှိ ဝါဒဖြန့်ခဲ့မှု၏ အကျိူးဆက် ဖြစ်သည်။
အများစု ဗုဒ္ဓဘာသာဝင်များအကြား နအဖ စစ်အစိုးဖြန့်ထားသည့် အစ္စလာမ်ဘာသာ မုန်းတီးရေး ဝါဒဖြန့်မှုများကို အရပ်ဝတ်လဲ ဦးသိန်းစိန် အစိုးရက ၂၀၁၂ ခုနှစ် ရခိုင် ပဋိပက္ခဖြစ်စဥ်ကို အသုံးချ၍ ဖောက်ခွဲ ပစ်လိုက်ခြင်း ဖြစ်သည်။
“ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကြောင့် မွတ်စလင် ဆန့်ကျင်ရေး စိတ်ခံစားမှု အပေါ် လှိုင်းတစ်ခု သဖွယ် ဖြစ်လာစေရန် အင်အားဖြည့်ခဲ့ပြီး နိုင်ငံအဝန်း ပျံ့နှံ့စေခဲ့သည်” ဟု ထိုစဥ်က ဖြစ်ခဲ့သည့် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စဥ်များအား အသေးစိတ် စုံစမ်းဖော်ထုတ်ထားသည့် Justice Trust အစီရင်ခံစာ၌ ရေးသားထားသည်ကို တွေ့ရသည်။
ထို့အပြင် Justice Trust က ထိုသို့ ပျံ့နှံ့စေရန်အတွက် ၉၆၉ လှုပ်ရှားမှုက ဦးဆောင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
နအဖ စစ်အစိုးရက ဗုဒ္ဓဘာသာဝင်များ အကြားသို့ မွတ်စလင် မုန်းတီးရေး ဝါဒများ ဆယ်စုနှစ်နှင့်ချီ သွတ်သွင်းခဲ့ပြီး ၎င်းတို့ကို ဆက်ခံသည့် အရပ်၀တ်လဲ စစ်အစိုးရက ထိုအမုန်းတရားများအား ပုံချရန် အချိန်ကိုက် ဖြစ်ခဲ့သည့် မှုခင်း ဖြစ်စဥ်တစ်ခုအပေါ် ဦးတည်ရန် လမ်းကြောင်းပေးလိုက်သည်။
ထို့နောက်တွင် ဗုဒ္ဓဘာသာအား အကြမ်းဖက်ဝါဒတစ်ခုသဖွယ် ဘာသာခြားများ မြင်စေရန် ပုံဖော်တော့မည့် အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုများအတွက် အစပျိုးပေးလိုက်တော့မည် ဖြစ်သည်။
ဟစ်တလာ ဇာတ်လမ်းနှင့် ဦးဝီရသူ အထ္တုပတ္တိ
………………………………………………………….
၉၆၉ ဦးဆောင်သူဟု သတ်မှတ်ကြသည့် ဦးဝီရသူသည် သူ၏ Website Wirathu.com ၌ ဂျူးခြောက်သန်းအား လူမျိုးတုန်း သတ်ခဲ့သူ နာဇီပါတီ တည်ထောင်သူ ဟစ်တလာအလား သူ၏ အထ္ထုပတ္တိကို ပုံဖော်ထားသည်။
တစ်စိတ်တစ်ပိုင်းအား ကောက်နုတ် နှိုင်းယှဥ်ဖော်ပြပေးသွားပါမည်။
ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အာဏာသိမ်းအပြီး ခြောက်နှစ်အကြာ ၁၉၆၈ ခုနှစ်တွင် ကျောက်ဆည်မြို့၌ The Face of Budhist Terror အဖြစ် တင်စားခံရမည့်သူ ဖြစ်လာမည့် ဦးဝီရသူ တစ်ဖြစ်လဲ ငယ်အမည် မောင်ဝင်းခိုင်ဦးကို မွေးဖွားခဲ့သည်။
တော်လှန်ရေးကောင်စီသည် ၎င်းတို့ စီမံခန့်ခွဲမှု ညံ့ဖျင်း၍ ဖြစ်လာသည့် တစ်နိုင်ငံလုံး ဆန်ပြတ်လပ်မှု ပြဿနာအား အာရုံလွှဲရန် ၁၉၆၇ ခုနှစ်၌ တရုတ် ဗမာ အရေးအခင်းကို ဖန်တီးခဲ့သည်။
တရုတ်ကျောင်းသား နှစ်ဦးက မြန်မာကျောင်းဆရာမတစ်ဦးအား အဓမ္မကျင့် သတ်သည် ဟူသည့် ကောလာဟလများထွက်ပေါ်နေချိန် တားမြစ်ထားသည့် မော်စီတုန်းပုံ ရင်ထိုးထိုးကာ ကျောင်းတက်လာသည့် တရုတ်ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ အကြား တင်းမာမှုများ ဖြစ်နေစဉ် ထုတ်လွှင့်လိုက်ခြင်းဖြစ်သည်။
ဤသို့ မြန်မာပြည်၏ ပထမဆုံး စစ်အာဏာရှင် ဖန်တီးသည့် လူမျိုးရေး ပဋိပက္ခများ ဖြစ်နေသည့် ကာလ၌ မောင်ဝင်းခိုင်ဦး မွေးဖွားလာခဲ့သည်။
ထွန်စက်မောင်း ၀န်ထမ်း ဖခင် တာဝန်ကျရာ လိုက်ပါရသည့် မောင်ဝင်းခိုင်ဦးသည် ၁၈၈၉ ခုနှစ်၌ သြစတြီးယား ဗာဘေးရီးယား ပြည်နယ်ဖွား ဟစ်တလာကဲ့သို့ပင် တစ်မြို့တစ်ရွာသို့ ဆင်းဆင်းရဲရဲဖြင့် ပြောင်းနေခဲ့ရသည်။
ဖခင်ဆုံးပြီးနောက် ကျောင်းထွက်ပြီး ပန်းချီဆွဲရန် ဗီယင်နာမြို့သို့ ထွက်သွားပြီးနောက် အမျိုးသားရေး စိတ်များ ပြင်းထန်လာစေမည့် စိတ်ခံစားချက် အမုန်းတရားအား ရခဲ့သည့် ဟစ်တလာကဲ့သို့ မဟုတ်ပေမယ့် မောင်ဝင်းခိုင်ဦး၏ အမုန်းတရားများကလည်း သူ၏ ဖခင် သေဆုံးချိန်၌ စခဲ့သည်။
အသက် ၁၆ နှစ်တွင် ကျောင်းထွက်ခဲ့သည်က ဟစ်တလာဖြစ်ပြီး မောင်ဝင်းခိုင်ဦးကတော့ အသက် ၁၇ နှစ်တွင် ကိုရင် ၀တ်ခဲ့သူဖြစ်သည်။
ဗီယင်နာ၌ ကျောင်းဝင်ခွင့်ရရန် ဟစ်တလာကြိုးစားနေပြီး အလုပ်ကြမ်းသမားအဖြစ် အခက်အခဲများ ရင်ဆိုင်နေရသည့် အသက်အရွယ်မျိုး၌ မောင်ဝင်းခိုင်ဦးသည်လည်း ကိုရင်ဝတ်ဘ၀ သာသနာ့ဘောင်ထဲ ဆက်နေနိုင်ရေး ရုန်းကန်ခဲ့ရသည်။
ဖခင်ဖြစ်သူအား မကွယ်လွန်မီကပင် စွန့်ခွာကာ အိမ်ထောင် အသစ်ရှာခဲ့သည့် မိခင် အပါအဝင် ဆွေမျိုးများအပေါ် မောင်ဝင်းခိုင်ဦး မုန်းတီးစိတ်ဝင်ခဲ့သည်။
ထို့အပြင် မိခင်မှာ ဘာသာခြားနှင့် အိမ်ထောင်ပြုသွားခြင်းဖြစ်၍ ထိုစဥ်ကပင် မောင်ဝင်းခိုင်ဦး စိတ်ဝယ် ဘာသာခြားများအပေါ် နာကျည်းစိတ်က အမြစ်တွယ်ခဲ့တော့သည်။
ရဟန်းဘ၀ဖြင့် ဆက်နေလိုချိန် ဖခင်ဆုံး၍ မွေးချင်း ၈ ဦးအနက် ဒုတိယသားကြီး ဖြစ်သောကြောင့် အငယ်များအား စောင့်ရှောက်ရမည့် တာ၀န်ရှိလာရချိန်တွင် မိခင်ကလည်း နောက်အိမ်ထောင် ပြုသွား၍ လူထွက်မှ ရတော့မည့် အခြေအနေ ဖြစ်လာသည်။
ဗီယင်နာ၌ ကျောင်းဝင်ခွင့် မရသည့် ဟစ်တလာက လမ်းဘေးပန်းချီဆရာ၊ အလုပ်ကြမ်းသမား ဘဝဖြင့် ကျင်လည်ရာမှ စာဖတ် နာခဲ့ပြီးနောက် နိုင်ငံရေးသမား ဖြစ်လာခဲ့သည်။
မောင်ဝင်းခိုင်ဦးအတွက်မူ သူ၏ ဦးကြီးက မွေးချင်းများကို မွေးစားလိုက်ရာမှ ရဟန်းဘ၀ဖြင့် ပရိယတ္တိစာပေများ တစ်စိုက်မက်မက် လေ့လာလိုက်စားလာနိုင်ခဲ့သည်။
ထို့နောက် ဟစ်တလာက ပထမကမ္ဘာစစ်၌ စစ်ထဲဝင်ပြီး စစ်ပွဲတွင် ထူးချွန်စွာ တိုက်လာသည့် သဖွယ် နေထိုင်ပြီး နိုင်ငံရေး နယ်ပယ်ထဲ၌ နာဇီပါတီခေါင်းဆောင် အာဏာရှင် ဖြစ်လာသည်ထိ ဖြစ်လာခဲ့သည်။
မောင်ဝင်းခိုင်ဦး ခေါ် ဦးဝီရသူကမူ ရဟန်းဘဝ၌ စာဝါ ထူးချွန်ကာ ကျမ်းဂန်နှံ့စပ်သူ ဖြစ်ပြီး သူရေးသည့် စာပေများအား ရဟန်းရှင်လူအများက ထောက်ခံသူ ဖြစ်သည်။
သူ၏ မွတ်စလင် ဆန့်ကျင်ရေး တရားများအား လူအများက လက်ခံကြပြီး ထေရဝါဒ သူရဲကောင်းအဖြစ် သတ်မှတ်ခြင်း ခံရသူ ဖြစ်သည်။
ထို့ကြောင့် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေချိန် လူထုထောက်ခံမှု ရလာသူ သူ့အား ရန်ငြိုးဖွဲ့လာသည်ဟုလည်း ဆိုသည်။
သို့ဖြင့် ၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် ဦးဝီရသူအား ထောင် ၂၅ နှစ် ချလိုက်တော့သည်။
နာဇီပါတီ တည်ထောင်အပြီး နောက်လိုက်အင်အား တောင့်လာချိန် အာဏာသိမ်းရန် ကြံ၍ ထောင်ငါးနှစ်ချခံရသူ ဟစ်တလာကဲ့သို့ပင် ဖြစ်သည်။
ဦးဝီရသူသည် ထောင်ကျနေစဥ်အတွင်း နအဖ စစ်အစိုးရ၏ ထောင်တွင်း အကြမ်းဖက်မှုများကိုလည်း မျက်မြင်ကြုံတွေ့ခဲ့ရပြန်သည်။
သို့သော် သူ ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ထောင်တွင်း၌ အမျိုးသားရေး စာပေများ၊ နိုင်ငံရေး ဘာသာရေး စာပေများ ရေးခဲ့သေးသည်။ သို့သော် သူ၏ စာများအား အများက လျစ်လျူရှုခဲ့သည်။
ထို့နောက် ၂၀၁၂ ခုနှစ်၌ ဦးဝီရသူ ထောင်မှ လွတ်လာခဲ့ပြီ ဖြစ်ပြီး သူ၏ မပြီးဆုံးသေးသော တာဝန်များကို ဆက်ထမ်းဆောင်မည် ဖြစ်သည်။
ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ရေး မြန်မာများအား လူမျိုးခြားများက အနိုင်မကျင့်နိုင်ရန် တာဝန်များ သူ့ထံ၌ ရှိနေပေသည်။
ဂျာမန်လူမျိုး ဂုဏ်ရောင် ထွန်းပြောင်ရေး အမျိုးသားရေး ကြွေးကြော်သံများဖြင့် ဟစ်တလာ ကြွေးကြော်ခဲ့သလို ဦးဝီရသူလည်း ကြွေးကြော်ဦးမည်ဖြစ်သည်။
ဤ အကြောင်းအရာ အချို့သည်ကား ဦးဝီရသူ၏ ကိုယ်တိုင်ရေး အထ္ထုပတ္တိစာသားများထဲမှ ယူငင်၍ ပြန်လည်ပုံဖော်ပေးထားခြင်း ဖြစ်သည်။
အမှန်တကယ်တွင်တော့ ဦးဝီရသူသည် စစ်ဗိုလ်ချုပ်များ လက်မှ စေလိုရာစေ ရုပ်သေးရုပ် တစ်ခုသာဖြစ်သည်ကို အောက်ပါ အတိုင်းတွေ့မြင်ရမည် ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ မွေးမြူထားသည့် ရုပ်သေးရုပ် သို့မဟုတ် ဦးဝီရသူ
………………………………………………………
လူပျိုဖော်ဝင်ပြီး ဆယ်ကျော်သက် အရွယ်ရောက်မှ ကိုရင်ဝတ်ကာ ရဟန်းဖြစ်ခဲ့သူ ဦးဝီရသူမှာ ပရိယတ္တိ စာပေသင်ကြားရာတွင်လည်း နောက်ကျခဲ့သူ ဖြစ်သည်။
သို့သော် မခံချင်စိတ်ဖြင့် ကြိုးစားမှုကြောင့် စာတတ်ပေတတ် ရဟန်းတစ်ပါး ဖြစ်လာခဲ့ပြီး ပညာဂုဏ်မောက် ပြလို၍ ဗုဒ္ဓဘာသာဝင် အချင်းချင်းကိုပင် စာပေများဖြင့် ရေးသားတိုက်ခိုက်တတ်သူ ဖြစ်သည်။
ထေရဝါဒ တိုက်ပွဲကဲ့သို့ စာအုပ်များ ရေးသားပြီး သာသနာပိုင်များက ထုတ်ဝေခွင့် မပြုသည်ကိုလည်း ကိုယ့်သဘောဖြင့်ကိုယ် ထုတ်ဝေခဲ့သူ ဖြစ်သည်။
အပြော အဟော ကောင်းသူ ဖြစ်၍ သူ၏ စာအုပ်များက လူအများကြားထဲ အလျင်အမြန်ပင် ပျံ့နှံ့သည်။ နအဖ စစ်အစိုးရအတွက် ဦးဝီရသူကဲ့သို့ ဘာသာရေး လူမျိုးရေး အစွဲပြင်းထန်ပြီး အဟောအပြော ကောင်းသူ တစ်ယောက်အား ၎င်းတို့ စစ်ဗျူရိုကရက် အဓွန့်ရှည်ရေး အသုံးချနိုင်မည်ဖြစ်၍ လက်လွှတ်ခံမည် မဟုတ်ပေ။
သို့သော် လတ်တလောတွင် အသုံးမဝင်သေးဘဲ အနှောင့်အယှက်သဖွယ် ဖြစ်နေ၍ ထောင်သွင်း အကျဥ်းချ ထားမည် ဖြစ်သည်။
၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် ဦးဝီရသူအား နိုင်ငံရေး ပုဒ်မ ၅ (ည) တပ်ပေး၍ ခွင့်ပြုချက်မရဘဲ ထုတ်ဝေသည့် ထေရဝါဒတိုက်ပွဲနှင့် ပရိယတ္တိရွှေချိန်ခွင် စာအုပ်များနှင့် ထိုစာအုပ်များ ဟောပြောမှုများကြောင့် သာသနာ ညှိုးနွမ်းစေသည့် ပုဒ်မများတပ်ကာ နအဖက ထောင် ၂၅ နှစ် ချထားလိုက်တော့သည်။
ထောင်ချမခံရမီတွင် ဦးဝီရသူသည် ၉၆၉ လှုပ်ရှားမှုကို လှုပ်ရှားနေခဲ့သည်။ ၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် ကျောက်ဆည်မြို့ လေးမျက်နှာဘုရားအတွင်းရှိ သာသနာ့ဗိမာန်ကြီး၌ အမျိုးသားရေးတရား ဟောကြားခဲ့ပြီး ဘာသာရေး အဓိကရုန်း ဖြစ်ခဲ့သည်။
အဆိုပါ ပဋိပက္ခဖြစ်စဥ်၌ အစ္စလာမ်ဘာသာဝင် အမျိုးသမီး ၇ ဦးနှင့် အမျိုးသားငယ် ၄ ဦး အရှင်လတ်လတ် မီးရှို့ သတ်ခံခဲ့ရပြီး အသတ်ခံရသူ အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်ဆောင် တစ်ဦး ဖြစ်သည်။
ယင်း ပဋိပက္ခဖြစ်စဥ်အပြီး တစ်ပတ်အကြာတွင် ၎င်းအား နအဖက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ခုနှစ်နှစ်ကျော်အကြာ ၂၀၁၂ ခုနှစ် ဇန်နဝါရီတွင် ဦးဝီရသူအား ဦးသိန်းစိန်က ပြန်လွှတ်ပေးလိုက်သည်။
ဦးဝီရသူ လွတ်လာပြီးနောက် ငါးလအကြာတွင် မသီတာထွေး ဖြစ်စဥ် ဖြစ်လာခဲ့ပြီး ရခိုင်ပြည်၌ ဘာသာရေးကို အခြေခံသည့် လူမျိုးရေး ပဋိပက္ခများက အကြမ်းဖက်မှုအသွင်ဖြင့် ဖြစ်လာခဲ့သည်။
အရပ်ဝတ်လဲ စစ်အစိုးရက ဘာသာရေး လူမျိုးရေး ပဋိပက္ခ မီးတောက်အား စရှို့ခဲ့ပြီး ဦးဝီရသူ ၏ အခန်းကဏ္ဍသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
၂၀၁၂ ခုနှစ် မေတွင် ထိုစဥ်က စက်မှုဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအောင်သောင်းက ထောင်က လွတ်လာသည့် ဦးဝီရသူအား သွားရောက်တွေ့ဆုံခဲ့သည်။ ဦးဝီရသူကမူ သူ့ဆီသို့ ဦးအောင်သောင်းနှင့် ဦးခင်ညွန့်တို့ လာခြင်းမှာ ဂါရ၀ပြုရန် လာရုံသာဖြစ်ပြီး အခြားကိစ္စအတွက် မပါကြောင်း ရှင်းလင်းခဲ့သေးသည်။
ထိုနောက်တွင် facebook ၌ Wira Thu အမည်ဖြင့် မွတ်စလင်မ် ဆန့်ကျင်ရေး အမုန်းစကားများ ဖြန့်ဝေလာခဲ့ပြီး ၉၆၉ လှုပ်ရှားမှုများလည်း စတင်လှုပ်ရှားလာခဲ့သည်။
၉၆၉ ဆိုသည်အား အမျိုးသားရေး ဝါဒီများက ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါးနှင့် သံဃာ့ဂုဏ်တော် ကိုးပါးအား ရည်ညွှန်းသည်ဟု ဗုဒ္ဓဘာသာဝင်များအား အယုံသွင်းထားသည်။
သို့သော် ပကတိ အခြေအနေမှာမူ ၉၆၉ လှုပ်ရှားမှုဟူသည် မွတ်စလင်မ် စီးပွားရေး လုပ်ငန်းများကို သပိတ်မှောက်ကြရန်နှင့် မွတ်စလင်မ် ဆန့်ကျင်ရေး အကြောင်းများ ဟောပြော ဝါဒဖြန့်ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် ဇွန်တွင် မသီတာထွေး ဖြစ်စဥ်ကို အရင်းတည်ပြီး ဖြစ်လာသည့် ရခိုင် ပဋိပက္ခ ဖြစ်စဥ်များ ဖြစ်ခဲ့ပြီးနောက် ဦးဝီရသူ ရခိုင်သို့ သွားခဲ့သည်။
သံတွဲနှင့် ရခိုင်တောင်ပိုင်းဒေသများသို့ သွားခဲ့ခြင်းဖြစ်ပြီး ရခိုင်မြောက်ပိုင်း ပဋိပက္ခအား အကြောင်းပြကာ မွတ်စလင်မ်များအား ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် ဟောပြောမှုများ ပြုလုပ်ခဲ့သည်။
အောက်တိုဘာလကုန်ပိုင်းတွင် ရခိုင်ပြည်၌ တကျော့ပြန် ပဋိပက္ခများ ဖြစ်လာခဲ့ပြီး မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ သံတွဲ၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ်ကိုးခု၌ အကြမ်းဖက်ဖြစ်စဥ်များ ဖြစ်လာခဲ့သည်။
အဆိုပါ အကြမ်းဖက် ဖြစ်စဥ်များအတွင်း လူဦးရေ ၃၅၀၀၀ ကျော် နေအိမ်များ စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထွက်ပြေးခဲ့ရသူ အများစုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။
Justice Trust က အဆိုပါ ပဋိပက္ခဖြစ်စဥ်များနှင့် ဦးဝီရသူ ၏ ၉၆၉ လှုပ်ရှားမှုများ ဆက်စပ်နေပုံကို ” ဤနေရာတွင် သတိပြုရန် အချက်တစ်ခုမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားချိန်မှ စ၍ အကြမ်းဖက်မှု ဖြစ်ပွားတိုင်းတွင် ယင်းမတိုင်မီ၌ ၉၆၉ အဖွဲ့၏ တရားပွဲများ ပုံမှန်အားဖြင့် ဦးဝီရသူ၏ တရားပွဲများ ရှိနေတတ်ခြင်း ဖြစ်သည်” ဟု တင်ပြသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ရခိုင် ပဋိပက္ခဖြစ်စဥ်များ ဒုတိယအကြိမ် ဖြစ်လာပြီးနောက် ဦးဝီရသူသည် Wira Thu facebook page ကို အသုံးပြုပြီး မွတ်စလင် ဆန့်ကျင်ရေး အမုန်းစကားများကို ဆက်တိုက် ဖြန့်ဝေလာခဲ့သည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဦးဝီရသူသည် သူ၏ facebook page မှ တဆင့် မိတ္ထီလာမြို့အတွင်း မွတ်စလင်မ်များက ဗုဒ္ဓဘာသာဝင်များ အပေါ် အနိုင်ကျင့် စော်ကားနေသည်ဟု မှတ်ထင်စေနိုင်သည့် သတင်းအမှားများအားလည်း ဖြန့်ဝေလာခဲ့သည်။
ဤသည်မှာ မကြာမီ လပိုင်းအတွင်း အကြမ်းဖက်ဖြစ်စဥ်များ ဆိုးဆိုးရွားရွား ဖြစ်လာတော့မည့် မိတ္ထီလာ ပဋိပက္ခ ဖြစ်စဥ်အတွက် ရည်ရွယ်လာခြင်းပင် ဖြစ်ခဲ့ပေလိမ့်မည်။
၂၀၀၃ ခုနှစ်၌ ကျောက်ဆည်မြို့တွင် လူ ၁၁ ဦး အသတ်ခံခဲ့ရသည့် အဓိကရုဏ်း ဖြစ်စေရန် ဖန်တီးခဲ့သဖြင့် ထောင်ချခံခဲ့ရသူ ဦးဝီရသူသည် အဆိုပါ မြို့နှင့် မိုင် ၁၂၀ ကျော် အကွာမှ မိတ္ထီလာမြို့သို့ ထောင်မှ လွတ်အပြီး တစ်နှစ်ကျော်အကြာတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မိတ္ထီလာမြို့အတွင်းတွင်တော့ ဦးဝီရသူ ထောင်မှ လွတ်လာပြီးကတည်းက လှုပ်ရှားနေခဲ့သည့် ၉၆၉ လှုပ်ရှားမှု ၏ သက်ရောက်မှုများကို မြင်တွေ့နေခဲ့ရသည်။
၉၆၉ စတစ်ကာများက မိတ္ထီလာမြို့အနှံ့၌ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက နေရာယူလာခဲ့သည်။ ထို့ပြင် မွတ်စလင်မ် ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ၏ ပျံ့နှံ့သက်ရောက်မှုလည်း အားကောင်းနေခဲ့ပြီး ယင်းတို့ အနက် တစ်ခုမှာ အစ္စလာမ်ဘာသာဝင်များက ဆော်ဒီအာရေးဗျ နိုင်ငံ အထောက်အပံ့ဖြင့် ဗုဒ္ဓဘာသာဝင်များ အပေါ် မကောင်းကြံရန် ဗလီများအတွင်း စီစဥ်နေသည်ဆိုသည့် လက်ကမ်းစာစောင် ဖြစ်သည်။
၂၀၁၃ ခုနှစ် မတ် ၂၀ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင် တစ်ဦး၏ ရွှေဆိုင်၌ ရွှေလာရောင်းသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ကို အရောင်းအဝယ် အဆင်မပြေ ဖြစ်ရာမှ ဆိုင်ဝန်ထမ်းသုံးဦးက ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဥ်အား လုံထိန်းများက ထိန်းသိမ်းခဲ့သော်လည်း ဝိုင်းအုံကြည့်နေသည့် လူစုက မွတ်စလင်မ် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကာ ရွှေဆိုင်နှင့် အနီးမှ အစ္စလာမ်ဘာသာဝင်များ ပိုင်သည့် စျေးဆိုင် အချို့ကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် အကြမ်းဖက်မှုများ ဖြစ်လာခဲ့ပြီး ညနေပိုင်းတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး အသတ်ခံရသည့် ဖြစ်စဥ် ဖြစ်ခဲ့ပြီးနောက် ဘုန်းတော်ကြီးများ၊ တုတ်၊ ဓား၊ အုတ်ခဲ ကိုင်ထားသည့် လူအုပ်ကြီး၏ ဒေါသက အစ္စလာမ် ဘာသာဝင်များ အပေါ် ကျရောက်လာခဲ့တော့သည်။
အဆိုပါ ရက်စက်ကြမ်းကြုတ်သည့် ပဋိပက္ခဖြစ်စဥ်များအတွင်း မိတ္ထီလာမြို့မှ အစ္စလာမ်ဘာသာဝင် ၄၀ ဦးထက်မနည်း ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။
ထိုသို့ အသတ်ခံရသည့်ထဲတွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် အစ္စလာမ် ဘာသာရေးကျောင်းများ၌ တက်ရောက်နေသည့် ကျောင်းသား ၃၀ ကျော်နှင့် ဆရာ၊ ဆရာမများက အများစု ပါ၀င်နေခဲ့သည်။
ထောင်နှင့်ချီသည့် အစ္စလာမ်ဘာသာဝင်များ ထွက်ပြေးခဲ့ရပြီး ဗလီများ အပါအဝင် အစ္စလာမ်ဘာသာဝင်များ၏ ပိုင်ဆိုင်မှု နေအိမ်အဆောက်အအုံ အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ထို့ထက် ဆိုးသည်မှာကား မိတ္ထီလာမြို့ခံများ၏ စိတ်ထဲ စွဲထင်နေသည့် အမျိုးသားရေး အစွန်းရောက် စိတ်များကြောင့် ပဋိပက္ခဖြစ်အပြီး ဆယ်စုနှစ် တစ်ခုကြာခဲ့သည်အထိ အစ္စလာမ်ဘာသာဝင်များမှာ ခွဲခြားဆက်ဆံမှုများကို ဆက်လက် ခံစားနေခဲ့ရခြင်းပင်။
မိတ္ထီလာပဋိပက္ခ ဖြစ်စဥ် အပြီးတွင်လည်း ဦးဝီရသူ ဦးဆောင်သည့် ၉၆၉ အမျိုးသားရေး လှုပ်ရှားမှု အမည်ခံ အစ္စလာမ် မုန်းတီးရေး ဟောပြောမှုများက တစ်နိုင်ငံလုံးအနှံ့ ဆက်လက် အရှိန်မြင့် လှုပ်ရှားနေခဲ့သည်။
အကျိုးဆက် အနေဖြင့် လားရှိုးကဲ့သို့ ရှမ်းပြည်၊ ဥက္ကံကဲ့သို့ ရန်ကုန်မြို့ အနီးအထိ ဘာသာရေးကို အခြေခံသည့် အကြမ်းဖက် ဖြစ်စဥ်များ ဖြစ်လာခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် ဥက္ကံမြို့၌ ဆွမ်းခံကြွနေသည့် ကိုရင်တစ်ပါးအား အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးက မတော်တဆ တိုက်မိ၍ သပိတ်ကျကွဲသည့် ဖြစ်စဥ်ကို အကြောင်းပြပြီး အကြမ်းဖက် ဖြစ်စဥ်များ ဖြစ်ခဲ့သည်။
သပိတ်ကျကွဲခဲ့သည့် ကိုရင် နေထိုင်ရာ ကျောင်းတိုက်မှ အကျိုးတော်ဆောင်တစ်ဦးက ရဲစခန်းတွင် ကိုရင်အား ဝင်တိုက်သည့် အမျိုးသမီးအား အမှုဖွင့်ရာ ရဲက အမှုလက်ခံခဲ့သည်။
ထို့နောက် ဗုဒ္ဓဘာသာဝင် ၂၀၀ ခန့်ရှိ လူအုပ်ကြီးသည် အခင်းဖြစ်ရာ စျေးအနီးရှိ ဗလီတစ်လုံးရှေ့သို့ ရောက်လာခဲ့ကြပြီး ကိုရင်၀င်တိုက်ခံရပြီး သပိတ်ကျကွဲရသည့် ဖြစ်စဥ်အား မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုနေခဲ့ကြသည်။
ထိုအချိန်တွင် လူအုပ်ကြီးအတွင်းမှ လူဆယ်ဦးခန့်က ဗလီအား ခဲဖြင့်ထုကာ ထွက်ပြေးသွားခဲ့ပြီး ယင်းနောက် စျေးရှိ အစ္စလာမ်ဘာသာဝင်များနှင့် သက်ဆိုင်နေသည့် စျေးဆိုင် ၂၅ ဆိုင်အား လူနှစ်ဆယ်ကျော်က ဝင်ရောက် ဖျက်ဆီးမှုများ ဖြစ်လာခဲ့သည်။
ထိုသို့ ပဋိပက္ခ ဖြစ်စဥ်များအား လုံထိန်းများက ထိန်းသိမ်းအပြီးတွင် လူတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ အချို့လည်း ရှိခဲ့သည်။ ဥက္ကံ ဖြစ်စဥ်တွင် အကြမ်းဖက်မှု ကျူးလွန်သူများမှာ လူနှစ်ဆယ်၀န်းကျင်သာ ဖြစ်ပြီး အခြားသော သူများမှာ လှုံ့ဆော်မှုကြောင့် ရောက်လာခဲ့သူများသာ ဖြစ်ခဲ့သည်ကို တွေ့ရသည်။
မိတ္ထီလာဖြစ်စဥ်တွင် အမျိုးသားရေး အစွန်းရောက်စိတ်များ အခိုင်အမာ ဝါဒဖြန့်ခံထားရသည့် မြို့ခံ လူများစုက အကြမ်းဖက် ဖြစ်စဥ်များ၌ ဝင်ရောက် ပတ်သတ်ခဲ့သော်လည်း ဥက္ကံမြို့တွင်မူ နောက်ကွယ်က ပဋိပက္ခ မီးမွှေးနေသူများက ပုန်းကွယ်နေ၍ မရနိုင်တော့ပေ။
၎င်းတို့၏ မျက်နှာဖုံးသည် ၂၀၁၃ ခုနှစ် မေ ၂၈ ရက်က ဖြစ်ခဲ့သည့် လားရှိုး အကြမ်းဖက်ဖြစ်စဥ်များတွင် ကွက်ကွက်ကွင်းကွင်း ပေါ်လာတော့မည် ဖြစ်သည်။
ထိုရက် နံနက်ပိုင်းက လားရှိုးမြို့၌ အစ္စလာမ်ဘာသာဝင် အမျိုးသား တစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့်ပက်ပြီး မီးရှို့သည့် ဖြစ်စဥ် ဖြစ်ခဲ့သည်။ ထို့နောက် အဆိုပါ ဖြစ်စဥ်အား မကျေနပ်ဟု အကြောင်းပြထားသည့် လူတစ်စုက ညပိုင်းတွင် ဗလီတစ်လုံးနှင့် ဘာသာရေး ကျောင်းတစ်ခုအား မီးရှို့ဖျက်ဆီးခဲ့သည်။
အကြမ်းဖက်မှု ဖြစ်စဥ်များအတွင်း လူတစ်ဦးသေဆုံးခဲ့ရပြီး လေးယောက်ထက်မနည်း ဒဏ်ရာရခဲ့သည်။ ယင်းနောက် မြန်မာစစ်တပ်နှင့် ရဲတို့က လားရှိုးမြို့၌ လုံခြုံရေး ယူရန် ရောက်လာခဲ့သည်။
သို့သော် အကြမ်းဖက် ဖြစ်စဥ်များ ကျူးလွန်ရန် ကြိုးစားနေသူ လူတစ်စုက မေ ၂၉ ရက်တွင် စစ်တပ်နှင့် ရဲများ လုံခြုံရေး ယူထားသည် ဆိုသည့် မြို့၌ ဆိုက်ကယ်များဖြင့် တုတ်ဓားများကိုင်ကာ လူဆိုးဂိုဏ်းများသဖွယ် မြို့ပါတ်ဆူပူနေခဲ့သည်။
၎င်းတို့သည် အစ္စလာမ်ဘာသာဝင်များကို လိုက်ရှာနေကြောင်း မြို့ခံများအကြား သတင်းလွှင့်ထားခဲ့ပြီး ဘာသာရေး စာသင်ကျောင်းတစ်ခုနှင့် စျေးဆိုင်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
လားရှိုး အကြမ်းဖက်ဖြစ်စဥ်တွင် ကျူးလွန်သူ လူတစ်စုထဲမှ ၄၄ ဦးအား ဖမ်းဆီးခဲ့ပြီး ထိုအချိန်က ဦးသိန်းစိန် အစိုးရ၏ ဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်မင်းက လားရှိုးဖြစ်စဥ်သည် နောက်ကွယ်မှ စနစ်တကျ ကြိုးကိုင်သူ ရှိနိုင်သည်ဟု ထုတ်ပြောခဲ့သည်။
၂၀၁၃ ခုနှစ်အတွင်း ထိုသို့ ဘာသာရေး ကို အကြောင်းပြထားသည့် အကြမ်းဖက်ဖြစ်စဥ်များ ကြိုးကြားကြိုးကြား ဖြစ်နေခဲ့ပြီး တစ်ဖက်တွင်လည်း ၉၆၉ လှုပ်ရှားမှုက ထပ်မံ တစ်ဆင့်မြင့်လာမည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဟု အမည်ရ မဘသအဖွဲ့ ပေါ်ထွက်လာရေးအတွက် ပုံဖော်လှုပ်ရှားမှုများလည်း ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
မဘသ ပေါ်ထွက်လာခြင်း
……………………………….
၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည် ပဋိပက္ခများက အရပ်ဝတ်လဲ စစ်အစိုးရ၏ ပယောဂ မကင်းခဲ့ပေ။ ထို့အတူ အဆိုပါ ပဋိပက္ခများကို အကြောင်းပြုပြီး ၉၆၉ ခေါ် အမျိုးသားရေး ဝါဒီများ၏ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လှုပ်ရှားမှုများက တစ်ဆက်တည်း အရှိန်မြှင့်လာခဲ့သည်ကို တွေ့ရသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ ရခိုင်ပြည် ပဋိပက္ခများ ပထမအသုတ် ဖြစ်ခဲ့အပြီး နှစ်လမျှအကြာတွင် တူရကီ နိုင်ငံခြားရေး ဝန်ကြီးက Organisation of Islamic Cooperation (OIC) ရုံးခွဲအား ရိုဟင်ဂျာများကို အကူအညီပေးရန်ဟု ဆိုကာ မြန်မာနိုင်ငံ၌ ရုံးခွဲ ဖွင့်လှစ်ခွင့်ပေးရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။
၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခသည် ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တော စသည့် ဒေသများ၌ ပထမအသုတ်အဖြစ် ဖြစ်ခဲ့စဥ်က ရခိုင်နှင့် ဗုဒ္ဓဘာသာဝင် လူမျိုးစုများပို၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ကို လွတ်လပ်သော သတင်းမီဒီယာများ၏ မှတ်တမ်းတင်ထားခဲ့မှု အချက်အလက်များအရ တွေ့ရှိရသည်။
ထိုအချက်ကပင် အမျိုးသားရေး ဝါဒီများအတွက် ၉၆၉ လှုပ်ရှားမှုများ အရှိန်မြှင့်ရန် အခါအခွင့် သင့်သလို ဖြစ်လာခဲ့ပြီး အိုအိုင်စီ ရုံးခွဲဖွင့်ရန် တူရကီ၀န်ကြီး တောင်းဆိုမှုက အချိန်ကိုက် အသုံးချစရာ ထပ်ဖြစ်သွားခဲ့သည်။
ဦးဝီရသူ အပြင် မဘသ ကိုယ်တော်အဖြစ် နာမည်ကြီးသူ မကွေးဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး အမျိုးသားရေးဝါဒီများက အိုအိုင်စီ ရုံးခွဲဖွင့်ရန် ကိစ္စအား ဆန့်ကျင်ကြောင်း ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
ထို့အပြင် တစ်ဖက်တွင်လည်း လူမျိုးရေး ဘာသာရေး အခြေခံ ပဋိပက္ခများအကြား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသား များအား ကူညီရန်၊ ပဋိပက္ခများအား ပြေလည်အောင် ကြားဝင်ဖြေရှင်းရန် ရည်ရွယ်သည်ဟု သံဃာတော်များအား စည်းရုံးကာ စုစည်းမှုများ ပြုလုပ်လာခဲ့သည်။
၂၀၁၂ ခုနှစ် ရခိုင်ပြည် ပဋိပက္ခများ တကျော့ပြန် ဖြစ်လာမည့် အောက်တိုဘာလအတွင်း မော်လမြိုင်၌ အမျိုးသားရေးဝါဒီများက မဘသ၏ ကနဦး စုစည်းမှုအဖြစ် သတ်မှတ်ထားသည့် မော်လမြိုင် ဂဏဝါစကသံဃာ့ကွန်ရက် (ခ) မော်လမြိုင် ဂဏဝါစကသံဃာ့အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။
ဦးဝီရသူမှာမူ အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် မပါဝင်ဘဲ သီးခြားဆန်သည့်သဖွယ် ၉၆၉ လှုပ်ရှားမှုများကို ပြုလုပ်နေခဲ့သည်။ တကျော့ပြန် ရခိုင် ပဋိပက္ခများအတွင်း ၎င်းသည် ပဋိပက္ခဖြစ်ရာ ဒေသများ၌ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး အမျိုးသားရေး ဝါဒများ ဖြန့်ဝေနေခဲ့ခြင်း ဖြစ်သည်။
မဘသအဖွဲ့ ဖြစ်တည်ရေး ဦးတည်လာသည့် ၉၆၉ လှုပ်ရှားမှုများတွင် ဦးဝီရသူနှင့် အမျိုးသားရေး အစွန်းရောက် များကဲ့သို့ အကြမ်းဖက်လမ်းစဥ်ကို တွန်းအားပေးသူများ အမာခံပါဝင်နေသလို မွန်ပြည်၊ သိမ်ဇရပ်မြို့ရှိ ဓမ္မဒူတ ပရိယတ္တိ စာသင်တိုက်မှ အရှင် ပညာဝရကဲ့သို့ အကြမ်းမဖက် လမ်းစဥ် ကိုင်ဆွဲသူ သံဃာတော်များလည်း ပါဝင်နေခဲ့သည်ကို တွေ့ရသည်။
သာသနာ့ ဓဇ ဓမ္မာစရိယ ဘွဲ့ရ အရှင်ပညာဝရသည် ၉၆၉ လှုပ်ရှားမှုများတွင် အစ္စလာမ်ဘာသာအား အကြမ်းမဖက်နည်းဖြင့် ဆန့်ကျင် သပိတ်မှောက်ရေး တရားများအား ဟောကြားဖြန့်ဝေခဲ့သည်။
ဆရာတော်၏ ဘဝလမ်းခွဲ တရားအား အမျိုးသားရေးဝါဒီများက အထူးနှစ်ခြိုက်ကြသည်။ ဗုဒ္ဓသည် အစွန်းနှစ်ဘက်လွတ်ကင်းရာ အလယ်အလတ်လမ်းစဥ်အား အတိအလင်း လမ်းပြ ကျင့်သုံးသူ ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက ၎င်းတို့၏ ဘုရားရှင်၏ အဆိုပါ လမ်းစဥ်အတွက် ဂုဏ်ယူကြသည်။
ထို့အတူ အဆုံးမဲ့ မေတ္တာတရားကို ကိုင်ဆွဲခဲ့သူ ဗုဒ္ဓဖြစ်သည့်အတွက် အကြမ်းဖက် လက်စားချေ တုံ့ပြန်မှုများသည် ဗုဒ္ဓဝါဒမဟုတ်ဟု ခံယူထားတတ်ကြသည်။
ထို့ကြောင့် ဦးဝီရသူ ဟောပြောသည့် အစ္စလာမ် မုန်းတီးရေး အကြောင်းအရာများ ပြည့်နှက်နေသည့် စကားများထက် အရှင်ပညာဝရကဲ့သို့ ဗုဒ္ဓလမ်းစဥ် အကြမ်းမဖက်သည့် နည်းလမ်းကို ရှေးရှုပြသည့် ဟောပြောမှုများက သံဃာထုနှင့် ပညာတတ် ဗုဒ္ဓဘာသာဝင်များအပေါ် ပို၍ သက်ရောက်မှု ရှိသည်။
ဦးဝီရသူ ဦးဆောင်သည့် ၉၆၉ လှုပ်ရှားမှုများသည် ၎င်းတို့ ဖန်တီးနေခဲ့သည့် အကြမ်းဖက်ဖြစ်စဥ်များကြောင့် နာမည်ပျက်နေရာမှ အရှင်ပညာဝရကဲ့သို့ ဗုဒ္ဓလမ်းစဥ်မှ မသွေဖယ်ကြောင်း ဟောပြောသူများကြောင့် ပညာတတ် ဗုဒ္ဓဘာသာဝင်များ၏ ထောက်ခံမှုကို ရလာခဲ့သည်။
ဦးဝီရသူသည် အချိန် လှုပ်ရှားမှု တစ်ခုကို ထပ်မံပြုလုပ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်များအကြား သြဇာကြီးခဲ့သူ သီတဂူဆရာတော် ဦးဉာဏိဿရအား မဘသ အဖွဲ့ဖွဲ့ရာတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ယခု အာဏာသိမ်း စစ်ခေါင်းဆောင်၏ မင်းဆရာ တစ်ယောက် ဖြစ်နေသူ သီတဂူ ဆရာတော်သည် မဘသ ဥက္ကဋ္ဌ နေရာအား အင်းစိန်ရွာမဆရာတော် အရှင် တိလောကဘိဝံသကို ဆောင်ရွက်ရန် ပြန်လည်တောင်းဆိုခဲ့သည်။
မဘသ ဥက္ကဋ္ဌ ဖြစ်လာမည့် အရှင် တိလောက ဘိဝံသသည် ၁၉၈၀ ခုနှစ်က စတင် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့် သံဃာ ၄၇ ပါး ပါဝင်သော နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ အစဥ်အဆက် စာရင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် လူထုကို သတ်ဖြတ်ခဲ့သည့် စစ်အစိုးရအား အဆက်အဆံ မလုပ်သဖြင့် ထောင်တစ်နှစ်ကျခံ ခဲ့ရဖူးသူဖြစ်သည်။
သို့ဖြင့် ၂၀၁၃ ခုနှစ် ဇွန်လတွင် အရှင် တိလောကဘိဝံသက ဥက္ကဋ္ဌ တာဝန်ယူပြီး မဘသ ဗဟိုကို ဖွဲ့စည်းလိုက်တော့သည်။ အထက်မြန်မာပြည် အတွက် ဦးဝီရသူက တာဝန်ယူပြီး အောက်မြန်မာပြည်အတွက် အရှင် ပညာဝရက ခေါင်းဆောင်များအဖြစ် တာဝန်ယူခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးအတွက် မကွေးဆရာတော် ဦးပါမောက္ခက တာဝန်ယူခဲ့သည်။
ထို့နောက် သုံးလအကြာတွင် ဦးဝီရသူကဲ့သို့ ၉၆၉ လှုပ်ရှားသူ ရဟန်းများအားလုံး မဘသ အဖွဲ့တွင်း ဝင်ရောက်လာခဲ့ပြီး အင်အားကောင်းသည့် မဟနနှင့် အပြိုင် သံဃာ့ အဖွဲ့အစည်း တစ်ခုသဖွယ် ပေါ်ပေါက်လာခဲ့တော့သည်။ မဘသ အဖွဲ့သည် ဖွဲ့စည်းပြီး ၂ နှစ်အတွင်း တစ်နိုင်ငံလုံး၌ အဖွဲ့ခွဲပေါင်း ၁၇၀ ကျော်ထိ ရှိလာခဲ့သည်ထိ အင်အား ကောင်းလာခဲ့သည်ကိုလည်း တွေ့ရသည်။
အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး၊ တည်တံ့ပြန့်ပွားရေး၊ နိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု ပဋိပက္ခတွေ မပေါ်ပေါက်ရေး၊ သာသနာရေး၊ လူမှုရေးဆောင်ရွက်ကြသည့် အဖွဲ့အချင်းချင်း အပြန်အလှန် ချိတ်ဆက် ပံ့ပိုးကူညီနိုင်ရေး ဆိုသည့် ရည်ရွယ်ချက်များ ထုတ်ပြန်ထားသဖြင့်လည်း သံဃာထု၏ တစ်ခဲနက် ပူးပေါင်းပါဝင်မှုကို ရရှိခဲ့သည်။
သို့သော် အဆိုပါ ရည်ရွယ်ချက်များနှင့် ကွဲလွဲစွာပင် မဘသ အဖွဲ့များ၏ လုပ်ဆောင်မှုများက နိုင်ငံအတွင်း ပဋိပက္ခ မီးများကို ပြင်းပြင်းထန်ထန် တောက်လောက်စေရန်သာ ဖြစ်လာခဲ့သည်။ မဘသအဖြစ် ဖွဲ့စည်းခြင်းဖြင့် အမျိုးသားရေး ဝါဒီများအတွက် ၎င်းတို့၏ အစွန်းရောက် လုပ်ရပ်များအား အကာအကွယ် ကောင်းတစ်ခုကို ရလိုက်သကဲ့သို့ ဖြစ်လာခဲ့သည်။
နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းများ၊ ဓမ္မစကူးလ်များ ဖွင့်လှစ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များ၏ ထောက်ခံမှုကို ရယူထားနိုင်ခဲ့သည်။ မဘသ ကနဦးကာလများ၌ ရွှေဝါရောင် တော်လှန်ရေးမှ သံဃာတော်များ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်ထိလည်းရှိခဲ့ပြီး ထိ၍ မရသည့် အဖွဲ့အစည်းတစ်ခု အသွင်ပင် ဖြစ်ခဲ့သည်။
မဘသ တောင်းဆိုသည့် မျိုးစောင့်ဥပဒေ
………………………………………….
၂၀၁၃ ခုနှစ်တွင် မဘသ အဖွဲ့ ဖွဲ့ပြီးနောက် ဦးဝီရသူ အပါအဝင် မဘသ အဖွဲ့ဝင် ရဟန်းများက မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် လှုပ်ရှားမှုများကို လုပ်ဆောင်လာခဲ့သည်။
၎င်းတို့က မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန် တောင်းဆိုရခြင်းမှာ အခြားဘာသာများအား ထိခိုက်စေရန် မရည်ရွယ်ဘဲ ဗုဒ္ဓဘာသာအား ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် ဖြစ်သည်ဟု လူထုအား စည်းရုံးဝါဒဖြန့်ကြသည်။
ဦးဝီရသူသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် တားဆီးထားသည့် ၅၉ (စ) အား မပြင်ရန် ဦးတည်ပြီးဟောပြောမှုများကို ပြုလုပ်ခဲ့ပြီး မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန် တောင်းဆိုရခြင်း အကြောင်းအားလည်း ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ပြောဆိုကာ စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။
တစ်ဘက်တွင် NLD ပါတီက ၅၉ (စ) ပြင်ဆင်ရေးအတွက် လူထု ဆန္ဒလက်မှတ်များ ကောက်ခံခဲ့သည့်နှင့် အပြိုင် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးအတွက် မဘသအဖွဲ့များက ၎င်းတို့ စည်းရုံးထားသူများထံမှ လက်မှတ်များကို စုဆောင်းရယူသည်။
ထို့နောက် မဘသ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော် တိလောကဘိ၀ံသက သမ္မတ ဦးသိန်းစိန်ထံ မျိုးစောင့်ဥပဒေ လေးခု အတည်ပြုရေးအတွက် စည်းရုံးထားသည့် လက်မှတ်တွေပြပြီး တင်ပြတောင်းဆိုခဲ့သည်။ ဦးသိန်းစိန်က မဘသကို တရားဝင် အသိအမှတ်ပြုခြင်း မရှိသော်လည်း အင်းစိန်ရွာမဆရာတော် တင်ပြထားခြင်းအား လွှတ်တော်သို့ တောင်းဆိုချက်များ လက်ခံရရှိကြောင်း လွှဲလိုက်သည်။
ထိုစဥ်က ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းက အဆိုပါ မျိုးစောင့် ဥပဒေများကို လွှတ်တော်၌ ဆွေးနွေးခြင်း မပြုလုပ်ခဲ့ဘဲ ဥပဒေကြမ်း ရေးဆွဲရန် အစိုးရထံသို့ ပြန်ပေးခဲ့သည်။
အဆိုပါ မျိုးစောင့်ဥပဒေတွင် အမျိုးအစား လေးမျိုးပါဝင်သည်။ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထက် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေး တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။
အဆိုပါ ဥပဒေများသည် အမျိုးသမီးများနှင့် လူနည်းစုများ၏ အခြေခံ လွတ်လပ်ခွင့်ကို ထိပါးနေသဖြင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။
ထိုသို့ ကန့်ကွက်မှုများအား ဦးဝီရသူ အပါအဝင် မဘသ ကိုယ်တော်များက လူမှုကွန်ရက်ပေါ်မှ တစ်မျိုး၊ တရားပွဲများ၌ ဟောပြောခြင်းများဖြင့် တစ်ဖုံ၊ ပုံစံမျိုးစုံ သုံး၍ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် မဘသ၏ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သူ မန္တလေးမြို့မှ အရှင် ဣန္ဒာစက္ကာဘိဝံနှင့် အရှင်ယသတို့ လက်မှတ်ထိုးပြီး မျိုးစောင့်ဥပဒေအား ကန့်ကွက်သည့် အရပ်ဘက် အဖွဲ့အစည်း တစ်ရာကျော်ကို အမျိုးသား သစ္စာဖောက်များ အဖြစ်ကြေညာခြင်းလည်း ပြုလုပ်ခဲ့သည်။
ထို့အတူ စစ်ကိုင်း မဘသ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာနန္ဒနှင့် အကျိုးဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပ္ပီယာတို့ကလည်း အသားထဲက လောက်ထွက်သည့် အဖွဲ့များအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။
ထိုအချိန်က မဘသအဖွဲ့၏ လှုပ်ရှားမှုများမှာ အားကောင်းလွန်းသည့် အချိန် ဖြစ်နေခြင်းကြောင့် ၎င်းတို့ အဖွဲ့နှင့် ထိပ်တိုက် ရင်ဆိုင်ရမည်ကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများစုက လက်ရှောင်နေခဲ့ခြင်းများလည်း ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း လူနည်းစုနှင့် အမျိုးသမီး အခွင့်အရေးများကို ချိုးဖောက်နေသည့် အဆိုပါ မျိုးစောင့် ဥပဒေအား ဥပဒေဘောင်အတွင်းမှသာ လုပ်ဆောင်ရန် ပြောကြားခဲ့သည်မှ လွဲ၍ ကန့်ကွက်ပြော ဆိုခြင်းပင် မရှိခဲ့ပေ။
သို့ဖြင့် ၂၀၁၅ ခုနှစ် ဦးသိန်းစိန် အစိုးရ၏ အစိုးရသက်တမ်း နောက်ဆုံးကာလများ၌ မျိုးစောင့် ဥပဒေအား အတည်ပြု ပြဋ္ဌာန်းခြင်းကို ပြုလုပ်ခဲ့ရာ မဘသ အဖွဲ့အတွက် အအောင်မြင်ဆုံး ကာလတစ်ခု ဖြစ်လာခဲ့သည်။
သို့သော် မျိုးစောင့် ဥပဒေသည် မဘသအဖွဲ့၏ အဆုံးစွန်သော ရည်မှန်းချက်တော့ မဟုတ်ခဲ့ပေ။ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းအား ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် မဘသ အဖွဲ့များ အများစု ပါဝင်သည့် ရဟန်း ၂၀၀၀ ကျော်နှင့် တစ်သိန်း ၀န်းကျင် ရှိနိုင်သည့် ဗုဒ္ဓဘာသာဝင်များ စုဝေးကာ သုဝဏ္ဏအားကစားကွင်း၌ အောင်ပွဲခံခြင်းကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မဘသ အဖွဲ့ သို့ လူသိရှင်ကြား အဖွဲ့ဝင်အဖြစ် မရှိနေခဲ့သည့် သီတဂူ ဆရာတော်က မျိုးစောင့်ဥပဒေ အောင်မြင်မှုအပြီး ရှေ့ဆက်တက်ရမည့် ခြေလှမ်းအတွက် ဟောပြောခဲ့သည်။
၎င်းက ” နောက်ပြီးတော့ ရှိသေးတယ်။ Highest Authorizer နိုင်ငံတော်မှာ အမြင့်ဆုံး အာဏာပိုင် ပုဂ္ဂိုလ်ဟာ ဘာသာရေး ခေါင်းဆောင် ဖြစ်ရမယ်။ အီရန်ရဲ့ အခြေခံစည်းမျဥ်းမှာ နိုင်ငံရေး ခေါင်းဆောင်ရော နိုင်ငံတော်ရဲ့ သမ္မတရော အကုန်လုံးဟာ ဘာသာရေး ခေါင်းဆောင်က အကြီးဆုံး သူတို့ တိုင်းပြည်မှာ ဖြစ်ရမယ်။ တပည့်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ နိုင်ငံတောသံဃမဟာနာယကကြီး အနေအထားဟာ ဘယ်မှာရှိတယ် ဆိုတာ ဆရာတော်များ အကုန်လုံးသိပါတယ်။ ဒီမှာ (အီရန်) တော့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်ကြီးက ထိပ်ဆုံးမှာ၊ နိုင်ငံရေးမှာလည်း သူအာဏာပိုင်ပဲ၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးမှာလည်း သူအာဏာပိုင် ပဲ။ အဲဒါကြောင့် မတူတာတွေ အဲဒီလိုရှိတယ်ဆိုတာကို တပည့်တော်တို့ တိုင်းသူပြည်သားတွေရော သံဃာတော်တွေရော သိရရင် နောက်တက်စရာ အဆင့်တွေ အများကြီးရှိဦးမယ်လို့၊ တပည့်တော် ဒီလိုပဲ ယူဆတယ်” ဟု ဟောပြောခဲ့သည်။
ဤသည်မှာ မဘသအဖွဲ့၏ အဆုံးစွန်သော ပန်းတိုင်အား ပြသပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ ထိုအချိန်က မဘသ အဖွဲ့များသည် ရွေးကောက်ပွဲတွင် ဘာသာသာသနာကို စောင့်ရှောက်မည့် ကြံ့ခိုင်ရေး ပါတီကိုသာ မဲပေးရန် တစ်နိုင်ငံလုံးအနှံ့ ဝါဒဖြန့် ဆော်သြမှုများ ရှိနေခဲ့သည်။
ထို့ကြောင့် သံဃာထုအကြားတွင် မဘသ ကိုယ်တော်များ၏ ဝါဒကို လက်မခံသူ အများအပြားရှိလာပြီး မဘသ အဖွဲ့၏ လုပ်ရပ်များအား အတိအလင်း ဝေဖန်ပြောဆိုမှုများလည်း ပေါ်ပေါက်လာခဲ့သည်။
မဘသ ကိုယ်တော်များက ၎င်းတို့ကို အပြစ်တင် ဝေဖန်သည့် မဘသ မဟုတ်သည့် ရဟန်းသံဃာများအား ပြင်းပြင်းထန်ထန်ဖြင့် အမုန်းစကားများ သုံး၍ တုံ့ပြန်ကြသည်။ ထို အခြေအနေအားလည်း သီတဂူဆရာတော်က မဘသ ကိုယ်တော်များ အနေဖြင့် နယ်မကျွံဘဲ သတိထား လှုပ်ရှားရန် ဘီလုံးငှက်နှင့် စွန်ရဲ ဥပမာပေး၍ ဟောပြောခဲ့သည်။
သို့သော် ၎င်းက ဘာသာရေးဖြင့် နိုင်ငံရေး ပါတီထောင်ကြရန်အတွက် တိုက်တွန်းပြောဆိုပြီး ဥရောပတိုက်သို့ ကွန်မြူနစ်ဝါဒ ပြန့်နှံ့မလာရေး၊ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီထောင်ပြီး ရောမ၌ ပြုလုပ်ခဲ့သည်များကို ထည့်သွင်း ပြောဆိုခဲ့သည်။
“ အဲ့ဒါ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီဆိုတာ ဥရောပတခွင်လုံး ပျံ့သွားတယ်။ အီတလီတို့၊ ဂျာမနီတို့၊ ဆွစ်ဇာလန်တို့ကို ကွန်မြူနစ်တွေ မဝင်နိုင်ဘဲ ဖြစ်သွားတယ်။ အဲဒီတော့ တပည့်တော် လျှောက်တာ၊ သံဃာတော် အရှင်မြတ်တွေ နိုင်ငံရေးထဲ ပါရမယ်လို့ လျှောက်ခြင်းမဟုတ်ပါ၊ သတိရှိရှိနဲ့ စောင့်ကြည့်ဖို့ တပည့်တော် လျှောက်တာပါ။ ခုနက ပြောထားပြီးပြီ ဘီလုံးက သူ့နယ်မြေဘယ်မှာလဲ၊ လယ်ထဲက ထယ်ခဲ၊ စွန်ရဲ့နယ်မြေက ဘယ်မှာလဲ၊ ကောင်းကင်၊ ကိုယ့်စားကျက်မှာ ကိုယ်နေပြီးတော့ စောင့်ကြည့်ဖို့ လျှောက်ထားခြင်း ဖြစ်ပါတယ်။ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ ဒီကနေ့ ဥရောပတခွင်မှာ အဲဒါတွေ အရိပ်အမြွက် ကျန်လျက်ရှိပါသေးတယ်” ဟု သီတဂူဆရာတော်က ပြောခဲ့ခြင်း ဖြစ်သည်။
မဘသကို ကြိုးကိုင်နေသူများ
………………………………….
၂၀၁၂ ခုနှစ်တွင် ဦးဝီရသူအား ဦးအောင်သောင်းက သွားရောက်တွေ့ဆုံအပြီး ၉၆၉ လှုပ်ရှားမှုများ အားကောင်းလာခဲ့သည်။ အချိန်ကိုက် ဖြစ်ပွားခဲ့သည့် ရခိုင် ပဋိပက္ခဖြစ်စဥ်များ၏ နောက်ကွယ်တွင် ဦးသိန်းစိန် အစိုးရလည်း ပါဝင်ပတ်သတ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ရခိုင်၊ လားရှိုး၊ ဥက္ကံ၊ မိတ္ထီလာ၊ မန္တလေး ဒေသများ၌ ဖြစ်ခဲ့သည့် လူမျိုးရေး ဘာသာရေး ခေါင်းစဥ်တပ်ထားသည့် အကြမ်းဖက်ဖြစ်စဥ်များတွင် ၉၆၉ လှုပ်ရှားသည့် မဘသအဖွဲ့များ ရှိနေခဲ့သည်။ မြန်မာစစ်တပ်နှင့် ဦးသိန်းစိန်အစိုးရက အဆိုပါ ပဋိပက္ခများအတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေသည့် လူတစ်စုအား ထိထိရောက်ရောက် ကိုင်တွယ် အရေးယူခဲ့ခြင်းမျိုး မရှိခဲ့ပေ။
မျိုးစောင့်ဥပဒေ အရှိန်မြှင့် လှုံ့ဆော်နေသည့် ၂၀၁၄ ခုနှစ်အတွင်း မန္တလေးမြို့၌လည်း ဦးဝီရသူ ဦးဆောင်သည့် မဘသအဖွဲ့များက အကြမ်းဖက် လုပ်ရက်များ ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့သည်။
၂၀၁၄ ခုနှစ် ဇွန် ၃၀ ရက်တွင် ဦးဝီရသူက ၄င်း၏ ဖေ့စ်ဘွတ်၌ အမှန်တကယ် မဖြစ်ခဲ့သော မုဒိန်းမှု ဖြစ်စဥ်အား ရေးသားကာ အမုန်းစကား ဖြန့်ဝေခဲ့ပြီး နောက်တစ်ရက် ညပိုင်း၌ မန္တလေးမြို့ခံ မဟုတ်သည့် လူတစ်စုက အဓိကရုဏ်း ဖြစ်စဥ်များကို ဖန်တီးခဲ့သည်။
Justic Trust အဖွဲ့က အဆိုပါ မန္တလေး ပဋိပက္ခဖြစ်စဥ် အပါအဝင် အကြမ်းဖက်မှု ဖြစ်စဥ်များအား အသေးစိတ် စုံစမ်းမှုများ ပြုလုပ်ပြီးနောက် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ၎င်း အစီအရင်ခံစာတွင် မန္တလေး ပဋိပက္ခ ဖြစ်စဥ်၌ မြို့ခံများထက် မည်သည့်နေရာက ရောက်လာမှန်းမသိသည့် လူတစ်စုကသာ အကြမ်းဖက်မှုများကို ဦးဆောင်ကျူးလွန်ခဲ့ခြင်းဟု ဖော်ထုတ်ထားသည်။
Justice Trust အဖွဲ့က မန္တလေးမြို့ခံ သံဃာများ၊ မြို့ခံလူထုများအား တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်မှုများ ဖန်းတီးသည့် လူတစ်စုသည် မြို့ခံသံဃာထုကလည်း ၎င်းတို့ထံသို့ ပဋိပက္ခဖန်တီးသည့် လူတစ်စုက အားဖြည့်ပေးရန် လာရောက် လှုံ့ဆော်ခြင်းများ ရှိခဲ့သည်ဟု ထုတ်ဖော် မိန့်ကြားခဲ့သည်များ ရှိသည်။
မန္တလေး၊ မိတ္ထိလာ၊ လားရှိုး၊ ဥက္ကံနှင့် ရခိုင် အကြမ်းဖက် ပဋိပက္ခ ဖြစ်စဥ်များတွင် အဓိကရုဏ်းဖန်တီးမည့် လူတစ်စုက အုံကြွ အကြမ်းဖက်မှုများကို ဒေသခံများ လုပ်သည့်သဖွယ် ဝင်ရောက်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
ပဋိပက္ခ ဖြစ်စဥ်များ အပြီးတွင်မူ ကျူးလွန်သူများမှာ အရေးယူခံရလေ့ မရှိဘဲ ၎င်းတို့၏ နေရာတွင် မြို့ခံများအား ရဲတပ်ဖွဲ့က အစားထိုး ဖမ်းဆီးအရေးယူခြင်းများသာ ရှိခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်းများ လွတ်လပ်သော သတင်းမီဒီယာများ၏ စုံစမ်းဖော်ထုတ်ထားမှုများအရ မဘသ၏ နောက်ကွယ်တွင် စစ်တပ် ခေါင်းဆောင်များနှင့် ကြံ့ခိုင်ရေးပါတီမှ ခေါင်းဆောင်များ ၎င်းတို့နှင့် ဆက်နွယ်နေသည့် ခရိုနီ အချို့က အထောက်အပံ့ပေးထားသည်ကို တွေ့ရသည်။
အမုန်းစကားများ ဖြန့်ကာ အကြမ်းဖက်မှုများ ဖြစ်စေရန် ဖန်တီးနေခဲ့သော်လည်း ဦးသိန်းစိန်အစိုးရ၏ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က မဘသဟာ သာသနာတော် တည်တံ့ပြန့်ပွားရေး တာ၀န်ထမ်းဆောင်နေခြင်းဟုပင် ထုတ်ပြောခဲ့သည်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သံဃာတော်များအား အကြမ်းဖက်နှိမ်နင်းခဲ့သည့် မြန်မာစစ်ခေါင်းဆောင်များသည် ဗုဒ္ဓဘာသာဝင်များနှင့် သံဃာထုစက်ဆုပ်ရွံရှာခြင်းအား ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။ အဆိုပါ အရေးအခင်း၏ အကျိုးသက်ရောက်မှုကြောင့် ၂၀၀၈ ခြေဥအား နအဖက အလျင်အမြန် အတည်ပြုခဲ့ရပြီး ရွှေရည်စိမ် ဒီမိုကရေစီ ကာလအတွက် လမ်းဖွင့်ပေးခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ အစိုးရ ဖြစ်လာပြီးနောက် ၄င်းတို့သည် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နေသူများအဖြစ် ပုံဖော်လိုက်ပြီး သံဃာထုထံမှ ထောက်ခံမှုကို ပြန်လည်ရယူရန် ကြိုးစားလာခဲ့သည်။
ထို့ကြောင့်ပင် ၉၆၉ လှုပ်ရှားမှုများကို လစ်လျူရှုထားခဲ့ပြီး မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးခြင်းကဲ့သို့ အကြောင်းအရာများကို ပြုလုပ်ခဲ့သည်။ တစ်ဖက်တွင်လည်း မဘသအဖွဲ့များက ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးမှုများကို တစ်နိုင်ငံလုံးအနှံ့ လုပ်ဆောင်ခဲ့ကြသည်။
Justic Trust အဖွဲ့က ၉၆၉ နှင့် မဘသ အဖွဲ့များအား စစ်ခေါင်းဆောင်များ၊ ကြံ့ခိုင်ရေး ပါတီခေါင်းဆောင်များနှင့် ၎င်းတို့နှင့်ဆက်နွယ်သော ငွေကြေးချမ်းသာသူများက နောက်ကွယ်က ထောက်ပံ့မှုများ ပေးထားကြောင်း အတိအလင်းပင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ပြီးနောက် မဘသ အဖွဲ့များအတွက် ယခင်ကကဲ့သို့ ထင်တိုင်းကြဲခွင့် မရတော့ပေ။ ၎င်းတို့၏ အမုန်းစကား ဖြန့်ဝေမှု၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှုများကြောင့် သံဃာထုအကြားတွင်လည်း စိတ်ဝမ်းကွဲမှုများ ဖြစ်လာခဲ့ရသည်။
NLD ပါတီ၏ ဗဟို အလုပ်မှုဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်း ဖြစ်ခဲ့သူ ဦးဖြိုးမင်းသိန်းက မဟန ရှိ၍ မဘသ မလိုကြောင်း ၎င်းတို့ အစိုးရသက်တမ်း ကနဦးကာလတွင်ပင် ထုတ်ပြောလာခဲ့သည်။ ယင်းနောက် ၂၀၁၇ ခုနှစ်တွင် မဘသအဖွဲ့အား ဖျက်သိမ်းရန် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ကနဦးတွင် မဘသ အဖွဲ့များက မဟန၏ ညွှန်ကြားချက်ကို လက်မခံဘဲ နေခဲ့ကြသော်လည်း ညွှန်ကြားချက်ကို မလိုက်နာပါက အစိုးရအာဏာစက်ဖြင့် ဆောက်ရွက်မည်ဟု ကြေညာလိုက်ချိန်တွင် ဦးဆောင် ဆရာတော်များက အဖွဲ့မှ နုတ်ထွက်ခြင်းများ ဖြစ်လာခဲ့သည်။
သို့သော် မဘသ အမည်နာမ နေရာတွင် ဗုဒ္ဓဓမ္ပရဟိတ ဖောင်ဒေးရှင်း အမည်ပြောင်းပြီး ဆက်လက် ရပ်တည်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ အမည်ပြောင်း အဖွဲ့အား မြန်မာစစ်တပ်က ထောက်ပံ့မှုများကို ပေါ်ပေါ်တင်တင်ပင် လုပ်ဆောင်ခဲ့သည်။
NLD အစိုးရ သက်တမ်းတစ်လျှောက်တွင် မဘသ အဖွဲ့ဝင်များဖြစ်သည့် အမျိုးသားရေး အစွန်းရောက်များက လူထုအကြား ၉၆၉ လှုပ်ရှားမှုဖြစ်သည့် အစ္စလာမ် မုန်းတီးရေးဝါဒများကို ဆက်လက် ဖြန့်ဝေနေခဲ့သည်။
ဦးကိုနီ လုပ်ကြံခံရမှုအား စစ်ဆေးနေစဥ်အတွင်း တရားခံများ၏ ရုံးချိန်း၌ အမျိုးသားရေး အစွန်းရောက်များ၏ ထမင်းဝအောင် စားထားဟု ဆိုကာ သတင်းမီဒီယာများနှင့် အမှုမှန်ပေါ်ရေး ဆောင်ရွက်နေသူများကို လာရောက်ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့သေးသည်။
၂၀၁၈ ခုနှစ်တွင် ဖေ့စ်ဘွတ်ကို အသုံးချကာ ရိုဟင်ဂျာများနှင့် မွတ်စလင်မ် အသိုင်းအဝိုင်း အပေါ် အမုန်းစကားများ ဖြန့်ဝေနေသည့် ဦးဝီရသူအပါအဝင် မဘသ အဖွဲ့များ၏ အကောင့်များအား ဖေ့စ်ဘွတ်မှ အပြီးတိုင် ဖယ်ရှားပစ်ခဲ့သည်။
NLD အစိုးရလက်ထက် တစ်လျှောက်တွင် မဘသ ခေါ် အမျိုးသားရေး အစွန်းရောက်များသည် မြန်မာစစ်တပ်အား အကြီးအကျယ် ထောက်ခံကြောင်း ထောက်ခံပွဲများ ပြုလုပ် ပြောဆိုခြင်းများ အများအပြား ရှိခဲ့သည်။ တစ်ဖက်တွင်လည်း ၎င်းတို့က NLD အစိုးရသည် အမျိုးဘာသာသာသနာကို ဖျက်ဆီးနေသည်ဟု စွပ်စွဲခဲ့ကြသည်။
၎င်းတို့သည် မြန်မာစစ်တပ်၏ အာဘော်ဖြစ်သည့် တပ်မတော်သည် အမျိုးသားရေးကို မည်သည့်အခါမျှ သစ္စာမဖောက်ဟူသည့် ဝါဒကိုသာ ကိုင်ဆွဲထားသူများ ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။
NLD အစိုးရလက်ထက်တွင် ဦးဝီရသူသည် ဖမ်းဝရမ်း ထုတ်ခံရသော်လည်း စစ်တပ်လက်အောက်မှ ပြည်ထဲရေးက ဖမ်းဆီးခြင်း မရှိခဲ့သဖြင့် လွတ်မြောက်နေခဲ့ပြီး အာဏာသိမ်းရန် ရက်ပိုင်းအလိုတွင်မှ ၎င်းအပါအဝင် ဖမ်းဝရမ်း ထုတ်ခံရသည့် အမျိုးသားရေး အစွန်းရောက်များက လာရောက် အဖမ်းခံခဲ့ကြသည်။
သို့သော် စစ်ကောင်စီခေါင်းဆောင်က လွတ်ငြိမ်းဖြင့် ပြန်၍ လွှတ်ပေးခဲ့ခြင်းကို တွေ့ရမည်ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း မဘသပုံပြောင်း အမျိုးသားရေး အစွန်းရောက်များက အာဏာသိမ်း စစ်တပ်ကို ထောက်ခံခဲ့ကြပြီး ကန့်ဘလူနယ်မှ ဦးဝါသဝကဲ့သို့ မဘသ ကိုယ်တော်များက စစ်တပ်အတွက် စစ်ကူတိုက်ပေးရန် ပျူစောထီး အဖွဲ့များကို ဦးဆောင်ဖွဲ့စည်း လှုပ်ရှားပေးလျက် ရှိနေသည်။
ထို့အတူ မဘသ ခေါင်းဆောင်ပိုင်းမှ သီတဂူဆရာတော်နှင့် အင်းစိန်ရွာမ ဆရာတော်တို့သည် စစ်ခေါင်းဆောင်၏ မင်းဆရာများ ဖြစ်လာခဲ့သည်ကိုလည်း တွေ့ရသည်။ နိဂုံးချုပ်အနေဖြင့် မျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနား၌ သီတဂူဆရာတော်က ဘာသာရေး ခေါင်းဆောင်များသည် တိုင်းပြည်၏ အမြင့်ဆုံး အာဏာပိုင် ဖြစ်ရမည်ဟု ဆိုခဲ့သည့်အတိုင်း အာဏာသိမ်းရန် ဆော်သြတိုက်တွန်းမှုများတွင် ၀စီပိတ်ကိုယ်တော်နှင့် သီတဂူဆရာတော်တို့ကလည်း အဓိကကျသည့် နေရာတွင် ရှိနေခဲ့သည်။
စစ်ခေါင်းဆောင်များသည် အဆိုပါ အမျိုးသားရေး အစွန်းရောက်များကို ခေတ်အဆက်ဆက် အသုံးချနေခဲ့ခြင်းသာဖြစ်ပြီး ယခုနောက်ဆုံး ၎င်းတို့ စစ်ရေး အရေးနိမ့်လာချိန်တွင် မဘသများ အပြင်းအထန် ဆန့်ကျင်နေသည့် ရိုဟင်ဂျာများကိုပင် လက်နက်ကိုင်စေကာ ၎င်းတို့၏ တပ်အတွင်းသို့ ထည့်သွင်းလျက် ရှိနေပြီ ဖြစ်သည်။
သို့သော် အမျိုးသားရေး ဝါဒီများမှာ ၎င်းတို့၏ လုပ်ရပ်များအား ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိဟန်ကို မတွေ့ရပေ။ စစ်အာဏာသိမ်းပြီးနောက် အမျိုးသားရေး အစွန်းရောက်များသည် စစ်ကောင်စီဘက်မှ ကူညီကာ အစွန်းရောက် အမုန်းစကားများအား သတင်းမီဒီယာဟု ၎င်းတို့ကိုယ် ၎င်းတို့ သတ်မှတ်ကာ ဝါဒဖြန့်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ် ဟူသမျှအား အဆိုပါ အမျိုးသားရေး အစွန်းရောက်များ၏ ဝါဒဖြန့် ချန်နယ်များက အပုတ်ချမှုများ၊ လူမျိုးရေး ခွဲခြားမှုများ၊ အမုန်းစကားရေးသား ဖြန့်ဝေမှုများကို နေခြင်းဖြစ်သည်။
သို့သော် ၎င်းတို့၏ အမုန်းတရား သွပ်သွင်းကာ ဝါဒမှိုင်း တိုက်မှုများသည် လက်ရှိ မျက်မှောက်ခေတ်တွင် အသုံးမဝင်တော့သည်ကိုလည်း တွေ့ရသည်။
ပြီးခဲ့သည့် မတ်လကလည်း မဘသ ကိုယ်တော် ဦးသုစိတ္တ ဦးဆောင်သော အမျိုးသားရေး အစွန်းရောက်များက ဖြူးမြို့နယ်၌ ဦးသိန်းစိန်ခေတ်က ရခိုင်၊ မိတ္ထီလာ၊ မန္တလေး စသည့် ဒေသများတွင် ဘာသာရေးမှိုင်းတိုက်ပြီး ပဋိပက္ခများ ဖန်တီးခဲ့သလို ဖန်တီးရန် ကြံစည်ခဲ့သေးသည်။
ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ဖြူးမြို့၌ သမီးရည်းစား စကားများရန် ဖြစ်ရာမှ ဘာသာခြား ချစ်သူကောင်လေးက သူ၏ ရည်းစား ဗုဒ္ဓဘာသာဝင် ကောင်မလေးအား ဓားဖြင့်ထိုးမှု ဖြစ်ခဲ့သည်။
အဆိုပါ ဖြစ်စဥ်အား ဦးသုစိတ္တ အပါအဝင် အမျိုးသားရေး အစွန်းရောက်များ ဖြူးမြို့သို့ ရောက်လာပြီး မြို့ခံလူထုအား ဘာသာရေးမှိုင်းတိုက်ကာ အုံကြွစေရန် ဖန်တီးလာခြင်း ဖြစ်သော်လည်း မြို့ခံများက ၎င်းတို့၏ ဆွဲဆောင်ရာသို့ မပါဝင်လာတော့သဖြင့် လက်လျှော့သွားခဲ့ရသည်။
အမျိုးသားရေး အစွန်းရောက်များသည် ဗုဒ္ဓဘာသာအား ကာကွယ်သည်ဟု ကြွေးကြော်ကြသော်လည်း ဂေါတမ ဗုဒ္ဓ၏ အဆုံးမဲ့ မေတ္တာထားခြင်း လမ်းစဥ်ကိုမူ မည်သည့်အခါမျှ လိုက်နာခဲ့ခြင်း မရှိပေ။
ထို့အတူ ပုထုဇဥ်များအား ငါးပါးသီလကဲ့သို့ အခြေခံ လူ့ကျင့်ဝတ်သီလများ၊ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစေရန် ဆုံးမခဲ့ခြင်းအားလည်း မုသာဝါဒ အမုန်းစကားများ သွင်သွင်ပြောဆိုကာ အကြမ်းဖက်သတ်ဖြတ်မှုများအား မူးယစ်ရမ်းကားကာ ကျူးလွန်ကြသူများဖြစ်၍ မလိုက်နာသည်ကို တွေ့ရမည် ဖြစ်သည်။
နောက်ဆုံး ဗုဒ္ဓဝါဒ၏ အနှစ်သာရဖြစ်သည့် သံသရာ ၀တ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗာန်ရောက်ကြောင်း တရားများကို ကျင့်ကြံခြင်း၊ ဖြန့်ဝေခြင်းလည်း မပြုကြပေ။
ထို့ကြောင့် မဘသအဖွဲ့ (ခေါ်) ဗုဒ္ဓဓမ္ပရဟိတ ဖောင်ဒေးရှင်းသည် ဗုဒ္ဓကို ခုတုံးလုပ်ကာ စစ်အာဏာရှင်များ လက်သတ်မွေးထားသည့် စစ်ဗျူရိုကရက် ထာဝရတည်တံ့ရေး ကြိုးပမ်းပေးနေသူများသာဖြစ်ပြီး အမုန်းတရားနှင့် အကြမ်းဖက်မှုများကိုသာ ဦးတည်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ဆိုရမည်ဖြစ်၏။
Photo – MPA / အမျိုးဘာသာ၊ သာသနာအတွက် ဆန္ဒဖော်ထုတ်ပွဲ (ပုံအဟောင်း)
ကိုးကား
The Face of Buddhist Terror(Time Magazine)
Justice Trust မူဝါဒဆိုင်ရာ အစီရင်ခံစာ(၂၀၁၅ မတ်လ)
မိတ္ထီလာက အမုန်းမီးတောက်များ ဆောင်းပါး (ဧရာဝတီ သတင်းဌာန)
မဘသကို ဆန်းစစ်ခြင်း ဆောင်းပါး (မော်ကွန်း သတင်းဌာန)
လွတ်လပ်သော သတင်းဌာနများ၏ သတင်းများ